ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

ဟေတုပစ္စည်း - ၁(ဃ)

ဟေတုပစ္စည်း ၁(ဃ)

တစ်ချိန်သောအခါက ကပိလဝတ်ပြည်မှာ ဂေါပိကာဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိတယ်။ အဲဒီအမျိုးအမီးက အမျိုးသမီးဘဝကို စက်ဆုပ်တယ်။ အမျိုးသားဘဝကို အလွန်ပဲ လိုချင်တယ်တဲ့။ လိုချင်တော့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တယ်။ ငါးပါးသီလကို လုံခြုံအောင်ထိန်းတယ်။ အမျိုးသမီးအဖြစ်ကို မလိုချင်တဲ့သဘောတွေ မကြာခဏ ဆုတောင်းပတ္ထနာပြုတယ်။ အမျိုးသားအဖြစ်ကို လိုချင်ပြီးတော့ အမျိုးသားအဖြစ်ကို မကြာခဏ ဆုတောင်းပတ္ထနာပြုတယ်။

အမျိုးသမီးများ အမျိုးသားဖြစ်နိုင်ရေး အကြောင်းတရား (၄)ပါး ရှိပါတယ်။
(၁) ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်တာရယ်။
(၂) ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းတာရယ်။
(၃) အမျိုးသမီးအဖြစ်ကို မလိုချင်တာရယ်။
(၄) အမျိုးသားအဖြစ်ကို လိုချင်တောင့်တတာရယ်။ ..... အဲဒီ လေးမျိုးကို ကျင့်ကြံအားထုတ်ပြီး နေတယ်။

သူကိုးကွယ်တဲ့ကျောင်းမှာလည်း အဲဒီ သူ၏ ဆုတောင်းတွေပြည့်ရအောင် ရဟန်း(၃)ပါးကို ကိုးကွယ်ထားတယ်တဲ့။ အဲဒီ ရဟန်း(၃)ပါးက သာမာန်ရဟန်းတွေ မဟုတ်ဘူး။ ဈာန်ရအောင်ကျင့်လို့ လောကီဈာန်ရထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီလို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး၊ ဈာန်ရတဲ့ ရဟန်းတွေကို ကိုးကွယ်ဆည်းကပ်ပြီး၊ အမျိုးသားအဖြစ်ကိုလည်း တောင့်တပြီး ကောင်းမှုတွေ ပြုနေပါတယ်။

ကွယ်လွန်သွားတဲ့အခါကျတော့ တာဝတိံသာနတ်ပြည်မှာ သိကြားမင်းရဲ့သား ဂေါပဂနတ်သား ဖြစ်သွားတယ်။ ဈာန်ရတဲ့ ရဟန်းတော်တွေလည်း သက်တမ်းကုန်ပြီး ကွယ်လွန်သွားကြ၊ ပျံလွန်တော်မူသွားကြတဲ့အခါ ဘယ်မှာသွားဖြစ်သလဲဆိုတော့ စတုမဟာရာဇ်နတ်ဘုံမှာ ဂန္ဓဗ္ဗကချေသည် နတ်သားတွေ သွားဖြစ်တယ်တဲ့။

တစ်နေ့တော့ ဂေါပဂနတ်သားကို အဲဒီကချေသည်နတ်သားတွေ ဖျော်ဖြေဖို့ရာ ရောက်လာကြတယ်။ ရောက်လာလို့ ဂေါပကနတ်သားက ကြည့်လိုက်တဲ့အခါ အို ... အဆင်းကလည်းသိပ်လှ၊ အဆိုကလည်းသိပ်ကောင်း၊ အက-ကလည်း သိပ်ကောင်း၊ ရုပ်ရည်အဆင်းတွေကလည်း သိပ်လှတော့ ဘယ်ဘဝကများ လာခဲ့ကြသလဲလို့ သူ့ရဲ့နတ်မျက်စိနဲ့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ရဟန်းဘဝ၊ ရဟန်းသီလနဲ့ ပြည့်စုံခဲ့လို့ အခုလို ပြည့်စုံကြတာဖြစ်တယ်။ အက-ကလည်း ကောင်း၊ အဆိုကလည်း ကောင်း၊ ရုပ်ရည်အဆင်းကလည်း ကောင်းတော့ ရဟန်းသီလနဲ့ ပြည့်စုံလို့ပဲလို့ သိရတယ်။ "သြော် ... သီလနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုချမ်းသာခွင့် ရတာကိုး" ဆိုပြီး ဝမ်းမြောက် ဝမ်းသာဖြစ်တယ်။

