ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

ဟေတုပစ္စည်း - ၁(စ)

ဟေတုပစ္စည်း - ၁(စ)

သမ္မသနဉာဏ်၌ ပြန်လျှောက်ထားပုံ

ကမ္မဋ္ဌာန်းဆရာက "ယောဂီမှာ ရှုမှတ်လို့သာ မကောင်းတာ၊ တရားသဘောအရတော့ ကောင်းနေပါတယ်။ ဆိုးတဲ့ဉာဏ်မှာ ဆိုးတာတွေ့ရတာ တရားကောင်းတယ်ဟု ဆိုရပါတယ်"ဟု ပြောသောအခါ "အရှင်ဘုရားကသာ ကောင်းတယ်ဟု ပြောနေတယ်။ တပည့်တော်ကတော့ သေရတော့မယ်"ဟု ပြန်ပြောတယ်။ ပြန်ပြီး လျှောက်ထားတယ်။

သမ္မသနဉာဏ်သို့ ရောက်နေကြတဲ့ အချို့သော ယောဂီများက ဤကဲ့သို့လည်း လျှောက်ထားကြတယ်။ "တပည့်တော် အိမ်မှာ နေစဉ်က စိတ်တွေ ဤမျှလောက် မဆိုးပါဘူး၊ အရှင်ဘုရားတို့ ရိပ်သာရောက်မှ တပည့်တော်၏ စိတ်တွေ ဆိုးလာကုန်တယ်။"ဟု ကမ္မဋ္ဌာန်းဆရာတော်ကို အပြစ်တင်တဲ့အနေဖြင့် လျှောက်ထားကြတယ်။ ဘယ်ဉာဏ်ရောက်နေလို့လဲ ... သမ္မသနဉာဏ် ရောက်နေလို့ပါ။ ဤကဲ့သို့ လျှောက်ထားလာသောအခါ ကမ္မဋ္ဌာန်းဆရာများက တရားရစေရန်အတွက် စိတ်ရှည်ရှည်ထား၍ ပြုပြင်ပေးကြရပါတယ်။

ဆရာသမားတွေ ညွှန်ကြားလိုက်တဲ့အတိုင်း ဆင့်ကာဆင့်ကာမှတ်လို့ အခုပြောတဲ့အတိုင်း ဥဒယဗ္ဗဉာဏ်ရောက်တော့ ပြောင်းပြန်ပဲ။ ကာယလဟုတာ စိတ္တလဟုတာ = ကိုယ်ကလည်းပေါ့ပါး၊ စိတ်ကလည်းပေါ့ပါး။ ကာယမုဒုတာ စိတ္တမုဒုတာ = ကိုယ်ကလည်း နူးညံ့၊ စိတ်ကလည်း နူးညံ့။ ကာယကမ္မညတာ စိတ္တကမ္မညတာ = ကိုယ်ကလည်း ခံ့ကျန်း၊ စိတ်ကလည်း ခံ့ကျန်း။ ကာယပါဂုညတာ စိတ္တပါဂုညတာ = ကိုယ်ကလည်း လေ့လာပြီးသား၊ စိတ်ကလည်း လေ့လာပြီးသား၊ မှတ်စရာ အာရုံနဲ့ မှတ်သိစိတ် အလိုလို မှတ်နေသကဲ့သို့ ရှုမှတ်နေရတယ်။ ကာယိကသုခ စေတသိကသုခ တွေဖြစ်နေလို့ ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ ရှုမှတ်နေရတယ်။ ဝိပဿနာ ပီတိ သုခတွေနဲ့ တွေ့နေရလို့၊ အဲဒီ ဝိပဿနာ ပီတိ သုခတွေနဲ့ ပျော်မွေ့နေရတာ၊ လူသာမာန်မဆိုထားနဲ့ နတ်သာမန်တို့သော်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိနေကြပေတယ်။

သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အ မာနုသီ ရတီ ဟောတိ၊ သမ္မာဓမ္မံ ဝိပဿတော။

