ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အာရမ္မဏပစ္စည်း - ၂(ခ)

အာရမ္မဏပစ္စည်း - ၂(ခ)

တယောဥပမာ

ဥပမာအားဖြင့် အဋ္ဌကထာဆရာတွေက၊ ထိုထိုဆရာတွေက၊ ပညာရှိပုဂ္ဂိုလ်တွေက ဖွင့်ပြကြတယ်။ အတိုက်ဓာတ်ရယ်၊ အခံဓာတ်ရယ်၊ အပွင့်ဓာတ်ရယ် ဖြစ်ပေါ်နေပုံ ဥပမာနှင့် ပြကြတယ်။ တယောကြိုးရယ်၊ တယောတံရယ်၊ တယော၏ အသံရယ် .ဘယ်နှစ်မျိုးပါလဲ ... သုံးမျိုးပါ။ တယောတံနဲ့ အတိုက်ဓာတ် အာရုံ(၆)ပါးနဲ့ တူတယ်။ တယောကြိုးနှင့် အခံဓာတ် အကြည်ဓာတ် (၆)ဖြာနှင့် တူတယ်။ တယော၏ အသံနှင့် အပွင့်ဓာတ် ဝိညာဏ်(၆)ပါး နှင့်တူတယ်။

တယောကြိုးရယ်၊ တယောတံရယ်၊ တယော၏ အသံရယ် ရှိနေသကဲ့သို့ မိမိတို့ သန္တာန်မှာလည်း ဝိညာဏ်(၆)ပါး ဖြစ်နေတယ်။ အဲဒီဝိညာဏ်(၆)ပါးဖြစ်တဲ့ အခိုက်အတန့်ကလေးမှာ ဝိပဿနာရှုရတာ ဖြစ်တယ်။ ရှုလို့ရတာပါပဲ။ 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ကြားတယ်' 'နံတယ်၊နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' 'ကြံစည်တယ်၊ စိတ်ကူးတယ်'လို့ ရှုလို့မရပါဘူးလား .. ရှုလို့ရပါတယ်။ အဲဒီဝိညာဏ်(၆)ပါး ဖြစ်ခိုက်ကလေးမှာ ပစ္စုပ္ပန်တည့်အောင် ရှုနိုင်တယ်။ ရှုလို့ရသွားပြီးဆိုရင်တော့ ယောဂီများ အောင်မြင်သွားပြီ ဖြစ်တယ်။

နောက်တစ်နည်း ထင်ရှားအောင် ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မီးခြစ်ဆံရယ်၊ မီးခြစ်ဘူးရယ်၊ မီးတောက်ကလေးရယ် ဘယ်နှစ်မျိုးပါလဲ ... သုံးမျိုးပါ။ မီးခြစ်ဆံထဲမှာလည်း မီးတောက်ကလေး မရှိသေးဘူး၊ မီးခြစ်ဘူးထဲမှာလည်း မီးတောက်ကလေး မရှိသေးဘူး၊ မီးခြစ်ဆံနှင့် မီးခြစ်ဘူးကို ခတ်လိုက်တဲ့အခါကျမှ မီးတောက်ကလေး ဖြစ်လာပါတယ်။ မီးခြစ်ဆံက အတိုက်ဓာတ်၊ မီးခြစ်ဘူးက အခံဓာတ်၊ မီးတောက်ကလေးက အပွင့်ဓာတ်ပါ။ သိပ်ထင်ရှားတယ်။

ယောဂီများရဲ့သန္တာန်မှာ ဝိညာဏ်(၆)ပါး ဖြစ်နေတာ အဲဒီအတိုင်းပါပဲ။ ဘာကလေးနှင့်တူပါသလဲ .. မီးတောက်ကလေးနှင့် တူပါတယ်။ ပွင့်ပွင့်သွားတာပဲ။ အဲဒီပွင့်သွားတဲ့ အခိုက်အတန့်မှာ 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ကြားတယ်' 'နံတယ်၊နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' 'ကြံစည်တယ်၊ စိတ်ကူးတယ်'လို့ မမှတ်ရပါဘူးလား .. မှတ်ရပေတယ်။ ဝိပဿနာရှုဖို့ရာ အချက်အချာတွေပါပဲ။

