ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

ဟေတုပစ္စည်း - ၁(င)

ဟေတုပစ္စည်း - ၁(င)

ဒါနကုသိုလ်နှင့် ပြည့်စုံပုံ

အနိစ္စမြင်တော့ လောဘတွေကင်းစင်လို့ အလောဘတွေ ဖြစ်လာတယ်။ အလောဘတွေ ဖြစ်လာလို့ရှိရင် ဒါနကုသိုလ်တွေ ပြည့်စုံဖို့ရာဖြစ်တယ်။ ဒါနကုသိုလ်တွေ ရှေးကထက် ပိုပြီး မပြည့်စုံဘူးလား။ ... ပြည့်စုံပါတယ်။

ဆောင်ပုဒ်။ ။ အနိစ္စမြင်တော့၊ လောဘစင်သည်၊
လောဘစင်တော့၊ အလောဘဝင်သည်၊
အလောဘဝင်၊ ဒါနလျှင် အစဉ်ပြည့်စုံသည်။

အနိစ္စမြင်အောင်ရှုနိုင်တော့ မမြဲဘူးလို့ သိတယ်။ မမြဲဘူးလို့ သိတော့ လောဘတွေ မကင်းစင်ပါဘူးလား။ ... ကင်းစင်ပါတယ်။ မမြဲတာကို ဘယ်ပုဂ္ဂိုလ်မှ မလိုချင်တော့ဘူး။ ဘယ်အရာကိုမှ မလိုချင်တော့ဘူး။ လောဘတွေ ကင်းစင်သွားတယ်။ "လောဘစင်" ဆိုတာ လောဘတွေ ကင်းစင်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ လောဘကင်းစင်တော့ အလောဘဖြစ်လာတယ်။ အလောဘ မဝင်လာပါဘူးလား ... ဝင်လာပါတယ်။ လောဘကင်းစင်သွားတာနဲ့ အလောဘမဝင်လာပါဘူးလား ... ဝင်လာပါတယ်။ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ပဲ ဖြစ်တယ်။ လောဘမရှိရင် အလောဘဖြစ်တော့တာပဲ။ လောဘတွေ ကင်းစင်သွားတော့ အလောဘတွေ ဝင်လာတယ်။ လောဘတွေ ဝင်လာတော့ ဒါနတွေ ရှေးကထက် ပိုပြီးတော့ မပြုလုပ်နိုင်ပါဘူးလား ... ပြုလုပ်နိုင်ပါတယ်။ ဒါနတွေ ပြုလုပ်ဖို့ရာ ဒါနတွေ အစဉ်ပြည့်စုံဖို့ရာ ဖြစ်တယ်။

အနိစ္စမြင်လျှင် လောဘကင်းစင်တယ်။ လောဘကင်းစင်လို့ရှိရင် အလောဘ ဝင်လာတယ်။ အလောဘတွေ ဖြစ်လာရင် ဒါနကုသိုလ်တွေ ပြည့်စုံဖို့ ဖြစ်တယ်။ ယောဂီတွေ ဒါနနှင့် မပြည့်စုံချင်ပါဘူးလား ... ပြည့်စုံချင်ကြပါတယ်။ ဒါကြောင့် အနိစ္စမြင်အောင်လည်း မရှုရပါဘူးလား ... ရှုရပါတယ်။

ဟေတုပစ္စည်းထဲက မကောင်းတဲ့ ဟိတ်တွေကို ပယ်နိုင်ရအောင်၊ ကောင်းတဲ့ ဟိတ်တွေကို တိုးပွားလာရအောင် ဘယ်တရားများ ရှုမှတ်ရပါမလဲ ... သတိပဋ္ဌာန် ဝိပဿနာတရား ရှုမှတ်ရပါမယ်။ အနိစ္စမြင်အောင် ရှုနိုင် မှတ်နိုင်ရင် မကောင်းတဲ့ လောဘတွေ ကင်းစင်ပြီး ကောင်းတဲ့ လောဘတွေ ဝင်လာပါတယ်။ ဒါနကုသိုလ်တွေ ပြည့်စုံဖို့ ဖြစ်လာတယ်။ နေရာမကျပါဘူးလား .. နေရာကျပါတယ်။

