ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အာရမ္မဏပစ္စည်း - ၂(ဂ)

အာရမ္မဏပစ္စည်း - ၂(ဂ)

ဝိပါက်အမှန် ဇောအပြန်ဟု ဆိုရိုးပြုပုံ

အကျိုးပေး ဝိပါက်ကတော့ အနိဋ္ဌာရုံ မကောင်းတဲ့ အကျိုးပေး ဖြစ်တယ်။ မိမိက အခုလို အသိဉာဏ်ရှိတဲ့အတွက်ကြောင့် အသင့်အတင့် နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ဇောတွေကျတော့ ဘာဇောတွေ စောသွားပါသလဲ .. ကုသိုလ်ဇောတွေ စောသွားပါတယ်။ ဒါကြောင့် ဆရာတော်ကြီးများက "ဝိပါက်အမှန်၊ ဇောအပြန်"လို့ ဆိုရိုးပြုကြပါတယ်။

ဝိပေါက်ကတော့ အမှန်အတိုင်း ကိုယ်ဆိုးခဲ့လို့ မကောင်းတဲ့ ဆိုးကျိုးတွေနှင့် လာတွေ့မနေဘူးလား ... တွေ့ရပါတယ်။ ယခု ပစ္စုပ္ပန်ဘဝမှာ ကိုယ်က ကောင်းတဲ့ဘက်ကနေ နှလုံးသွင်းတတ်တဲ့ အတွက်ကြောင့် ဇောတွေကျတော့ လာဇောတွေ စောသွားပါသလဲ .. ကုသိုလ်ဇောတွေ စောသွားပါတယ်။ နေရာကျလိုက်တာ။ နှလုံးသွင်းတတ်ဖို့ လိုအပ်ပါတယ်။ ယောနိသော မနသိကာရ အလွန်ပဲ ယောဂီများအတွက် ကျေးဇူးများပါတယ်။ ကုသိုလ်ဖြစ်ခြင်းရဲ့ နီးစွာသော အကြောင်း၊ အနီးဆုံး အကြောင်းပဲ ဖြစ်ပါတယ်။ ယောနိသောမနသိကာရ အသင့်အတင့် နှလုံးသွင်းမှုတွေလည်း ရှိနေကြရပါတယ်။

နှလုံးသွင်းမှုဆိုတာ တစ်ခါတစ်ခါလည်း ရတယ်။ တစ်ခါတစ်ခါလည်း မရပေဘူး။ အာရုံတွေက သိပ်ပြင်းထန်လာတဲ့အခါ ကြမ်းတမ်းလာတဲ့အခါ စွဲလမ်းစရာ သာယာစရာ အာရုံတွေဖြစ်လို့ သိပ်စွဲလမ်းမှု နှစ်သက်မှုတွေ ဖြစ်လာတဲ့အခါ တစ်ခါတစ်လေ နှလုံးမသွင်းနိုင်တော့ပေဘူး။ အပြင်းအထန် ဝိသမလောဘတွေ ဖြစ်သွားကြတယ်။ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်တွေပေါ့လေ။ ယခု ယောဂီများအနေနဲ့တော့ အဲဒီဣဋ္ဌာရုံတွေကြောင့်တော့ နှလုံးမသွင်းနိုင်တာတော့ မရှိသလောက် နည်းကြပါတယ်။

အထူးသဖြင့်တော့ အနိဋ္ဌာရုံ ဆန့်ကျင်ဖက် အာရုံတွေ မမြင်ချင်တဲ့ အာရုံတွေ၊ မတွေ့ချင်တဲ့ အာရုံတွေ၊ အလွန်ကြမ်းတမ်းတဲ့ အာရုံတွေနဲ့ သွားတွေ့ရတဲ့အခါ တစ်ခါတစ်ခါ နှလုံးသွင်းလို့ မရတော့ပေဘူး။ စိတ်တွေ ဒေါမနဿတွေ မဖြစ်တတ်ပါဘူးလား ... ဖြစ်တတ်ပါတယ်။ နှလုံးသွင်းမှုက တစ်ခါတစ်ခါလည်း နိုင်တယ်။ တစ်ခါတစ်ခါလည်း မနိုင်ပေဘူး။ ဘာနဲ့နိုင်အောင် ကုစားရမလဲဆိုတော့ ရှုမှတ်မှုနဲ့ ကုစားရမယ်။