နောက်တစ်ခါဆက်ပြီး ဆင်ခြင်ကြည့်လိုက်တယ်။ နောက်ထပ် ဘယ်တရားများ သူတို့မှာ ရှိနေကြသလဲလို့ ဆင်ခြင်ကြည့်လိုက်တော့ ဈာန်ရတာကို သိရတယ်။ "သြော်ဒါကြောင့်မို့ ဒီလောက်တင့်တယ်ကြတာကိုး" ဟု စိတ်ထဲမှာ ဖြစ်သွားတယ်။ "သြော် .. ဒီပုဂ္ဂိုလ်တွေ ဘယ်အရပ်၊ ဘယ်ကျောင်းကလဲ" လို့ ဆင်ခြင်ကြည့်လိုက်တော့ သူကိုးကွယ်တဲ့ကျောင်းက ရဟန်းတွေ ဖြစ်နေတယ်။ စိတ်နှလုံး မသာမယာဖြစ်တယ်။ "တော်တော်ညံ့တာပဲ"။ မကျေနပ်တော့ဘူးတဲ့။

အဲဒီနတ်တွေကို အတင်းမာန်မဲပြီးတော့ ပြောတော့တာပဲ။ အရှင်ဘုရားတို့ဟာ မြတ်စွာဘုရား တရားဟောတဲ့အခါ ဘယ်ဘက်ကို လှည့်နေကြသလဲ၊ အိပ်ငိုက်နေကြသလား .. စသည်ဖြင့် ဆူပူ ကြိမ်းမောင်းတယ်။ ဈာန်ရ ရဟန်းတွေ အကြိမ်းမောင်းခံရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလောဘကြောင့်ပဲတဲ့။ ဘဝပေါင်းများစွာက ဖြစ်ခဲ့ဘူးတော့ လောဘဥပါဒါန်က အဲဒီစတုမဟာရာဇ်ဘုံဘဝ ကချေသည်ဘဝမှာ ကပ်နေတယ်။ ဈာန်ရရင် အမှန်စင်စစ်တော့ ဗြဟ္မာပြည်မှာ သွားဖြစ်ရမှာဖြစ်တယ်။ အခုဘယ်မှာ ဖြစ်နေသလဲ .. စတုမဟာရာဇ်နတ်၊ အောက်တန်းစားနတ် သွားဖြစ်တယ်။ ကချေသည်နတ်ဆိုတာ အောက်တန်းစားနတ်ပဲ ဖြစ်တယ်။

ဒီလို ဆူပူကြိမ်းမောင်းခံနေရတော့ သူတို့လည်း ပြန်စဉ်းစားကြည့်၊ ပြန်ဆင်ခြင်ကြည့်တယ်တဲ့၊ "ဒို့က သူတစ်ပါးတွေ ချီးမြှောက်ခံချင်လို့ လာပြီး ကနေ၊ ဆိုနေကြတာ ဖြစ်တယ်။ " အခုလို ဆူပူကြိမ်းမောင်းခံနေရတော့ နတ်တို့ရဲ့ တန်ခိုး၊ နတ်ရဲ့ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ သူတို့ကို ကိုးကွယ်ခဲ့တဲ့ ကျောင်းဒကာမပဲဆိုတာ သိရတော့ ရှက်လိုက်တာ။ အို .. သူကတော့ အထက်တန်းကျလို့၊ ဒို့က ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လျက်သားနဲ့၊ ဒို့က ကိုးကွယ်ခံရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လျက်သားနဲ့ ဒီလို လားပြီးတော့ ဖြစ်ရတာကိုး ... ဆိုပြီးတော့ ရှက်ကြတယ်တဲ့။