သီလကုသိုလ်နှင့် ပြည့်စုံပုံ

ဒုက္ခဒဿန = ဒုက္ခကိုမြင်အောင် ရှုနိုင်ခြင်းဖြင့်၊ အဒေါသော = အဒေါသဟိတ်သည်၊ ဟောတိ = ဖြစ်၏ ။ ဒုက္ခမြင်အောင် ရှုနိုင်တော့ ဒေါသတွေ မဖြစ်တော့ဘူးတဲ့။ ဒုက္ခတွေ မြင်နေရတော့ ဒုက္ခဖြစ်ကြောင်း ဒေါသထပ်ပြီး ဖြစ်ချင်ပါဦးမလား ... မဖြစ်ချင်တော့ပါဘူး။ ဒေါသတွေ ကင်းစင်တယ်။ ဒေါသတွေ ကင်းစင်တော့ ဘာဝင်လာပါသလဲ ... အဒေါသ ဝင်လာပါတယ်။ အဒေါသဝင်လာတော့ ဘယ်ကုသိုလ်နှင့် ပြည့်စုံလာပါသလဲ ... သီလကုသိုလ်နှင့် ပြည့်စုံလာပါတယ်။ အဒေါသ = မေတ္တာများတဲ့ပုဂ္ဂိုလ် ၊ မေတ္တာပြဋ္ဌာန်းတဲ့ ပုဂ္ဂိုလ်တို့သည် သူတစ်ပါးအသက်ကို သတ်ဖို့ရာ ဝန်လေးသွားကြသောကြောင့် သီလပိုပြီးတော့ လုံခြုံသွားကြတယ်။ သူတစ်ပါးပစ္စည်း ခိုးဖို့ရာလည်း ဝန်လေးသွားပြီး။ ပိုပြီးတော့ အဲဒီသိက္ခာပုဒ်တွေ လုံခြုံသွားကြတယ်။ သီလကုသိုလ်တွေ ပြည့်စုံသွားကြဖို့ပဲ ဖြစ်တယ်။

ဆောင်ပုဒ်။ ။ ဒုက္ခမြင်တော့၊ ဒေါသစင်သည်၊
ဒေါသစင်တော့၊ အဒေါသဝင်သည်၊
အဒေါသဝင်၊ သီလလျှင်၊ အစဉ်ပြည့်စုံသည်။

ဒုက္ခမြင်အောင် ထင်အောင် ရှုလိုက်တော့ ဒေါသတွေ ကင်းစင်တယ်။ ဒေါသတွေ ကင်းစင်တော့ အဒေါသ = မေတ္တာဓာတ်တွေ ဝင်လာတဲ့အခါ သီလနဲ့ပိုပြီးတော့ ပြည့်စုံလာဖို့ရာဖြစ်တယ်။ ယောဂီများ သီလနှင့် မပြည့်စုံချင်ကြပါဘူးလား ... ပြည့်စုံချင်ကြပါတယ်။ ပြည့်စုံချင်လို့ရှိရင် ဒုက္ခထင်အောင် ရှုနိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်မကျနေပါဘူးလား .. အဓိပ္ပါယ်ကျနေပါတယ်။

ဘာဝနာကုသိုလ်နှင့် ပြည့်စုံပုံ

အနတ္တ ဒဿနေန = အနတ္တကို မြင်ခြင်းဖြင့်၊ အမောဟော = အမောဟသည်၊ ဟောတိ = ဖြစ်၏ ။ အနတ္တကို မြင်အောင် ရှုလိုက်တော့ တွေဝေတဲ့ မောဟတွေ ကင်းစင်သွားတယ်။ မောဟတွေ ကင်းစင်သွားတော့ မတွေမဝေ အမှန်တိုင်းသိတဲ့ အမောဟဖြစ်လာတယ်။ အမောဟဖြစ်လာတော့ အရှေးကထက် ဘာဝနာတရားတွေကို ပို၍ အားထုတ်နိုင်တယ်။ အားထုတ်နိုင်သောကြောင့် ဘာဝနာကုသိုလ်တွေနှင့် ပိုပြည့်စုံလာရပေတယ်။

ဆောင်ပုဒ်။ ။ အနတ္တမြင်တော့၊ မောဟစင်သည်၊
မောဟစင်တော့၊ အမောဟဝင်သည်၊
အမောဟဝင်၊ ဘာဝနာလျှင်၊ အစဉ်ပြည့်စုံသည်။

အနတ္တမြင်တော့ တွေဝေမိုက်မှားတဲ့ မောဟတွေ ကင်းစင်တယ်။ မောဟတွေ ကင်းစင်တော့ အမောဟတွေ ဝင်လာတယ်။ အမောဟတွေ ဝင်လာတော့ ဘာဝနာကုသိုလ်တွေ ကြိုးကြိုးစားစား အားထုတ်နိုင်တယ်။ ဘာဝနာကုသိုလ်နှင့် ပိုပြီး ပြည့်စုံလာပါတယ်။

အနိစ္စမြင်လျှင်၊ လောဘစင်၊ အလောဘဝင်၊ ဒါနကုသိုလ်နှင့် ပြည့်စုံဖို့ပင်။
ဒုက္ခမြင်လျှင်၊ ဒေါသစင်၊ အဒေါသဝင်၊ သီလကုသိုလ်နှင့် ပြည့်စုံဖို့ပင်။
အနတ္တမြင်လျှင်၊ မောဟစင်၊ အမောဟဝင်၊ ဘာဝနာကုသိုလ်နှင့် ပြည့်စုံဖို့ပင်။