ရှုမှတ်မှု့က အနိုင်ဆုံးဖြစ်ပုံ

ရှုမှတ်မှုကတော့ အနိုင်ဆုံးပါပဲ။ ရှုမှတ်မှုလေး ဖြစ်သွားတာနဲ့ ဒီဒေါသ ဒေါမနဿတွေ ဖြစ်ခွင့်မရတော့ဘူး။ 'စိတ်ဆိုးတယ်၊ စိတ်ဆိုးတယ်' 'စိတ်ညစ်တယ်၊ စိတ်ညစ်တယ်'ဟု ရှုရတယ်။ သမာဓိဉာဏ် အားကောင်းရင်တော့ စိတ်ဆိုး စိတ်ညစ်တာတွေ ပျက်ပျက်သွားတာ မြင်ရမယ်။ သမာဓိဉာဏ်က အားနည်းလို့ရှိရင်လည်း မမြင်ရပေဘူး။ မမြင်ရတော့ ဘယ်လိုများ ရှုရမလဲဆိုတော့ ကိုယ်ကာယမှာ ရွှေ့ပြီးတော့ ရှုရမယ်။ မိမိက စိတ်ကိုရှုလို့ မနိုင်ရင် ဘယ်ကို ရွှေ့ရှုရပါ့မလဲ ... ကိုယ်ကာယကို ရွှေ့ပြီးတော့ မှတ်ရမယ်။

ထိုင်လျက်ဆိုရင်လည်း 'ထိုင်တယ်၊ ထိတယ်' 'ထိုင်တယ်၊ ထိတယ်' 'ဖောင်းတယ်၊ ပိန်တယ်' 'ဖောင်းတယ်၊ ပိန်တယ်'လို့ အမှတ်ဖြစ်သွားတာနဲ့ ဒီဒေါသ ဒေါမနဿ ဖြစ်မှ ဖြစ်ပါတော့မလား .. မဖြစ်တော့ပါဘူး။ စိတ်ဟာ တစ်ချိန်တည်းမှာ နှစ်ခုပြိုင်ပြီးတော့ ဖြစ်လို့ မရပေဘူး။ အမှတ်ဖြစ်သွားတာနဲ့ ဒေါသ ဒေါမနဿတွေ တဒင်္ဂ တဒင်္ဂ ကင်းပြတ်သွားတယ်။ ပယ်ပြီးသား ဖြစ်မသွားပါတယ်။

သွားလျက်ဆိုလို့ရှိရင်လည်း 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်' 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်' 'ကြွတယ်၊ ချတယ်' 'ကြွတယ်၊ ချတယ်' 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီဒေါသ ဒေါမနဿတွေ ဖြစ်နေတာ မရှိတော့ဘူး။ အမှတ်က မပယ်လိုက်ပါဘူးလား ... ပယ်လိုက်ပါတယ်။ ရပ်လျက်နဲ့ ဆိုရင်လည်း 'ရပ်တယ်၊ ရပ်တယ်'လို့ မှတ်လိုက်တာနဲ့ အမှတ်ဖြစ်သွားတာနဲ့ ဒေါသ ဒေါမနဿတွေ ဖြစ်ခွင့် မရတော့ပေဘူး။ ဝိပဿနာကတော့ မနိုင်ပါဘူးလား ... နိုင်ပါတယ်။ အနိုင်ဆုံးပဲ။ ယောဂီများကတော့ ဝိပဿနာကို တကယ်အားကိုးကြတာ ဖြစ်တယ်။ အားကိုးရာအစစ် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်သည်သာ အားကိုးရာ အစစ်ဖြစ်ပုံ

အတ္တာဟိ အတ္တနော နာထော၊
ကောဟိ နာထော ပရော သိယာ။

အတ္တာဟိ = မိမိသည်ပင်လျှင်၊ အတ္တနော = မိမိ၏ ၊ နာထော = ကိုးကွယ်ရာဖြစ်၏ ။ ပရော = သူတစ်ပါးသည်၊ ကောဟိ = အဘယ်မှာလျှင်၊ နာထော = ကိုးကွယ်ရာသည်၊ သိယာ = ဖြစ်နိုင်ပါအံ့နည်း။