အဲဒီမှာ နတ်နှစ်ပါးကတော့ သံဝေဂရပြီး အားထုတ်လိုက်တာ အနာဂါမ် ဖြစ်သွားတယ်။ တစ်ခါတည်း ဗြဟ္မာပြည်ကို ပြောင်းသွားတယ်။ တစ်ပါးကတော့ စွဲလမ်းတာ အားကြီးလို့ လောဘဥပါဒါန် သိပ်အားကြီးလို့ အဲဒီ စတုမဟာရာဇ်နတ်ဘုံမှာပဲ ကချေသည် နတ်သား အဖြစ်နဲ့ ကျန်ခဲ့တယ်တဲ့။ လောဘဟိတ် ဆိုးပါတယ်။ ဈာန်ရတာတောင်မှ ဒုက္ခပေးပါတယ်။ ဒါကြောင့် လောဘကို ကင်းနိုင်သမျှ ကင်းအောင်၊ ဒေါသလည်း ကင်းနိုင်သမျှ ကင်းအောင်၊ မောဟလည်း ကင်းနိုင်သမျှ ကင်းအောင်၊ ဟေတုပစ္စည်း မကောင်းတဲ့ ဟိတ်တွေ မိမိတို့ရဲ့သန္တာန်မှာ ဖြစ်ခွင့်မရအောင်၊ နည်းနိုင်သမျှ နည်းအောင် အားထုတ်ကြရပါတယ်။

ကုသိုလ်ဟိတ်(၃)ပါးက သတိပဋ္ဌာန် ဝိပဿနာတရား အားထုတ်ရာတွင် ကျေးဇူးပြုပုံ

အလောဘ၊ အဒေါသ ဟိတ်(၂)ပါးပြည့်စုံရင် တော်တော့်ကို နေရာကြပါတယ်။ အလောဘ အဒေါသ ဟိတ်(၂)ပါး ပြည့်စုံလို့ရှိရင် သတိပဋ္ဌာန် ဝိပဿနာတရားတွေ ပွားများအားထုတ်တဲ့အခါ ကာယာနုပဿနာ သတိပဋ္ဌာန်နှင့် ဝေဒနာ သတိပဋ္ဌာန်တရားတွေ ထင်ထင်ရှားရှား ပွားများလို့ ရနေတတ်ပါတယ်။ ပြည့်စုံတတ်ပါတယ်။

ပုရိမာနံ = ရှေ့၌ဖြစ်ကုန်သော၊ ဒွိန္နံ = နှစ်ပါးကုန်သော အလောဘ အဒေါသတို့၏ ၊ အာနုဘာဝေန = အစွမ်းအာနုဘော်ကြောင့်၊ ပုရိမာနိ = ရှေ့၌ ဖြစ်ကုန်သော၊ ဒွေ = နှစ်ပါးကုန်သော၊ သတိပဋ္ဌာနာနိ = ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်တို့သည်၊ ဣဇ္ဈန္တိ = ပြည့်စုံကြကုန်၏။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါသတည်း...။
သာဓု ... သာဓု ... သာဓု ။

အလောဘဟိတ် အဒေါသဟိတ် နှစ်ပါးတို့တွင် အလောဘ = မလိုချင်၊ မတပ်မက်တဲ့သဘော။ အဒေါသ = မပြစ်မှား စိတ်မဆိုး အမျက်မထွက် တတ်တဲ့သဘော။ ဤသဘောများနှင့် ပြည့်စုံမယ်ဆိုရင် သတိပဋ္ဌာန်ဝိပဿနာ တရားပွားများတဲ့အခါ ကာယာနုပဿနာသတိပဋ္ဌာန်ကိုလည်း ထင်ထင်ရှားရှား တရားသဘောတွေ မြင်အောင် ပွားများနိုင်ပါလိမ့်မယ်။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ကိုလည်း ထင်ထင်ရှားရှား တရားသဘောတွေ မြင်အောင် ပွားများနိုင်ပါလိမ့်မယ်။ ကောင်းပါတယ်။ တရားတွေမြင်အောင် ပွားများနိုင်ရင် နိဗ္ဗာန်ရောက်မှာ ဖြစ်တယ်။