အကြည်ဓာတ်(၆)ဖြာကို ဒွါရဟူ၍လည်း ခေါ်ဆိုပုံ

အဲဒီအကြည်ဓာတ်(၆)ဖြာကို စာပေကျမ်းဂန်တွေမှာ ဒွါရလို့လည်း ခေါ်ပါတယ်။ စက္ခုဒွါရ = မျက်စိပေါက်၊ သောတဒွါရ = နားပေါက်၊ ဃာနဒွါရ = နှာခေါင်းပေါက်၊ ဇိဝှါဒွါရ = လျှာပေါက်၊ ကာယဒွါရ = ကိုယ်ပေါက်၊ မနောဒွါရ = စိတ်အပေါက်တို့ကို ဒွါရလို့ ခေါ်ပါတယ်။ ဘာကြောင့် ဒွါရလို့ ခေါ်ရသလဲဆိုတော့ တံခါးနဲ့ တူလို့ပဲ။

ဒွေ ဇနာ အရ န္တိ ဂစ္ဆ န္တိ ဧတ္ထာဟိ ဒွါရံ။

ဒွေ ဇနာ = နှစ်ယောက်ကုန်သော သူတို့သည်၊ ဧတ္ထ = ဤနေရာ၌၊ အရ န္တိ ဂစ္ဆ န္တိပဝတ္တန္တိ = ဖြစ်တတ်ကုန်၏ ။ ဣတိတသ္မာ = ထိုသို့ နှစ်ယောက်သောသူတို့၏ ဖြစ်ရာဋ္ဌာန ဖြစ်တဲ့အတွက်ကြောင့်၊ ဒွါရံ = ဒွါရမည်၏ (ဝါ) တံခါးမည်၏ ။

တံခါးဆိုတာ လူနှစ်ယောက်တို့ရဲ့ ဖြစ်ရာဋ္ဌာန။ ဝင်တဲ့သူကလည်း ဒီတံခါးကပဲ မဝင်ရပါဘူးလား ... ဝင်ရပါတယ်။ ထွက်တော့ကော ဒီတံခါးကပဲ ထွက်တယ်။ ထွက်သူ ဝင်သူ နှစ်ယောက်ဖြစ်ရာ ဋ္ဌာနကို တံခါးလို့ ခေါ်ပါတယ်။

စက္ခုဒွါရ - မျက်စိတည်းဟူသောတံခါး၊ သောတဒွါရ - နားတည်းဟူသောတံခါး၊ ဃာနဒွါရ - နှာခေါင်းတည်းဟူသောတံခါး၊ ဇိဝှါဒွါရ - လျှာတည်းဟူသောတံခါး၊ ကာယဒွါရ - ကိုယ်တည်းဟူသောတံခါး၊ မနောဒွါရ - စိတ်တည်းဟူသောတံခါး။ ဒီတံခါးတွေကလည်း ဒီအတိုင်းပါပဲ။ စိတ်ဝိညာဏ်တွေ ထွက်ရာဝင်ရာ နေရာဋ္ဌာနဖြစ်တယ်။ စက္ခုဒွါရ - မျက်စိတံခါးက မြင်သိစိတ်ကလေး ထွက်ရာဝင်ရာ ဖြစ်တယ်။ မြင်သိစိတ်ကလေး ဖြစ်တာလည်း ဒီမျက်စိအကြည် စက္ခုဒွါရမှာပဲ ဖြစ်လိုက်တယ်။ ပျက်သွားတဲ့ အခါကျတော့လည်း ဒီမျက်စိအကြည် စက္ခုဒွါရမှာပဲ ပျက်သွားတာပဲ ဖြစ်တယ်။ အဲဒါလေးကို မြင်အောင်ရှုနိုင်ရမယ်လို့ ဆိုလိုပါတယ်။ ဖြစ်တာကိုလည်း မြင်အောင် ရှုနိုင်ရမယ်။ ပျက်သွားတာကိုလည်းပဲ မြင်အောင် ရှုနိုင်ရပါမယ်။ ရှုနိုင်မယ်ဆိုရင်တော့ ယောဂီများ အောင်မြင်သွားပါပြီ။ မရှုနိုင်သေးရင်တော့ မအောင်မြင်သေးပေဘူး။ မျက်စိက မအောင်မြင်သေးဘူးလို့ ဆိုရမှာပဲ ဖြစ်တယ်။