ကိုယ့်ကိုယ်သည်သာ အားကိုးရာ အစစ်ဖြစ်တယ်။ သူတစ်ပါးဟာ မိမိရဲ့ အားကိုးရာ ဘယ်မှာ ဟုတ်နိုင်ပါ့မလဲ ... ကိုယ့်ကိုယ်ကို ဘယ်လိုအားကိုးရမလဲ ... မြတ်စွားဘုရားက မိန့်ကြားပါတယ်။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတည်း ဟူသော သတိပဋ္ဌာန်တရား(၄)ပါးက ပွားများနေတာ ကိုယ့်ကိုယ်ကို အားကိုးနေတာ ဖြစ်တယ်။ အားမကိုးရပါဘူးလား ... အားကိုးရပါတယ်။ အကုသိုလ်ဆိုတာ ရန်သူတွေ၊ ကုသိုလ်တွေဆိုတာက မိတ်ဆွေတွေ၊ ဆွေမျိုး မိဘတွေပဲ ဖြစ်တယ်။ အကုသိုလ်တွေ ပယ်နိုင်ဖို့ရာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတွေ မပွားများရပါဘူးလား ... ပွားများရပါတယ်။ အားကိုးရာ အစစ်ဖြစ်တယ်။ ယောဂီများ အားကိုးရာ အစစ်ကိုတော့ ရထားလို့ နေရာကျပြီး ဖြစ်တယ်။

ဖြစ်ခိုက်သိမှ သဘောသိပုံ

အဲဒီမှာ ရှုမှတ်ဖို့ရာကတော့ မျက်စိကလည်း ရှုမှတ်ရမယ်၊ မြင်သိစိတ် ဖြစ်ခိုက်မှာ။ နားကလည်း ရှုမှတ်ရမယ်၊ ကြားသိစိတ် ဖြစ်ခိုက်မှာ။ နှာခေါင်းကလည်း ရှုမှတ်ရမယ်၊ နံသိစိတ် ဖြစ်ခိုက်မှာ။ လျှာကလည်း ရှုမှတ်ရမယ်၊ စားသိစိတ် ဖြစ်ခိုက်မှာ။ ကိုယ်ကလည်း ရှုမှတ်ရမယ်၊ ထိသိစိတ် ဖြစ်ခိုက်မှာ။ စိတ်ကလည်း ရှုမှတ်ရမယ်၊ ကြံသိစိတ် ဖြစ်ခိုက်မှာ။ အာရုံ(၆)ပါးက ဒွါရ(၆)ပါး အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်၍ ဝိညာဏ်ဖြစ်တဲ့ အခိုက်အတန့်လေးမှာ ရှုရမယ်။ မဖြစ်ဘဲနဲ့ ရှုနေလို့တော့ မရပေဘူး။ ဖြစ်ခိုက်မှာ ရှုမှတ်ရမယ်။

ဆောင်ပုဒ်။ ။ ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိရမည် ။ သဘောသိမှ၊ ဥဒယ၊ ဝယမြင်နိုင်သည်။

သဘောသိမှ၊ ဖြစ်ပျက် မြင်နိုင်ပုံ

ဖြစ်ခိုက်ကိုရှုမှ သဘာဝ - သဘောလေးတွေကို သိရမယ်။ သဘောကို သိမှ ဥဒယ-က ဖြစ်၊ ဝယ-က ပျက်။ "ဖြစ်ပျက်ကို သိမှ အနိစ္စမြင်၊ အနိစ္စမြင်မှ ဒုက္ခထင်၊ ဒုက္ခထင်မှ အနတ္တမြင်၊ အနတ္တမြင် ၊ နိဗ္ဗာန်ခွင် ၊ ပြေးဝင်ဆိုက်ရောက်သည်" ဆိုတဲ့အတိုင်း အနတ္တဉာဏ်တွေ ပိုင်သွားတဲ့အခါ ယောဂီများ ကောင်းမှုတွေ ပြုတိုင်း ပြုတိုင်း ဆုတောင်းခဲ့တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတာပါပဲ။