အလောဘ အဒေါသရှိနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ သတိပဋ္ဌာန်တရား(၂)ပါးကို အဓိကထားပြီးတော့ ပွားများဖို့ရာဖြစ်တယ်။ မိမိဟာ ကာယာနုပဿနာ သတိပဋ္ဌာန် ပွားများအားထုတ်လို့ရှိရင် ပိုပြီးတော့ ထင်ရှားတယ်။ ဝေဒနာ သတိပဋ္ဌာန် ပွားများအားထုတ်လို့ရှိရင် ပိုပြီးတော့ ထင်ရှားတယ် ဆိုလို့ရှိရင်တော့ မိမိတို့သန္တာန်မှာ ဘာဟိတ်တွေ ပြည့်စုံလို့ပါလဲ... အလောဘဟိတ်၊ အဒေါသဟိတ်နှစ်ပါးနဲ့ ပြည်စုံနေလို့ပါ။

ပစ္ဆိမဿ = နောက်ဆုံးဖြစ်သော အမောဟဟိတ်၏ ၊ အာနုဘာဝေန = အစွမ်းအာနုဘော်ကြောင့်၊ ပစ္ဆိမာနိ = နောက်၌ဖြစ်ကုန်သော၊ ဒွေ = နှစ်ပါးကုန်သော၊ သတိပဋ္ဌာနာနိ = စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့သည်၊ ဣဇ္ဈန္တိ = ပြည့်စုံကြကုန်၏ ၊ ဣတိ = ဤသို့၊ အဋ္ဌာကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း။
သာဓု ... သာဓု ... သာဓု.။

အမောဟိတ်အစွမ်းကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ ပြည့်စုံနိုင်ကြတယ်တဲ့။ အမောဟဓာတ်ခံ၊ ပညာဓာတ်ခံပါတဲ့ ပုဂ္ဂိုလ်များ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေတတ်ပါတယ်။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေတတ်ပါတယ်။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေရင် ဒီပုဂ္ဂိုလ်ဟာ အမောဟ = ပညာဉာဏ် အခြေခံပါလာတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆုံးဖြတ်လို့ ရပါတယ်။ ဟေတုပစ္စည်းကို အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ နေရာကျပါတယ်။

(စာကြွင်း။ ။ ဓမ္မာနုပဿာနာ ရှုမှတ်ပုံအား ပခုက္ကူဆရာတော်ဘုရားကြီး ဥုးဣန္ဒောဘာသ နှင့် သစ္စာဒီပက ဆရာကြီးဦးကြည်တို့၏ သက်ဆိုင်ရာ တရားစာအုပ်များနှင့် အသံသွင်းတရားတော်များမှတဆင့် လေ့လာအားထုတ်နိုင်ကြပါတယ်။ တခြားဆရာကောင်းများလည်း ရှိပါသေးတယ်။)

လောဘ၊ မောဟ၊ ဒေါသဟိတ်တွေများနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သတိပဋ္ဌာန်တရားမှ ပွားများလို့ နေရာကျမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ကျတယ်။ လောဘ၊ ဒေါသ၊ မောဟဟိတ်တွေ ပယ်နိုင်သမျှပယ်၊ အလောဘ အဒေါသ အမောဟဟိတ်တွေ ဖြစ်နိုင်သမျှ ဖြစ်အောင် အခု ယောဂီတွေ ဒါနလည်း ပြုကြရ၊ သီလလည်း ဆောင့်တည်ကြရ၊ သမထတရား ဝိပဿနာတရားတွေလည်း စွမ်းနိုင်သမျှ အားထုတ်ကြရတာ ဖြစ်ပါတယ်။

ဒါနကလည်း အခိုက်အတန့်တော့ အနည်းငယ်တော့ ပယ်နိုင်ပါတာပါပဲ။ ဒါနပြုနေဆဲ အခိုက်အတန့်၊ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ အာဟာရတွေ စီမံလှူဒါန်းနေတဲ့ အခိုက်အတန့်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ အာဟာရတွေ စီမံပြီးတော့ လှူဒါန်းနေတဲ့ အလှူရှင်ရဲ့ သန္တာန်မှာ မလှူခင်ကတည်းက ဒီပစ္စည်းတွေ အပေါ်မှာ တပ်မက်တဲ့ လောဘကင်းပြီး အလောဘဖြစ်နေတယ်။

လှူနေဆဲခဏမှာ မိမိရဲ့အလှူကိုလာပြီး သုံးဆောင်မှီဝဲကြတဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်းသာသာ မှီဝဲသုံးဆောင်နိုင်ကြပါစေဆိုတဲ့ အဒေါသ = မေတ္တာဓာတ် ပါနေပါတယ်။

