ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အာရမ္မဏပစ္စည်း - ၂(က)

အာရမ္မဏပစ္စည်း - ၂(က)

၁၃၅၃-ခု၊ ဝါခေါင်လဆန်း(ဂ)ရက်နေ့၊ နေ့လည်ပိုင်းမှာ ဟောကြားမည့် တရားတော်က ပစ္စယနိဒ္ဒေသပါဠိတော်လာ အာရမ္မဏပစ္စည်း တရားတော်ဖြစ်တယ်။

အာရမ္မဏပစ္စယောတိ -
  • ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • သဗ္ဗေ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ = အကြင်အကြင် အာရုံ(၆)ပါး ပစ္စည်းတရားကို၊ အာရဗ္ဘ = အာရုံပြု၍၊ ယေ ယေ ဓမ္မာ = အကြင်အကြင်သို့သော သဘောရှိကုန်သော အာရမ္မဏိက ပစ္စယုပ္ပန်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိ = ဖြစ်ကုန်၏ ။ စိတ္တ စေတသိကာ = စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = အာရမ္မဏ ပစ္စယုပ္ပန်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိ = ဖြစ်ကုန်၏ ။ တေ တေ ဓမ္မာ = ထိုထိုအာရုံ(၆)ပါး ပစ္စည်းတရားတို့သည်၊ တေသံ တေသံ ဓမ္မာနံ = ထိုထို အာရမ္မဏိက ပစ္စယုပ္ပန်တရားတို့အား၊ အာရမ္မဏပစ္စယေန = အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည၊် ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ဂရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ပါဘုရား။

ပစ္စည်း = ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်သော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ပညတ်ဟူသော အာရုံ (၆)ပါး။

ပစ္စယုပ္ပန် = စိတ် ၈၉-ပါးနှင့် စေတသိက် ၅၂-ပါး။

ပစ္စယသတ္တိ = ကြိုးတန်းနှင့် တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သောသူတို့အား ဆွဲတွယ်ထေက်တည်ရန် ကျေးဇူးပြုသကဲ့သို့ အတိတ်, အနာဂတ်, ပစ္စုပ္ပန် အာရုံ (၆)ပါးတို့သည် အသီးသီး မိမိတို့နှင့်ဆိုင်ရာ စိတ်၊ စေတသိက်တို့အား ဖြစ်ပေါ်လာစေရန် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။

(သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်)

အာရမ္မဏသတ္တိ - ဟူသည် ... ဖူးပွင့်ဝေဆာသော ပန်းဥယျာဉ်ကြီးထဲ၌ လူတို့ပျော်မွေ့ဖွယ်ရာ ဖြစ်သကဲ့သို့ ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ် စေတသိက်တို့၏ နှစ်သက်ပျော်မွေ့ဖွယ်ရာ ဖြစ်ကြပါတယ်။ အာရုံနှင့်ကင်း၍ ဖြစ်ကြသော စိတ် စေတသိက်တရား မည်သည် မရှိကြပါ။ စိတ် စေတသိက်တိုင်း ရူပါရုံစသော အာရုံတစ်ခုခုကို အမှန်ပင် အာရုံပြုကြရပါတယ်။ အဲဒီလို စိတ် စေတသိက်တရားတို့က ရူပါရုံစသော အာရုံတို့အပေါ်၌ မခွဲနိုင်၊ မခွါနိုင်လောက်အောင် မွေ့လျော်ဖွယ်ရာကို ဆောင်တတ်သော ဆွဲငင်အား သတ္တိထူးကို "အာရမ္မဏသတ္တိ" လို့ ခေါ်ပါတယ်။
ထိုအာရမ္မဏ-ဟူသော ပါဠိသဒ္ဒါမှ 'အာရုံ' ဟူသည့် မြန်မာဝေါဟာရ ဖြစ်ပေါ်လာပါတယ်။