မျက်စိ နား နှာ လျှာ ကိုယ် စိတ် လို့ဆိုတဲ့အတိုင်း အစဉ်အတိုင်းတော့ မျက်စိကစပြီး ဟောရမှာပါပဲ။ ဝိပဿနာဉာဏ်တွေ ထူထောင်ရတာတော့ ဘယ်ကနေစပြီးတော့ ထူထောင်ရပါသလဲဆိုရင် ကာယကနေစပြီး ထူထောင်နေရတယ်။ ဝိပဿနာဉာဏ်တွေ အားရှိထက်သန်လာတဲ့အခါကျတော့ မျက်စိကလည်း ရှုလို့ရ၊ နားကလည်း ရှုလို့ရ၊ နှာခေါင်းကလည်း ရှုလို့ရ၊ လျှာကလည်း ရှုလို့ရ၊ ကိုယ်ကလည်း ရှုလို့ရ၊ စိတ်ကလည်း ရှုလို့ရတာ ဖြစ်သွားတာပါပဲ။ ဟောကြားတဲ့ အစဉ်အတိုင်း ရှုမှတ်ပုံလေးတွေကို အတိုချူပ်တော့ ထည့်ပြီးတော့ ဟောရမှာဖြစ်တယ်။

မျက်စိမှာ ရူပါရုံအဆင်း လာတိုက်တဲ့အခါ တိုက်ခိုက်လေးမှာ၊ မြင်သိစိတ် ဖြစ်ခိုက်လေးမှာ 'မြင်တယ်၊ မြင်တယ်'လို့ပဲ မရှုမှတ်ရပါဘူးလား ... ရှုမှတ်ရပါတယ်။ သာမန်ပုဂ္ဂိုလ်တွေအနေနဲ့တော့ မြင်တာကို 'မြင်တယ်၊ မြင်တယ်' လို့ရှုတာ ဘာများ ထူးပါလိမ့်မလဲ ... ဝိပဿာနာ အခြေခံမရှိတဲ့ ပုဂ္ဂိုလ်တွေ စိတ်မှာ ဒီလို ဖြစ်သွားနိုင်ပါတယ်။

ဝိပဿနာ အခြေခံရှိတဲ့ ပုဂ္ဂိုလ်များကျတော့ 'မြင်တယ်၊ မြင်တယ်'လို့ ရှုရတာ အလွန် ထူးခြားတာပါပဲ။ မြင်ခါမျှမတ္တမှာ တည်အောင် ရှုရတယ်။ မြင်ခါမျှမတ္တမှာ တည်အောင် ရှုလိုက်တဲ့အခါ ကုသိုလ်တွေ ဖြစ်သွားတာပါပဲ။ ယောဂီများအနေနဲ့ မြင်ခါမျှမတ္တမှာ တည်အောင်ရှုဖို့ရာ မခဲယဉ်းလှပါဘူး။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့တော့ ဘယ်လိုပြောတဲ့ စကားလဲလို့တောင် ထင်သွားကြတယ်။

စင်္ကြံလျှောက်နေတဲ့ ယောဂီမှာ အမှတ်တွေက ကောင်းလို့ ကြွတယ်၊ လှမ်းတယ်၊ ချတယ်လို့ မှတ်နေရာတွင် ကြွလိုက်တဲ့အခါ ပေါ့ပေါ့တက်သွားတာ၊ လှမ်းလိုက်တဲ့အခါ ပေါ့ပေါ့ပြီးတော့ ရွေ့သွားတာ၊ ချလိုက်တဲ့အခါ လေးလေးပြီးတော့ ကျသွားတာ မြင်နေ၍ အမှတ်တွေ ကောင်းနေခိုက်မှာ ယောဂီအနားမှာ လူတစ်ယောက် ဖြစ်သွားလိုက်တဲ့အခါ ယောဂီနားက ဖြစ်သွားတာ ဘယ်သူပါလဲလို့ မေးလိုက်လျှင် လူတစ်ယောက်တော့ ဖြစ်သွားတာပဲ၊ ဘယ်သူလဲတော့ မသိပါဘူး၊ အမျိုးသားလား၊ အမျိုးသမီးလား၊ ကွဲမှ ကွဲပြားပါရဲ့လား ... မကွဲပြားပါဘူး။