ဒီလိုလှူဒါန်းလိုက်သဖြင့် နောင်ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်းမှာ ပစ္စည်းဥစ္စာရတနာတွေ ပေါများကြွယ်ဝ ချမ်းသာပြီးတော့ ကိုယ်ပြုချင်တဲ့ ကောင်းမှုကို ဆက်ကာဆက်ကာပြုပြီး နိဗ္ဗာန်ချမ်းသာတိုင်အောင် အထောက်အပံ့ကောင်းတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်း ရှေ့သွားရှိတဲ့ အသိဉာဏ် အမောဟတွေ ဖြစ်မနေဘူးလား .... ဖြစ်နေပါတယ်။

ဒါနပြုနေတဲ့ အခိုက်အတန့်မှာ ပစ္စည်းဥစ္စာတွေကို မတွယ်တာ၊ မတပ်မက်တဲ့ အလောဘ၊ ဒါနပြုနေတဲ့ အခိုက်အတန့်မှာ မိမိအလှူကို လာပြီး သုံးဆောင်မှီဝဲနေတဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်းသာသာနဲ့ မှီဝဲသုံးဆောင်ပါစေဆိုတဲ့ အဒေါသ = မေတ္တာ၊ မိမိလှူထားတဲ့ အကျိုးတရားတွေ မုချ ခံစားရရှိနိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်း ရှေ့သွားရှိတဲ့ အသိဉာဏ် = အမောဟတွေ မတိုးတက်ပါဘူးလား ... တိုးတက်ပါတယ်။

အလောဘ၊ အဒေါသ၊ အမောဟတွေဖြစ်လာတော့ လောဘ၊ ဒေါသ၊ မောဟတွေ အလိုလို ပျောက်သွားပါတယ်။ ပယ်ပြီးသား ဖြစ်သွားတယ်။ ဒါပေမယ့်လည်း အမြဲတမ်းတော့ အလှူဒါနတွေ မပြုလုပ်နိုင်ပါဘူး။ မလုပ်နိုင်ပေဘူး။ လုပ်နိုင်တဲ့အခါတော့ ကင်းကင်းသွားတယ်။ ဒါနတွေ ပြုနေရတာလည်း နေရာကျပါတယ်။ အမြဲတမ်းကင်းသွားဖို့ဆိုတာတော့ ဘယ်တရားအားထုတ်ရမလဲဆိုရင် သတိပဋ္ဌာန်ဝိပဿနာတရားတွေ အားထုတ်ရပါမယ်။

ဝိပဿနာတရား အားထုတ်မှ မှတ်ချက်တိုင်း မှတ်ချက်တိုင်းမှာ လောဘ ဒေါသ မောဟကင်းနေတယ်။ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်၊ ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မှတ်နေတဲ့ အခိုက်အတန့်မှာ လောဘလည်း ဖြစ်ခွင့်မရ၊ ဒေါသလည်း ဖြစ်ခွင့်မရ၊ မောဟလည်း ဖြစ်ခွင့်မရ။ ဖောင်းတယ် ပိန်တယ်ဟု မှတ်နေတဲ့အချိန်အခါ လိုချင်စရာတွေလည်း လိုချင်နေသေးတယ်လို့ စိတ်ဟာ တစ်ချိန်တည်းမှာ နှစ်ခုပြိုင်ပြီးတော့ ဖြစ်လို့မရပေဘူး။ မှတ်နေလို့ ရှိရင် အဲဒီလောဘ ဖြစ်ခွင့်မရဘူး။

(စာကြွင်း။ ။ ဆရာတော်မှ မဟာစည်နာယကဖြစ်သောကြောင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ နိဿယဖြင့် ဖောင်းတယ်၊ ပိန်တယ်ဟု ဟောပေမယ့် သူတော်စင် ဓမ္မမိတ်ဆွေများအနေနဲ့ မိမိတို့ နှစ်သက်ရာ အားထုတ်နေတဲ့ နည်းဖြင့် အစားထိုး ရှုမှတ်ဆင်ခြင်ကြည့်ကြပါခင်ဗျာ။)