အာရုံ (၆)ပါးဟူသည်ကား ...
  • ၁။ ရူပါရုံ = အဆင်း ။ တရားကိုယ်မှာ 'ဝဏ္ဏ' အဆင်း ဖြစ်ပါတယ်။
  • ၂။ သဒ္ဒါရုံ = အသံ ။ တရားကိုယ်မှာ 'သဒ္ဒ' အသံ ဖြစ်ပါတယ်။
  • ၃။ ဂန္ဓာရုံ = အနံ့ ။ တရားကိုယ်မှာ 'ဂန္ဓ' အနံ့ ဖြစ်ပါတယ်။
  • ၄။ ရသာရုံ = အရသာ ။ တရားကိုယ်မှာ 'ရသ' အရသာ ဖြစ်ပါတယ်။
  • ၅။ ဖောဋ္ဌဗ္ဗာရုံ = အထိအတွေ့ ။ တရားကိုယ်မှာ ပထဝီ, တေဇော, ဝါယော-ဟူသော ဓာတ် ၃-ပါးသာလျှင်ဖြစ်သော အထိအတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ဖြစ်ပါတယ်။
  • ၆။ ဓမ္မာရုံ = ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ နိဗ္ဗာန်၊ ပညတ်တို့ ဖြစ်ကြပါတယ်။
အာရုံ နှင့် ကာလ
  • ရူပါရုံ, သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကား မြင်နိုင်၊ ကြားနိုင်၊ နံနိုင်၊ စားသိနိုင်၊ ထိသိနိုင်လောက်အောင် ကြမ်းတမ်းသည့် သြဠာရိကရုပ် (ရုပ်ကြမ်း)များ ဖြစ်ကြပါတယ်။
  • ဓမ္မာရုံ ပါဝင်သော ပသာဒရုပ် (ဝါ) အကြည်ဓာတ် ၅-ပါးနှင့် သုခုမရုပ် (ဝါ) သိမ်မွေ့သောရုပ် ၁၆-ပါးတို့ကား မမြင်နိုင် မထိတွေ့နိုင်သော ရုပ်နုများ ဖြစ်ကြပါတယ်။
  • ရုပ်တရား၊ နာမ်တရားတို့ကား 'ဥပါဒ်-ဌီ-ဘင်' (ဖြစ်-တည်-ပျက်) အစီအစဉ်အရ ခဏဖြစ်၍ ခဏပျက်လျက် ရှိကြပါတယ်။
  • ဖြစ်ပေါ်၍ မချူပ်ခင် 'ဥပါဒ်-ဌီ-ဘင်' အားဖြင့် အထင်အရှားရှိခိုက် အာရုံကို 'ပစ္စုပ္ပန်' အာရုံဟု ခေါ်တယ်။
  • 'ဥပါဒ်-ဌီ-ဘင်' စေ့၍ ချူပ်လေပြီးသော အာရုံကို 'အတိတ်' အာရုံဟု ခေါ်ပါတယ်။
  • အကြောင်းညီညွတ်လျှင် ဧကန် ဖြစ်ပေါ်မည့် အာရုံကို 'အနာဂတ်' အာရုံဟု ခေါ်ပါတယ်။
  • ထို့ကြောင့် ဆိုခဲ့ပြီးသော ရုပ်-စိတ်-စေတသိက်တို့သည် အတိတ်-ပစ္စုပ္ပန်-အနာဂတ် ဟူ၍ ကာလ ၃-ပါးစီ ရှိကြပါတယ်။
  • ဓမ္မာရုံ၌ အကျုံးဝင်သော ပညတ်အာရုံနှင့် နိဗ္ဗာန်အာရုံတို့မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသည့် ကာလ ၃-ပါးမှ ကင်းလွတ်နေသော 'ကာလဝိမုတ်' အာရုံများ ဖြစ်ကြပါတယ်။
----------
မနောဓာတ် - အရကား ... ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်း ၂-ပါး၊ ပေါင်း ၃-ပါးတို့ ဖြစ်ကြပါတယ်။
  • ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ပဉ္စဒွါရ (တံခါးငါးပေါက်)ဟု ခေါ်ဆိုအပ်သော မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့၌ ထင်လာသည့် အာရုံ (၅)ပါးကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ် ဖြစ်ပါတယ်။
  • သမ္ပဋိစ္ဆိုန်းစိတ် = အာရုံ (၅)ပါးကို လက်ခံယူနိုင်သောစိတ် ဖြစ်ပါတယ်။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ် ၁-ပါး၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ် ၁-ပါး၊ ပေါင်း ၂-ပါး ရှိပါတယ်။ သမ္ပဋိစ္ဆိုန်းဒွေ-ဟုလည်း ခေါ်ပါတယ်။
ဓမ္မာနဉ္စ - အရကား ... သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးနှင့် ဝိတက်, ဝိစာရ, အဓိမောက္ခ - ပေါင်း ၁၀-ပါးတို့ ဖြစ်ကြပါတယ်။