မြင်လျှင် မြင်ခါမျှမတ္တမှာ မတည်သွားပါဘူးလား ... တည်သွားပါတယ်။ ရှုမှတ်နေတော့ လူတစ်ယောက် ဖြစ်သွားတာကိုတော့ သိလိုက်တယ်။ အမျိုးသားလား၊ အမျိုးသမီးလား၊ အရပ်က မြင့်သလား၊ နိမ့်သလား၊ အသားက မဲသလား၊ ဖြူသလား၊ သိမှ သိပါရဲ့လား ... မသိပါဘူး။ မြင်ခါမျှမတ္တမှာ တည်သွားတာ ဖြစ်တယ်။ မြင်လျှင် မြင်ခါမျှမတ္တမှာဆိုတာ ယောဂီများလို သမာဓိဉာဏ် အခြေခံရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်တော့ သိပ်တော့ မခက်လှပါဘူး။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။
ဒိဋ္ဌေ = မြင်အပ်သော အဆင်းရူပါရုံ၌၊ ဒိဋ္ဌမတ္တံ = မြင်ကာမျှ ဖြစ်သောစိတ်သည်၊ ဘဝိဿတိ = ဖြစ်လတ္တံ (ဝါ) မြင်ခါမျှမတ္တမှာ တည်အောင်ရှုရမည် ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွားဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ ပါပေသတည်း .... ။
သာဓု ... သာဓု ... သာဓု ။

ရူပါရုံအဆင်း မျက်စိအကြည်မှာ လာတိုက်တဲ့အခါ 'မြင်တယ်၊ မြင်တယ်'လို့ မြင်ခါမျှမတ္တမှာပဲ တည်အောင်ရှုရမယ်လို့ မြတ်စွာဘုရား မိန့်ကြားတော်မူပါတယ်။ မြင်ခါမတ္တမှာ တည်အောင် ရှုဖို့ရာမှာ အဆင့်ဆင့် ရှုရင်တော့ ပိုပြီး မြင်ခါမျှမတ္တ တည်သွားနိုင်ပါတယ်။

အမှတ်တွေကောင်းနေတဲ့ စင်္ကြိလျှောက်နေသည့် ယောဂီပုဂ္ဂိုလ်မှာ မြင်စရာ ကြည့်စရာတစ်ခုပေါ်လာ၍ ကြည့်ရတော့မယ် ဆိုလို့ရှိရင် ရှေးဦးစွာ ကြည့်ချင်တဲ့စိတ်တွေ အရင်ဖြစ်နေတာ မထင်ရှားပါဘူးလား ... ထင်ရှားပါတယ်။ ထင်ရှားနေတော့ 'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'လို့ မှတ်လို့မရပါဘူးလား ... မှတ်လို့ရပါတယ်။ ကြည့်ချင်စရာ အာရုံသည် မိမိအတွက် ဘာမျှ အကျိုးမရှိဘူးဆိုရင် မကြည့်တော့ပေဘူး။ 'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'နဲ့ပဲ ရပ်လို့ရသွားတယ်။ မကြည့်ဖြစ်တော့ပေဘူး။

မကြည့်မဖြစ်တဲ့ အာရုံဖြစ်လို့ ကြည့်မှ ဖြစ်မယ်ဆိုရင်တော့ 'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'လို့ ရှေးဦးစွာ ရှုမှတ်ရပါတယ်။ ထို့နောက်မှ ကြည့်တဲ့ မျက်လုံး အမူအရာတွေ ဖြစ်လာတယ်။ အပေါ်မျက်ခွံက အပေါ်သို့တက်၊ အောက်မျက်ခွံက အောက်သို့ကျ၊ အတွင်းက အားယူနေတာကို 'ကြည့်တယ်၊ ကြည့်တယ်'လို့ ရှုမှတ်ရပေတယ်။ (၃)ဆင့် ရှုမှတ်လိုက်လျှင် မြင်ခါမျှမတ္တ တည်အောင် ရှုမှတ်လို့ ရသွားကြပါတယ်။