လိုချင်စရာတွေ မရလို့ စိတ်နှလုံးမသာမယာတွေ ဖြစ်နေတယ်လို့ ဒီလိုလည်း ဖြစ်ခွင့်မရဘူး။ အမှတ်ဖြစ်နေတော့ ဒေါသ ဒေါမနဿလည်း ဖြစ်ခွင့်မရဘူး။ တွေတွေဝေဝေလည်း မသိတော့ပေဘူး။ ဖောင်းတယ် ပိန်တယ်ဟု မှတ်နေတဲ့အခါ ဖောင်းတာက ရုပ်တရား၊ မှတ်သိနေတာက နာမ်တရားလို့ အမှန်အတိုင်း သိမနေဘူးလား ... သိနေပါတယ်။ မတွေမဝေသိနေတော့ အမောဟပဲ ဖြစ်တယ်။

လောဘ ဒေါသ မောဟတွေ မှတ်ချက်တိုင်း မှတ်ချက်တိုင်း မပယ်နေဘူးလား ... ပယ်နေပါတယ်။ အလောဘ အဒေါသ အမောဟတွေကို မှတ်ချက်တိုင်း မှတ်ချက်တိုင်း တိုးတက်စေတယ်။ ဝိပဿနာတရား ရှုမှတ်နေရင်တော့ ဟေတုပစ္စည်းထဲက မကောင်းတဲ့ ဟိတ်(၃)ပါးဖြစ်တဲ့ လောဘ ဒေါသ မောဟတွေကို ပယ်ပြီး၊ ကောင်းတဲ့ ဟိတ်(၃)ပါးဖြစ်တဲ့ အလောဘ အဒေါသ အမောဟတွေကို တိုးတက်ကြီးပွားစေပါတယ်။ ဝိပဿနာတရား ရှုမှတ်နေရတာ မှတ်ချက်တိုင်း မှတ်ချက်တိုင်း ကောင်းကျိုးတွေ ရနေပါတယ်။

အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ သိပ်ပြည့်စုံပါတယ်။
အနိစ္စဒဿနေန အလောဘော ဟောတိ။
ဒုက္ခဒဿနေန အဒေါသော ဟောတိ။
အနတ္တဒဿနေန အမောဟော ဟောတိ။

အနိစ္စဒဿနေန = အနိစ္စကို မြင်ခြင်းဖြင့်၊ အလောဘော = အလောဘသည်၊ ဟောတိ = ဖြစ်၏ ။ ဒုက္ခဒဿနေန = ဒုက္ခကို မြင်ခြင်းဖြင့်၊ အဒေါသော = အဒေါသသည်၊ ဟောတိ = ဖြစ်၏ ။ အနတ္တဒဿနေန = အနတ္တကို မြင်ခြင်းဖြင့်၊ အမောဟော = အမောဟသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါသတည်း။
သာဓု... သာဓု ... သာဓု ။

အနိစ္စဒဿနေန = အနိစ္စကို မြင်ခြင်းဖြင့်၊ အလောဘော = အလောဘသည်၊ ဟောတိ = ဖြစ်၏ ။ အနိစ္စကို မြင်အောင်ရှုနိုင်လို့ရှိရင်၊ အနိစ္စကို မြင်လို့ရှိရင် အလောဘဖြစ်လာတယ်။ မမြဲဘူးလို့ မြင်လို့ရှိရင် လိုချင်တော့ပါ့မလား .. မလိုချင်တော့ပါဘူး။ ဘာတစ်ခုမှ မြဲတာမဟုတ်ဘူး။ ကိုယ့်ခန္တာကိုယ်ထဲက တရားသဘောတွေ ဘာတစ်ခုမှ မမြဲဘူး။ ရုပ်တရားလည်း မမြဲဘူး၊ နာမ်တရားလည်း မမြဲဘူး။ ပစ္စည်းပစ္စယတွေလည်း မြဲတာမဟုတ်ဘူး။ ဒီလိုသိနေတော့ လောဘဖြစ်ပါတော့မလား .. မဖြစ်တော့ပါဘူး။ အလောဘဖြစ်တယ်။