သဗ္ဗစိတ္တဓာရဏစေတသိက် = အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသည့် စေတသိက် ၇-ပါး။ (စိတ်ဖြစ်တိုင်း အမြဲပါဝင်ကြသော စေတသိက်များ ဖြစ်ကြပါတယ်။)
၁။ ဖဿ = စိတ်နှင့် အာရုံကို တွေ့ထိပေးခြင်းသဘော။
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်း သဘော။
၃။ သညာ = အာရုံကို မှတ်သားခြင်း သဘော။
၎။ စေတနာ = ယှဉ်ဖက်တရားတို့ကို (ယှဉ်ဖက်စိတ် စေတသိက်တို့ကို) ဆိုင်ရာ ကိစ္စတို့၌ ဆောင်ရွက်ကြဖို့ရာ စေ့ဆော် တိုက်တွန်းခြင်း သဘော။
၅။ ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ တည်တံ့ခြင်း တည်ကြည်ခြင်း သဘော။
၆။ ဇီဝိတိနြေ္ဒ = ယှဉ်ဖက်တရားတို့ကို သက်တမ်းပြည့် တည်တံ့အောင် စောင့်ထိန်းခြင်း သဘော။
၇။ မနသိကာရ = စိတ်၌ အာရုံပေါ်လာအောင် ပြုပေးခြင်း သဘော။ (အာရုံကို နှလုံးသွင်းခြင်း သဘော)
ဆောင်။ ။"ဖသ်, ဝေ, သဉ်, စေ၊ ဧ, ဇီ, မန၊ ဤသတ္တ သဗ္ဗ စိတ်တိုင်းဖြစ်"

ဝိတက် = ယှဉ်ဖက်စိတ် စေတသိက်တို့ကို အာရုံသို့ တင်ပေးခြင်း သဘော။
ဝိစာရ = အာရုံကို သုံးသပ်ခြင်းသဘော (ဝါ) အာရုံကို ထပ်၍ ထပ်၍ ယူခြင်း သဘော။
အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ခြင်း သဘော။ ... တို့ ဖြစ်ကြပါတယ်။
-------

မနောဝိညာဏဓာတ် - အရကား ... သန္တီရဏ ၃-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ သဟိတ်စိတ် ၇၁-ပါး၊ ပေါင်း ၇၆-ပါးတို့ ဖြစ်ကြပါတယ်။
  • သန္တီရဏစိတ် = သမ္ပဋိစ္ဆိုန်းစိတ် ခံယူထားသော အာရုံကို စုံစမ်းသောစိတ် ဖြစ်ပါတယ်။ ဥပေက္ခာသန္တီရဏ ၂-ပါးနှင့် သောမနဿသန္တီရဏ ၁-ပါးဟု ခွဲခြားထားပါတယ်။
  • မနောဒွါရာဝဇ္ဇန်းစိတ် = မနောဒွါရတည်းဟူသော စိတ်တံခါးဝ၌ ထင်လာသော အာရုံကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ် ဖြစ်ပါတယ်။
  • ဟသိတုပ္ပါဒ်စိတ် = မြတ်စွာဘုရားနှင့် ရဟန္တာအရှင်မြတ်တို့၏ ပြုံးရယ်သောစိတ် ဖြစ်ပါတယ်။
  • သဟိတ်စိတ် = ဟိတ်ပါဝင်သောစိတ်များကို သဟိတ်စိတ်များ ဟုခေါ်ပါတယ်။ (ဟေတုပစ္စည်းမှာ ရှင်းထားပြီးပါပြီ။)
ဓမ္မာနဉ္စ - အရကား ... စေတသိက် ၅၂-ပါး တို့ ဖြစ်ကြပါတယ်။
-------