နားအကြည်ကလည်း ဒီအတိုင်းပဲ။ ကြားသိစိတ်ကလေး ဖြစ်တဲ့အခါလည်း ဒီနားအကြည် = သောတဒွါရမှာပဲ ဖြစ်တယ်။ ပျက်သွားတဲ့အခါမှာလည်း သောတဒွါရ = နားအကြည်ပေါ်မှာပဲ ပျက်သွားတယ်။ ဖျတ်ခနဲဆို ဖြစ်ပြီးတော့ ဖျတ်ခနဲဆို ပျက်သွားတာပဲ ဖြစ်တယ်။ အဲဒီ ဖြစ်ပြီးတော့ ပျက်သွားတာလေးကို မီအောင် ရှုနိုင်ရင်တော့ ယောဂီများအတွက် အောင်မြင်ပါပြီ။

ဥဒယဗ္ဗယဉာဏ် ရောက်လာတဲ့အခါကျတော့ 'ကြားတယ်၊ ကြားတယ်'လို့ မှတ်လိုက်လို့ရှိရင် ကြားသိစိတ်ကလေးက ဖြစ်ပြီးတော့ ပျောက်သွား၊ ဖြစ်ပြီးတော့ ပျောက်သွားတာ အနည်းငယ် ထင်ရှားလာတယ်။ သမာဓိဉာဏ်များ ရင့်ကျက်လာပြီးတော့ ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းသို့ ရောက်လာရင် ပိုပြီးတော့ ဖြစ်တာ ပျက်တာတွေ ထင်ရှားတယ်။ နောက်ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါကျတော့ ဖြစ်တာကတော့ မထင်ရှားတော့ပေဘူး။ ပျက်ပျက်သွားတာပဲ ထင်ရှားတယ်။ ကြားတယ်၊ ကြားတယ်လို့ မှတ်လိုက်ရင် ကြားသိစိတ်ကလေး ကုန်ပျက်သွားတာ ယောဂီဟောင်းများ သမာဓိဉာဏ် ရင့်ကျက်လာတဲ့ ပုဂ္ဂိုလ်များ မြင်ကြပါတယ်။ မြင်နိုင်ပါတယ်။

ကြားသိစိတ် ဖြစ်ရာ ပျက်ရာ ဌာနဖြစ်လို့ သောတဒွါရလို့ ခေါ်ရတယ်။ တံခါးဟာ လူနှစ်ယောက်တို့၏ ထွက်တဲ့လူနှင့် ဝင်တဲ့လူနှစ်ယောက်တို့၏ ဖြစ်ရာဌာနကို တံခါးခေါ်ရသကဲ့သို့ မြင်သိစိတ်၊ ကြားသိစိတ်တို့၏ ဖြစ်ရာ ပျက်ရာဌာနကို စက္ခုဒွါရ ၊ သောတဒွါရလို့ မခေါ်ရပါဘူးလား ... ခေါ်ရပါတယ်။ ဃာနဒွါရလည်း ဒီအတိုင်း၊ ဇိဝှါဒွါရလည်း ဒီအတိုင်း၊ ကာယဒွါရလည်း ဒီအတိုင်း၊ မနောဒွါရလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အကြည်ဓာတ်(၆)ဖြာ၊ ဒွါရ(၆)ပါးဟာ ဝိညာဏ်(၆)ပါးတို့ရဲ့ ဖြစ်ရာပျက်ရာ နေရာဌာန ဖြစ်တယ်။ ဒါကြောင့် သူတို့ကို ဒွါရလို့လည်း ခေါ်ရတယ်။

ပကတိသော တံခါးကကြီးမှာ လူနှစ်ယောက် ဝင်ရာထွက်ရာဌာန ဖြစ်သလို ဒွါရ(၆)ပါးဟာလည်း ဝိညာဏ်(၆)ပါးရဲ့ ဖြစ်ရာပျက်ရာ နေရာဌာန ဖြစ်တယ်။ အဲဒီ ဖြစ်တာ ပျက်တာကို မီအောင်ရှုနိုင်ရင်တော့ နေရာကျသွားပါပြီ။ အဲဒီ ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတဲ့အခါ နှလုံးသွင်းနိုင်တယ် ဆိုလို့ရှိရင်လည်း ကုသိုလ်ဖြစ်ပါတယ်။ နှလုံးမသွင်းနိုင်ဘူးဆိုလို့ရှိရင် ကုသိုလ် မဖြစ်တော့ ဘာဖြစ်မလဲ .. အကုသိုလ်ဖြစ်တယ်။