သုညာဂါရံ = ဆိတ်ငြိမ်ရာကမ္မဋ္ဌာန်းကျောင်းသို့၊ ပဝိဋ္ဌဿ = ဝင်လျက်၊ သန္တစိတ္တဿ = ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍၊ သမ္မာ = ကောင်းစွာ၊ ဓမ္မံ = ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို၊ ဝိပဿတော = ဝိပဿနာရှုသော၊ ဘိက္ခုနော = ဘေးကိုရှုတတ်သောယောဂီမြတ်အား၊ အ မာနုသီ = လူသာမန် နတ်သာမန်တို့ မခံစား မတွေ့သိနိုင်သော၊ ရတီ = ဝိပဿနာ ပီတိ သုခတို့ဖြင့် ပျော်မွေ့ခြင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ...။
သာဓု .. သာဓု ... သာဓု။

ဥဒယဗ္ဗယဉာဏ်သို့ ရောက်လာတဲ့ ယောဂီပုဂ္ဂိုလ် ဆိတ်ငြိမ်ရာ ကမ္မဋ္ဌာန်းကျောင်းသို့ ချဉ်းကပ်ပြီး ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို ရှုမှတ်ပြီးတော့ နေလိုက်တာ၊ ဝိပဿနာ ပီတိ သုခတို့နဲ့ ပျော်မွေ့ပြီး နေလိုက်ရတာ၊ လူသာမန်မဆိုထားနဲ့ နတ်သာမန်တို့ပင် မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းနဲ့ ပျော်မွေ့နေရတယ်။ ဤကဲ့သို့ ပျော်မွေ့ခြင်းကို ဝိပဿနာတရား ရှုမှတ်တဲ့ ပုဂ္ဂိုလ်မှ ပျော်မွေ့နိုင်တယ်။

ဝိပဿနာရှုမှတ်လို့ အဆင့်အဆင့် ဉာဏ်စဉ်တွေ မြင့်တက်သွားသည်ရှိသော် ဖောင်းတယ်လို့ မှတ်လိုက်တဲ့အခါ အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်တဲ့အခါ အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာ၊ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်လိုက်တဲ့အခါမှာလည်း အဆင့်ဆင့် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတာကို မြင်ကြရတယ်။ အလျင်အမြန် ဖြစ်ပြီးတော့ ပျက်သွား၊ ဖြစ်ပြီးတော့ ပျက်သွားတော့ မမြဲပါလား၊ မမြဲပါလားလို့ စိတ်ထဲမှာ မထင်လားပါဘူးလား .. ထင်လာပါတယ်။ မမြဲဘူးဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနိစ္စပါ။ ဖြစ်တာ ပျက်တာတွေက လျင်မြန်အားကြီးတော့ နှိပ်စက်နေသကဲ့သို့ ဆင်းရဲပါလားဟု ထင်မြင်လာတယ်။ ဆင်းရဲပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ဖြစ်ပျက် နှိပ်စက်နေတဲ့ ဆင်းရဲတွေ ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ ..၊ ဘယ်လိုမှ ကာကွယ်လို့ မရဘူး။ သူ့သဘောအတိုင်း သူဖြစ်ပျက်နှိပ်စက်နေတာပဲ၊ ကိုယ်အစိုးမရပါလားဟု ထင်မြင်လာတယ်။ ကိုယ်အစိုးမရပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။

သတိပဋ္ဌာန်းတရားက မကောင်းတဲ့ဟိတ်တွေ ပယ်၍ ကောင်းတဲ့ဟိတ်တွေ တိုးပွားစေပုံ

အနိစ္စ ဒုက္ခ အနတ္တတွေ မမြင်သွားပါဘူးလား ...မြင်သွားပါတယ်။ ဘယ်တရားရှုလို့ပါလဲ .. သတိပဋ္ဌာန်းတရား ရှုလိုပါ။ အနိစ္စ ဒုက္ခ အနတ္တတွေ မြင်တော့ လောဘ ဒေါသ မောဟ မကောင်းတဲ့ ဟိတ်(၃)ပါးကို ပယ်ပြီးသား မဖြစ်သွားဘူးလား... ဖြစ်သွားပါတယ်။ ကောင်းတဲ့ ဟိတ်(၃)ပါးက အဆင့်ဆင့် မတိုးပွားလာပါဘူးလား ... တိုးပွားလာပါတယ်။ နေရာမကျပါဘူးလား .. နေရာကျပါတယ်။