အာရမ္မဏမျိုး (၈) ပစ္စည်း
၁။ အာရမ္မဏ
၂။ အဓိပတိ - အာရမ္မဏာဓိပတိ
၃။ နိဿယ - ဝတ္တာရမ္မဏပုရေဇာတ နိဿယ
၎။ ဥပနိဿယ - အာရမ္မဏူပနိဿယ
၅။ ပုရေဇာတ - အာရမ္မဏ ပုရေဇာတ
၆။ ဝိပ္ပယုတ္တ - ဝတ္ထာရမ္မဏ ပုရေဇာတ ဝိပ္ပယုတ္တ
၇။ အတ္ထိ - အာရမ္မဏ ပုရေဇာတတ္ထိ
၈။ အဝိဂတ - အာရမ္မဏ ပုရေဇာတ အဝိဂတ

ဆောင်။ ။ အာ-အဓိ-နိသ်၊ ဥ-ပု-ဝိပ်၊ နောက်ပိတ် အတ်-အဝိ။ အာရမ္မဏ၊ ပစ္စယ၊ ရှစ်ဝ ရစေဘိ။

မှတ်ချက်။ ။ ရုပ်တရားမှန်သမျှကို လောဘမူစိတ် ၈-ပါးကသာ အလေးအမြတ် အာရုံပြု၍၊ ရုပ်ပွား ဆင်းတုများကို အာဓိ-မဟာ ကုသိုလ်စိတ်ဖြင့် မကြည်ညိုနိုင်သည်ကို အရကောက်နှင့် အာဓိသရုပ်ခွဲတို့က ဖော်ညွှန်းထားပါတယ်။ အာရုံသာမာန်ဖြင့်ကား ကြည်ညိုနိုင်ကြပါတယ်။

နိဗ္ဗာန်သည် (အကျိုးတရားမဟုတ်) အကြောင်းအာရုံတရား ဖြစ်ကြောင်းကို "နိဗ္ဗာနံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂေါတြဘုဿ" ပါဠိတော်တို့က ညွှန်ပြပြီး၊ ထိုပါဠိကပင် ပုထုဇဉ်တို့ နိဗ္ဗာန်ကို အာရုံပြုနိုင်ပုံကိုလည်း ပြဆိုထားပါတယ်။
(ဓမ္မာစကြာ၌ နိဗ္ဗာန်ကို အကျိုးသစ္စာ သဘောဖြင့် ဟောကြားထားပါတယ်။)
(*အသေးစိတ်သိလိုပါက နီးစပ်ရာ ဆရာတော်များထံမှာ လေ့လာ မေးမြန်း သင်ယူကြပါ။ နက်နဲလွန်း၍ ဖြစ်ပါတယ်။)

အာရမ္မဏာဓိပတိသတ္တိ
- ဟူသည်ကား .. သာမာန်အာရုံထက်ပင် စိတ်ကို အလွန်အကဲတမ်းတမ်းစွဲ ဖြစ်အောင် ဆွဲဆောင်နိုင်သော စွမ်းအားဖြင့် အလေးအမြတ် ကျေးဇူးပြုခြင်း အစိုးရခြင်း သဘောသတ္တိ မည်ပါတယ်။