ဒီဒွါရ - အကြည်ဓာတ်(၆)ဖြာမှာတော့ အာရုံ(၆)ပါးက အမြဲတမ်း တိုက်မနေဘူးလား .. တိုက်နေပါတယ်။ အမြဲတမ်း တိုက်နေတယ်။ တိုက်လိုက်လို့ ဝိညာဏ်(၆)ပါး ဖြစ်ခိုက်မှာ နှလုံးသွင်းမှု ဖြစ်ရင်လည်း ကုသိုလ်ဖြစ်ပါတယ်။ ဝိပဿနာ ရှုနိုင်မယ်ဆိုလို့ရှိရင်လည်း ကုသိုလ်ဖြစ်ပါတယ်။ နှလုံးလည်း မသွင်းနိုင်ဘူး၊ ဝိပဿနာလည်း မရှုနိုင်ဘူးဆိုရင်တော့ ဘာဖြစ်ပါမလဲ ... အကုသိုလ်ဖြစ်မှာပါ။ ကုသိုလ်၊ အကုသိုလ်တွေ ဒီဒွါရတွေကပဲ မဖြစ်နေပါဘူးလား ... ဖြစ်နေပါတယ်။ ဒီဌာနတွေကပဲ ဖြစ်နေပါတယ်။ အကုသိုလ်ချည်းပဲ ဖြစ်တာများနေရင်တော့ နေရာကျမှ ကျပါ့မလား .. နေရာမကျပါ။ လူဖြစ်ရကျိုး မနပ်တော့ပါဘူး။ ကုသိုလ်များများ ဖြစ်ဖို့ရာ သိပ်အရေးကြီးတယ်။ နှလုံးသွင်းမှုလည်း ရှိရမယ်။ ရှုမှတ်မှုလည်း ရှိရမယ်။

နှလုံးသွင်းမှု၊ ရှုမှတ်မှု ပြုပါက ကုသိုလ်ဖြစ်ပုံ

ဆောင်ပုဒ်။ ။ နှလုံးသွင်းမှု၊ ရှုမှတ်မှု၊ ပြုက ကုသလာ။

နှလုံးသွင်းတတ်မယ် ဆိုလို့ရှိရင်လည်း၊ နှလုံးသွင်းမှု ရှိမယ်ဆိုလို့ ရှိရင်လည်း ကုသိုလ်ဖြစ်နိုင်ပါတယ်။ ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတဲ့အခါမှာ ရှုမှတ်မှုရှိမယ်ဆိုလို့ ရှိရင်လည်း ဝိပဿနာကုသိုလ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကုသိုလ်ဖြစ်ကြောင်း အချက်(၂)ပါးကိုတော့ သိထားရပြီ ဖြစ်တယ်။ အကုသိုလ်ဖြစ်ကြောင်း အချက်(၂)ပါးကိုလည်း သိထားသင့်ပါတယ်။

နှလုံးသွင်းမှု၊ ရှုမှတ်မှု မပြုပါက အကုသိုလ် ဖြစ်ပုံ

ဆောင်ပုဒ်။ ။ နှလုံးမသွင်း၊ ရှုမှတ်ကင်း၊ ဖြစ်ခြင်းအကုသာ။

နှလုံးလည်း မသွင်းဘူး၊ နှလုံးလည်း မသွင်းတတ်ဘူး၊ ရှုမှတ်မှုလည်း မရှိဘူး၊ ရှုမှတ်မှုလည်း မတတ်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ဘာတွေဖြစ်တာ များနေပါ့မလဲ ... အကုသိုလ်တွေဖြစ်တာ များနေပါတယ်။ အကုသိုလ်တွေဖြစ်တာ များနေရင်တော့ လူဖြစ်ရကျိုးကော မနပ်တော့ဘူး။

ဒုတိယဘဝအတွက် ယုတ်နိမ့်ရာဘုံဘဝသို့ ရောက်သွားဖို့သာ ရှိတော့တယ်။ ဒါကြောင့် အရေးကြီးပါတယ်။ အာရုံ(၆)ပါးက ဒွါရ(၆)ပါး အကြည်ဓာတ်(၆)ဖြာမှာ လာပြီးတော့ တိုက်တဲ့အခါ ဝိညာဏ်(၆)ပါး ဖြစ်ခိုက်မှာ နှလုံးသွင်းတတ် ရှုမှတ်တတ်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် အားထုတ်ပြီးတော့ နေကြရတာဖြစ်တယ်။

အာရဒ္ဓဝီရိယော ဝိဟရတိ
အကုသလာနံ ဓမ္မာနံ ပဟာနယ
ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ

အာရဒ္ဓဝီရိယော = အားထုတ်အပ်သော လုံ့လဝီရိယရှိသည်ဖြစ်၍၊ ဝိဟရတိ = နေရ၏ ။ အကုသလာနံ ဓမ္မာနံ = အကုသိုလ်တရားတို့ကို၊ ပဟာနာယ = ပယ်ခြင်းငှာ၊ ကုသလာနံ ဓမ္မာနံ = ကုသိုလ်တရားတို့ကို၊ ဥပသမ္ပဒါယ = ပြည့်စုံစေခြင်းငှာ၊ အာရဒ္ဓဝီရိယော = အားထုတ်အပ်သော လုံ့လဝီရိယရှိသည်ဖြစ်၍၊ ဝိဟရတိ = နေရ၏ ၊ (ဝါ) နေရမယ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွားပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ။

မိမိတို့ကို ဒုက္ခပေးတတ်တဲ့ အကုသိုလ်တရားတွေကို ပယ်ဖို့ရာ ကုသိုလ်တရားတွေ ပြည့်စုံလာစေဖို့ရာ၊ ပြည့်စုံစေဖို့ရာ အားထုတ်ပြီးတော့ နေကြရမယ်။ ဘယ်သူ မိန့်ကြားတာပါလဲ .. မြတ်စွာဘုရား မိန့်ကြားတာဖြစ်တယ်။ အင်မတန်ပဲ သတိထားစရာဖြစ်တယ်။ အကုသိုလ်တရားတွေ ပယ်နိုင်ရအောင် ကုသိုလ်တရားတွေကို ပြည့်စုံလာရအောင် အားထုတ်ပြီးတော့ နေကြရမယ်။ ဘယ်လိုနေရမလဲ ဆိုပါလျှင် နှလုံးသွင်းမှု ရှိရမယ်။ ရှုမှတ်မှု ရှိရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

နှလုံးမသွင်းတတ်ဘူး ဆိုလို့ရှိရင် အကုသိုလ်ဖြစ်တာ သိပ်ထင်ရှားတယ်။ ကောင်းတဲ့ဣဋ္ဌာရုံတွေ မျက်စိ နား နှာ လျှာ ကိုယ် စိတ်တည်းဟူသော အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တယ်။ အဆင်းကောင်းကောင်း အနံ့ကောင်းကောင်း အသံကောင်းကောင်း အရသာကောင်းကောင်း အတွေ့အထိကောင်းကောင်း အာရုံကောင်းကောင်းတွေ မျက်စိ နား နှာ လျှာ ကိုယ် စိတ်မှာ လာတိုက်တယ်။ နှလုံးမသွင်းတတ်ဘူးဆိုရင် အလွန်နှစ်သက် သာယာစွဲလမ်းတဲ့ သဘောတွေ မဖြစ်ပါဘူးလား .. ဖြစ်ပါတယ်။ လောဘဆိုတဲ့ အကုသိုလ် အကုသိုလ်တွေ ဖြစ်ကြတယ်။

ဆန့်ကျင်ဖက်ဖြစ်တဲ့အာရုံတွေ မမြင်ချင်တဲ့ အဆင်းတွေ၊ မကြားချင်တဲ့ အသံတွေ၊ မတွေ့ချင်တဲ့ အတွေ့တွေ၊ ဆန့်ကျင်ဘက် အာရုံတွေနဲ့ လာတွေ့ရတဲ့အခါကျတော့ နှလုံးမသွင်းတတ်လို့ရှိရင် ဒေါမနဿ ဒေါသတွေဖြစ်ကြတယ်။ အကုသိုလ်တွေ မဖြစ်ကြပါဘူးလား... ဖြစ်ကြပါတယ်။ နှလုံးမသွင်းတတ်လို့ရှိရင်တော့ ကောင်းတဲ့အာရုံနဲ့ တွေ့တဲ့အခါမှာ လောဘ၊ မကောင်းတဲ့ အနိဋ္ဌာရုံတွေနဲ့ တွေ့တဲ့အခါကျတော့ ဒေါသ ဒေါမနဿ အကုသိုလ်တွေ ဖြစ်ကြရတယ်။