ဒါကြောင့် ယောဂီများ ဝိပဿနာရှုနေရတာ ဟေတုပစ္စည်းအနေနဲ့ မကောင်းတဲ့ ဟိတ်တွေကို ပယ်တယ်။ ကောင်းတဲ့ ဟိတ်တွေကို တိုးပွားရှိစေတယ်။ ဆင့်ကာဆင့်ကာ ရှုမှတ်လို့ ဘင်္ဂဉာဏ်သို့ ရောက်လာတဲ့အခါ ဖြစ်တာက မထင်ရှားတော့ပေဘူး။ ပျက်ပျက်သွားတာကပဲ ထင်ရှားတယ်။ ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ ဖောင်းဆုံးမှာ ကုန်ပျက်ကုန်ပျက်သွားတာ ထင်ထင်ရှားရှား တွေ့သိလာရတယ်။ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့အမူအရာလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ။ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာလေးတွေ ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာကို ပကတိသော မျက်စိနဲ့ မြင်ကြသလို တွေ့မြင်ကြရတယ်။

နောက်တော့ သမာဓိဉာဏ်တွေ တစ်ဆင့်ရင့်ကျက် အားရှိ ထက်သန်လာတဲ့အခါ ဖောင်းတယ်လို့ မှတ်လိုက်သည်ရှိသော် ဖောင်းတဲ့ အမူအရာလေးတွေလည်း ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ် ပါလိုက်၍ ကုန်ပျက်သွားတာ၊ ပိန်တယ်လို့ မှတ်လိုက်ရင်လည်း ပိန်တဲ့အမူအရလေး ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိစိတ်ပါ လိုက်၍ ကုန်ပျက်သွားတာ၊ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ၊ ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာလေးတွေလည်း ရိပ်ခနဲ ရိပ်ခနဲ ကုန်ပျက်သွားတာ၊ မှတ်သိ စိတ်ပါ လိုက်ပြီးတော့ ကုန်ပျက်ကုန်ပျက်သွားတာများကို မြင်ကြရတော့ ဖောင်းတဲ့ ပိန်တဲ့ ကြွတဲ့ လှမ်းတဲ့ ချတဲ့ အမူအရာ ရုပ်တရားတွေလည်း မမြဲဘူး၊ မှတ်သိစိတ်လည်း မမြဲဘူး။ ကုန်ပျက် ကုန်ပျက်တာ တွေ့ရတော့ မြဲတယ်လို့ ထင်ပါတော့မလား... မထင်တော့ပါဘူး။ မမြဲဘူးဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ .. အနိစ္စပါလား။

ကုန်ပျက်တာတွေက လျင်မြန်အားကြီးတော့ နှိပ်စက်နေသကဲ့သို့ ဖြစ်၍ ဆင်းရဲပါလား ... ဆင်းရဲပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... ဒုက္ခပါ။ ဒီလို ကုန်ပျက်နှိပ်စက်နေတဲ့ ဆင်းရဲတွေကို ဘယ်လိုများ ကာကွယ်လို့ ရပါ့မလဲ..၊ ဘယ်လိုမှ ကာကွယ်လို့ မရပါလား။ သူ့သဘောအတိုင်း သူကုန်ပျက် နှိပ်စက်နေတာပဲ။ ကိုယ်အစိုးမရပါလား ..၊ ကိုယ်အစိုးမရပါလားဆိုတာ ဗမာလို ဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။ အနိစ္စ ဒုက္ခ အနတ္တဉာဏ်အမြင်တွေ ပိုင်သွားတဲ့အခါ ယောဂီများ ဘယ်ကို ရောက်သွားကြမလဲ .. နိဗ္ဗာန်သို့ ရောက်သွားပါမယ်။

အနိစ္စ ဒုက္ခ အနတ္တတွေမြင်တော့ ဟေတုပစ္စည်းထဲက လောဘ ဒေါသ မောဟဆိုတဲ့ မကောင်းတဲ့ ဟိတ်တွေကို ပယ်ပြီးသွား ဖြစ်သွားတယ်။ အလောဘ အဒေါသ အမောဟဆိုတဲ့ ကောင်းတဲ့ဟိတ်တွေကို တိုးတက်ကြီးပွားလာစေတယ်။ နေရာကျပါတယ်။ ဟေတုပစ္စည်းတရားကို ဟောတာ အသင့်အတင့် ပြည့်စုံသွားပါပြီ။

ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ ဟေတုပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း..။

ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။

သာဓု ... သာဓု ... သာဓု ။


ဆက်ရန် ... အာရမ္မဏပစ္စည်း သို့

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်