  • ရူပါယတနံ အစရှိသော ပါဠိတော်များဖြင့် အာရုံ + အာရမ္မဏိကအဖြစ် ပြီးပြီးပါလျက် "ယံ ယံ ဓမ္မံ" အစရှိသော ပါဌ်ကို ထပ်၍ ဟောတော်မူရခြင်း။
ရူပါယတနံ ..စသော ပါဌ်ဖြင့် အာရုံ + အာရမ္မဏိက အဖြစ်ပြီးသည်ကား မှန်သော်လည်း အာရုံပြုသော ခဏ၌သာ အာရုံ (၆)ပါးတို့သည် သတ္တဝိဉာဏဓာတ်တို့အား အာရမ္မဏပစ္စည်း ဖြစ်ကြပါတယ်။
ထိုသို့ ဖြစ်ရာတွင်လည်း အတူတကွ မဖြစ်ကြ၊ သူ့အာရမ္မဏိကတရားနှင့် သူ့အာရုံတရားတို့ အသီးသီး ဖြစ်ကြသည်ကို ပြတော်မူခြင်းငှာ - ယံ ယံ ဓမ္မံ စသောပါဌ်ကို ထပ်၍ ဟောတော်မူရပါတယ်။

  • ရုပ်/သံ ကြည့်ရှုနားထောင်ရာ၌ မြင်စိတ်နှင့် ကြားစိတ်တို့ ပြိုင်တူ မဖြစ်နိုင်ပုံ
ယံ ယံ ဓမ္မံ အာရဗ္ဘ" စသော ပါဌ်ကို ထောက်၍ မြင်စိတ်နှင့် ကြားစိတ်တို့ ပြိုင်တူ မဖြစ်ကြပါ။ အာရုံ (၆)ပါးတို့သည် ၇-ပါးသော ဝိညာဏဓာတ်တို့အား အာရမ္မဏပစ္စည်း ဖြစ်ကုန်သော်လည်း အတူတကွ မဖြစ်ကြကုန်။ အသီးသီးသာ ဖြစ်ကြကုန်ပါတယ်။
၎င်း ယံ ယံ ဓမ္မံ အာရဗ္ဘ စသည်ဖြင့် အာရမ္မဏနိဂုံး ကိုလည်းကောင်း၊ အာရမ္မဏမျိုး ၈-ပစ္စည်းလုံး ပစ္စည်း ပစ္စယုပ္ပန် ဖြစ်နိုင်ပုံကို ပြပါတယ်။ (အရကောက်-၈၊ ၁၄)

အာရုံ(၆)ပါးကြောင့် ဝိညာဏ်(၆)ပါး ဖြစ်ပုံ

အာရုံ(၆)ပါးက ပစ္စည်းတရား ဖြစ်တယ်။ သတ္တဝိညာဏဓာတ် လို့ခေါ်တဲ့ ဝိညာဏ်(၆)ပါးက ပစ္စယုပ္ပန်တရား ဖြစ်တယ်။ ထိုထိုပုဂ္ဂိုလ်တွေရဲ့ သန္တာန်၊ ယောဂီတို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အာရုံ(၆)ပါးကြောင့် ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတယ်။ အာရုံ(၆)ပါးက အာရမ္မဏ အကြောင်းပစ္စည်းတရား ဖြစ်တယ်။ ဝိညာဏ်(၆)ပါးက အာရမ္မဏိက ပစ္စယုပ္ပန်တရား ဖြစ်တယ်။ အကျိုးတရား ဝိညာဏ်(၆)ပါး ဖြစ်တာဟာလည်း အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တဲ့ အခိုက်အတန့်မှာသာ ဖြစ်တယ်။ မတိုက်ရင် မဖြစ်ဘူး။