ကောင်းတဲ့ ဣဋ္ဌာရုံ၌ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းပုံ

ကောင်းတဲ့ဣဋ္ဌာရုံတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုနှလုံးသွင်းရမလဲ .. မလိုအပ်ပါဘူးလား ... လိုအပ်ပါတယ်။ ကောင်းတဲ့ဣဋ္ဌာရုံတွေနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်လိုနှလုံးသွင်းရပါ့မလဲဆိုရင် ကောင်းတဲ့အာရုံတွေနဲ့ မိမိလာတွေ့နေတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား ... မကောင်းခဲ့လို့လား ... ကောင်းခဲ့လို့ပါ။ ကောင်းတဲ့ ကုသိုလ်တရားတွေ ပြုခဲ့လို့၊ ကောင်းတဲ့ ကုသိုလ်ကံတွေ ပြုခဲ့လို့ ကောင်းတဲ့ အာရုံ အမျိုးမျိုးတွေနဲ့ လာတွေ့နေရတာ ဖြစ်တယ်။

နောင်တစ်ချိန် အနာဂတ်ဘဝတွေမှာလည်း ဒီလို ကောင်းတဲ့ အာရုံတွေနဲ့ တွေ့ပြီးတော့ အကောင်းမြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရောက်သွားဖို့ရာ မလိုအပ်ပါဘူးလား ... လိုအပ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ကုသိုလ်တရားတွေ ကောင်းမှုကုသိုလ်တွေကို ရှေ့ကထက်ပိုပြီး ကြိုးစားအားထုတ်ရမယ်။ အားထုတ်မှ တော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ ကုသိုလ်ဖြစ်မသွားပါဘူးလား .... ဖြစ်သွားပါတယ်။ ရှေ့က မိမိကောင်းခဲ့လို့ ကောင်းတဲ့အာရုံတွေနဲ့ တွေ့ရတာဖြစ်တယ်။ နောင်တစ်ချိန်မှာလည်း ကောင်းတဲ့အာရုံတွေနဲ့ တွေ့ဖို့ရာ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားဖို့ရာ ကောင်းတဲ့ကုသိုလ်တွေ ပြုမှတော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်မဖြစ်သွားပါဘူးလား ... ကုသိုလ်ဖြစ်သွားပါတယ်။

မကောင်းတဲ့ အနိဋ္ဌာရုံ၌ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းပုံ

မကောင်းတဲ့ အနိဋ္ဌာရုံနဲ့ တွေ့ရတဲ့အခါ မမြင်ချင်တာတွေ၊ မကြားချင်တာတွေ၊ မတွေ့ချင်တာတွေနဲ့ တွေ့ရတဲ့အခါ ကုသိုလ်ဖြစ်အောင် ဘယ်လိုများ နှလုံးသွင်းရပါ့မလဲဆိုတော့ ဒီမကောင်းတဲ့ အနိဋ္ဌာရုံတွေနဲ့ မိမိတွေ့နေရတာ မိမိအတိတ်ဘဝများက ကောင်းခဲ့လို့လား ... မကောင်းခဲ့လို့လား ... မကောင်းခဲ့လို့ပါ။ မကောင်းခဲ့လို့ ဒီလို အနိဋ္ဌာရုံတွေ၊ မကောင်းကျိုးတွေနဲ့ လာတွေ့နေရတာလို့ ဒီလိုသိသွားတာနဲ့ တစ်ပြိုင်နက် မသက်သာသွားပါဘူးလား ... သက်သာသွားပါတယ်။

မကောင်းတဲ့ အနိဋ္ဌာရုံတွေကို ဘာနဲ့များ ကျော်လွန်နိုင်ပါ့မလဲ .. မကောင်းတာတွေနဲ့တော့ မကျော်လွန်နိုင်ပေဘူး။ စိတ်တွေ ညစ်နွမ်းပြီး အကုသိုလ်တရားတွေနဲ့ ကျော်မှ ကျော်လွန်နိုင်ပါ့မလား .. မကျော်လွန်နိုင်ပါဘူး။ ဘာနဲ့ ကျော်လွန်နိုင်သလဲဆိုတော့ ကုသိုလ်တရားတွေနဲ့ ကျော်လွန်နိုင်တယ်။ ကုသိုလ်တရားနဲ့မှ ကျော်လွန်နိုင်တယ်လို့ သိတဲ့အတွက်ကြောင့် ကုသိုလ်တရားတွေကို ရှေးကထက် ဆထက်ထမ်းပိုး တိုးပြီးတော့ ပြုလုပ်မှ တော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားပါသလဲ ... ကုသိုလ်ဖြစ်သွားပါတယ်။

ဆက်ရန် .... အာရမ္မဏ - ၂(ဂ) သို့

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်