ဒုက္ခဒဿနေန = ဒုက္ခကို မြင်ခြင်းဖြင့်၊ အဒေါသော = အဒေါသသည်၊ ဟောတိ = ဖြစ်၏ ။ ဒုက္ခတွေ မြင်နေတယ်။ ကုန်ပျက် ကုန်ပျက် နှိပ်စက်တာတွေကို ဒုက္ခထင်နေတော့ ဒေါသဟာလည်း မဖြစ်ချင်တော့ဘူး။ ဒေါသကြောင့် လူတွေဟာ ဒုက္ခဖြစ်နေကြပါတယ်။ သြော် ... ဒုက္ခဖြစ်ကြောင်း ဒေါသတွေ မဖြစ်ချင်တော့ဘူး။ ဒီမှာ ဒုက္ခမြင်နေတော့ ဒုက္ခထပ်ပြီး မဆင့်စေချင်တော့ဘူး။ ဒုက္ခမြင်တော့ ဒေါသတွေ ကင်းစင်နေတယ်။ ဝိပဿနာတရား အားထုတ်လို့ ဒုက္ခကောင်းကောင်းမြင်တဲ့ ပုဂ္ဂိုလ်တို့သည် ဒေါသတွေ ကင်းစင်ပြီး မေတ္တာဓာတ်တွေ တိုးပွားလာတတ်တယ်။ ဝိပဿနာတရား အားထုတ်ပြီးလို့ရှိရင် ပိုပြီး မေတ္တာဓာတ်တွေ များပြီးတော့ သူများတွေအပေါ်မှာ ချမ်းသာစေချင်တဲ့စိတ်တွေ မထင်ရှားဘူးလား... ထင်ရှားပါတယ်။ သိပ်ထင်ရှားတယ်။ အရင်တုံးက မတွေ့ချင်တဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရသော်လည်း ဒေါသတွေ မဖြစ်တော့ပေဘူး။ အဒေါသ = မေတ္တာဓာတ်တွေ ဖြစ်ပေါ်လာတယ်။

ဟေတုအရ ကောင်းတဲ့ဟိတ်တရားတွေ ပစ္စည်းတရားတွေ ဖြစ်ပေါ်လာပါတယ်။ ဘာကြောင့် ဖြစ်ပေါ်လာတာလဲ ... ဒုက္ခမြင်အောင် ရှုနိုင်လို့ပါပဲ။ ဒုက္ခကို မြင်အောင်ကလည်း ဘယ်တရားကို ရှုရပါမလဲ ... ဝိပဿနာတရားကို ရှုမှ ဒုက္ခစစ်စစ်ကို မြင်နိုင်ပါတယ်။

အနတ္တဒဿနေန = အနတ္တကို မြင်ခြင်းဖြင့်၊ အမောဟော = အမောဟသည်၊ (ဝါ) မတွေမဝေခြင်းသည်၊ (ဝါ) ဉာဏ်ပညာသည်၊ ဟောတိ = ဖြစ်၏ ။ အနတ္တကို မြင်အောင် ရှုနိုင်လို့ရှိရင် အမှန်အတိုင်းသိတဲ့ အမောဟ ဖြစ်လာတယ်။ ဘယ်အရာကိုမှ ကိုယ်အစိုးရတာ မရှိဘူး။ ကိုယ့်ခန္တာထဲက ရုပ်တရား နာမ်တရားတွေလည်း ဒီလိုဖြစ်ပါ၊ ဟိုလိုဖြစ်ပါ ကောင်းတာချည်းပဲဖြစ်ပါ၊ မကောင်းတာမဖြစ်ပါစေနဲ့ ..လို့ ဒီလိုလည်းအစိုးရပါရဲ့လား.... အစိုးမရပါ။ ဘယ်ပုဂ္ဂိုလ်မှ ဘယ်အရာဝတ္ထုကိုမှ အစိုးရတာ မရှိဘူး။ အမှန်အတိုင်း သိပါတယ်။ အမှန်ကို သိတာ အမောဟဖြစ်တယ်။ အနတ္တကို မြင်လို့ရှိရင် အမောဟဟိတ် မိမိသန္တာန်မှာ တိုးတက်ကြီးပွားလာတယ်။ ဘယ်တရားကို ရှုလို့ပါလဲ ... သတိပဋ္ဌာန် ဝိပဿနာတရား ရှုလို့ပါ။

ဆက်ရန် .... ဟေတု ၁(င) သို့

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်