မျက်စိအကြည်မျာ ရူပါရုံ အဆင်းလာတိုက်တဲ့အခါမှာ မြင်သိစိတ် ဖြစ်တယ်။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ကြားသိစိတ် ဖြစ်တယ်။ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါ နံသိစိတ် ဖြစ်တယ်။ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါ စားသိစိတ် ဖြစ်တယ်။ ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါကျတော့ ထိသိစိတ် ဖြစ်တယ်။ မနောအကြည်မှာ သဘောဓမ္မာရုံ လာတိုက်တဲ့အခါကျတော့ ကြံသိစိတ် ဖြစ်တယ်။

ဘယ်သူ့သန္တာန်မှာ ဖြစ်နေတာလဲဆိုတော့ ယောဂီများရဲ့သန္တာန်မှာ ဖြစ်နေတာပဲ ဖြစ်တယ်။ ထိုထိုပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်း ဖြစ်နေတာပဲဖြစ်တယ်။ အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တဲ့ အခိုက်အတန့် မှာသာလျှင် မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိသိ၊ ကြံသိဆိုတဲ့ ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတယ်။ ယောဂီများရဲ့သန္တာန်မှာ ကျေးဇူးပြုနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

အဲဒီမှာ အာရုံ(၆)ပါးက အတိုက်ဓာတ်၊ အကြည်ဓာတ်(၆)ပါးက အခံဓာတ်၊ ဝိညာဏ်(၆)ပါးက အပွင့်ဓာတ် ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ အတိုက်ဓာတ်ရယ်၊ အကြည်ဓာတ်ရယ်၊ အခံဓာတ်ရယ်လို့ ဖြစ်နေတယ်။ အဲဒီ အပွင့်ဓာတ်ရယ်လို့ ဖြစ်လာတဲ့အခိုက်အတန့်မှာ ဝိပဿနာတရားတွေ ရှုကြရပါတယ်။

အတိုက်ဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ ဆင်း သံ နံ့ သာ၊ တွေ့ ဓမ္မာ၊ ခြောက်ဖြာ တိုက်ဓာတ်မည်။

အဆင်း ရူပါရုံ၊ အသံ သဒ္ဒါရုံ။ အနံ့ ဂန္ဓရုံ၊ အရသာ ရသာရုံ၊ အတွေ့ ဖောဋ္ဌဗ္ဗာရုံ၊ သဘော ဓမ္မာရုံ ဒီ(၆)ဖြာဟာ အတိုက်ဓာတ် ဖြစ်ပါတယ်။ လာလာပြီးတော့ တိုက်ပါတယ်။

အခံဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ မျက်စိ နား နှာ၊ လျှာ ကိုယ် စိတ်ပါ၊ ဤခြောက်ဖြာ၊ မှန်စွာ ခံဓာတ်မည်။

မျက်စိ အကြည်၊ နား အကြည်၊ နှာခေါင်း အကြည်၊ လျှာ အကြည်၊ ကိုယ် အကြည်၊ စိတ် အကြည်လို့ ယောဂီများ သန္တာန်မှာ ရှိပါတယ်။ အခံဓာတ် ဖြစ်ပါတယ်။ အာရုံ(၆)ပါးက လာလာတိုက်တဲ့ အခါကျမှ ဝိညာဏ်(၆)ပါး ဖြစ်တယ်။ မတိုက်ရင်တော့ မဖြစ်ပါဘူး။

အပွင့်ဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ ဝိညာဏ်ခြောက်ဖြာ၊ ဖြစ်ပေါ်လာ၊ မှန်စွာ ပွင့်ဓာတ်မည်။

မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်လို့ ဒီဝိညာဏ်(၆)ပါးကတော့ အပွင့်ဓာတ် ဖြစ်တယ်။ အတိုက်ဓာတ်၊ အခံဓာတ်၊ အပွင့်ဓာတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်နေပါတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကိုသိရင် ဝိပဿနာရှုလို့ ရသွားပြီ။

ဆက်ရန် ... အာရမ္မဏ - ၂(ခ) သို့

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်