ရှုမှတ်၍ ကြည့်ရာတွင် ကုသိုလ်(၃)မျိုး ရရှိနိုင်ပုံ

'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'လို့ မှတ်ရတာက ကြည့်ချင်တဲ့ စိတ်ကို မှတ်ရတဲ့အတွက်ကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်အနေနဲ့ ကုသိုလ်တွေ ရပေတယ်။ 'ကြည့်တယ်၊ ကြည့်တယ်'လို့ ရှုမှတ်တဲ့ အခါကျတော့ မျက်လုံးအမူအရာ ကိုယ်ကာယကို ရှုမှတ်ရတဲ့အတွက်ကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်အနေနဲ့ ကုသိုလ်တွေ ရပေတယ်။ 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်ရတဲ့ အခါကျတော့ မြင်ခါမျှမတ္တသဘောကို ရှုမှတ်ရတဲ့အတွက်ကြောင့် ဓမ္မာနုပဿနာ သတိပဋ္ဌာန်အနေနဲ့ ကုသိုလ်တွေရပေတယ်။ ဤကဲ့သို့ တစ်ခါကြည့်လိုက်ရင် ကုသိုလ်တွေ (၃)မျိုး ရရှိသွားနိုင်ပေတယ်။

ဥပ္ပန္နုပ္ပန္နာနံ သင်္ခါရာနံ ခယမေဝ ပဿတိ။
ဥပ္ပန္နုပ္ပန္နာနံ = ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော၊ သင်္ခါရာနံ = သင်္ခါရတရား ရုပ်နာမ် နှစ်ပါးတို့၏ ၊ ခယမေဝ = ကုန်ခြင်းကိုသာလျှင်၊ ပဿတိ = ရှု၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော် မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ။

ယောဂီများရဲ့သန္တာန်မှာ အကျဉ်းချူပ်အားဖြင့် ရုပ်တရား နာမ်တရား နှစ်ပါးပဲ ရှိပါတယ်။ အဲဒီ ရုပ်တရား နာမ်တရား နှစ်ပါးလုံးသည်လည်း ဖြစ်ပြီးတာနဲ့ ကုန်ပျက်၊ ဖြစ်ပြီးတာနဲ့ ကုန်ပျက်သွားတာပါပဲ။ တစ်ခဏလေးတောင် မတည်ပေဘူး။ အဲဒီ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီးတော့ ရှုမှတ်တတ်တာဟာလည်း ဣနြေ္ဒထက်ကြောင်းတရား တစ်ပါးဖြစ်တယ်။ တရားတွေ မြန်မြန်တွေ့၊ တရားထူး တရားမြတ်တွေ မြန်မြန်ရဖို့ရာ ဖြစ်တယ်။

ဆောင်ပုဒ်။ ။ ဖြစ်တိုင်းရုပ်နာမ်၊ ချူပ်ပျက်ဟန်၊ ဧကန်ရှုရမည်။

ရုပ်တရား နာမ်တရားနှစ်ပါးလုံး ကုန်ပျက် ချူပ်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုမှတ်တတ်တာဟာလည်း ဣနြေ္ဒထက်ကြောင်း တရားတွေတက်ကြောင်း တစ်ပါးဖြစ်ပေတယ်။ ဖောင်းတယ်၊ ပိန်တယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဟု ရှုမှတ်နေတဲ့အခါမှာ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီးတော့ ရှုမှတ်ပေးရမယ်။ ဖောင်းတယ်လို့ ရှုမှတ်တဲ့အခါမှာ ရှုမှတ်ပြီးတာနဲ့ ဖောင်းတာလေး မရှိတော့ပေဘူး။ ပိန်တယ်လို့ ရှုမှတ်ရတာ အသစ်လား ... အဟောင်းလား .. အသစ်ပဲ ဖြစ်ပေတယ်။ ရှုမှတ်ပြီးတာနဲ့ ကုန်သွားပြီး ပျက်သွားတာကို သိနိုင်လောက်အောင် စိတ်ကို စူးစိုက်ထားရမယ်။ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ထားရပေတယ်။

ဆက်ရန် .... အာရမ္မဏ ၂(ဃ)သို့

1 comments:

luminnkhaung said... @ July 4, 2009 at 7:30 PM

တကယ့် ကိုတနဖိုရဗျ လွန်းတဲ့ စာတွေ ကို ဖက် လက်ရေးသားနိုင် ပါစေ။


လေးစားစွာဖြင့် ဥပသကာ

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်