အနိစ္စ ဒုက္ခ အနတ္တမြင်အောင် ရှုနိုင်လို့ရှိရင် လောဘ ဒေါသ မောဟဟိတ်တွေ မကောင်းတဲ့ဟိတ်တွေ ပယ်ပြီးသားဖြစ်တယ်။ အလောဘ အဒေါသ အမောဟဟိတ်တွေ ကြီးပွားလာပြီးတော့ ကုသိုလ် အမျိုးမျိုးနှင့် ပြည့်စုံလာတယ်။ ဒါနနှင့်လည်း ပြည့်စုံ၊ သီလနှင့်လည်း ပြည့်စုံ၊ ဘာဝနာနှင့်လည်း ပြည့်စုံဖို့ရာ ဖြစ်သွားပါတယ်။ ဒါကြောင့် ဝိပဿနာရှုရာမှာ အနိစ္စမြင်အောင် ရှုနိုင်ဖို့၊ ဒုက္ခမြင်အောင် ရှုနိုင်ဖို့၊ အနတ္တမြင်အောင် ရှုနိုင်ဖို့ရာ အရေးမကြီးပါဘူးလား ... အရေးကြီးပါတယ်။

ဝိပဿနာရှုတဲ့အခါ ဝိပဿနာစစ်စစ်ဖြစ်ဖို့ရာ အနိစ္စ ဒုက္ခ အနတ္တမြင်အောင် ရှုရာမှာဖြစ်တယ်။ ရှေ့ပိုင်း ဝိပဿနာကတော့ တရားသဘောလေးတွေ ရှေးဦးစွာ တွေ့မြင်အောင်သာ ဝိပဿနာ ရှုရပါသေးတယ်။ အနိစ္စ ဒုက္ခ အနတ္တတွေကို ရှုလျှင်ရှုခြင်းတော့ မြင်မှ မြင်နိုင်ပါဦးမလား ... မမြင်နိုင်သေးပေဘူး။

အစပိုင်းမှာ ဝိပဿနာမည်ပုံ

ပညတ္တိံ ဌပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ။
ပညတ္တိံ = ခေါင်း ကိုယ် ခြေ လက်စသော ပုံသဏ္ဌာန် သဏ္ဌာန ပညတ်များကို၊ ဌပေတွာ = ခွာထား၍၊ ဝိသေသေန = အထူးထူး အပြားပြားအားဖြင့်၊ ပဿတိ = ရှုတတ်၏ ။ ဣတိ တသ္မာ = ထိုသို့ ပညတ်ကို ခွာ၍ အထူးထူး အပြားပြား ရှုရတဲ့အတွက်ကြောင့်၊ ဝိပဿနာ = ဝိပဿနာမည်၏ ။

အစပိုင်း ဝိပဿနာရှုတဲ့အခါမှာ ပညတ်ပုံသဏ္ဌာန်တွေကို ခွာနိုင်သမျှ ခွာပြီးတော့ ရှုရတယ်။ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်လို့ ရှုမှတ်ရာတွင် ဖောင်းတယ်လို့ ရှုမှတ်တဲ့အခါမှာ ဝမ်းဗိုက်ပုံသဏ္ဌာန် ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ပိန်တယ်လို့ ရှုမှတ်တဲ့အခါမှာ ဝမ်းဗိုက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ဖောင်းတယ်လို့ မှတ်တဲ့အခါမှာ အတွင်းက တောင့်တင်းတဲ့သဘော၊ တွန်းကန်တဲ့ သဘောတရားကို၊ ပိန်တယ်လို့ မှတ်တဲ့အခါမှာ အတွင်းက လှုပ်ရှားသွားတဲ့သဘော၊ ရွေ့သွားတဲ့သဘောတရားကို သိအောင် မစူးစိုက်ရပါဘူးလား ... စူးစိုက်ရပါတယ်။

ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက် ပုံသဏ္ဌာန်ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ကြွတယ်လို့ မှတ်တဲ့အခါ အပေါ်ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့တက်သွားတဲ့ သဘောတွေကို သိနိုင်သမျှ သိအောင်စူးစိုက်ရတယ်။ လှမ်းတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ရှေ့ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့သွားတဲ့ သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရတယ်။ ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ အောက်သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့သွားတဲ့ သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။

ဤကဲ့သို့ ပညတ်ကို ခွာ-ခွာပြီးတော့ ဖောင်းတဲ့အမူအရာ ပိန်တဲ့အမူအရာ ကြွတဲ့အမူအရာ လှမ်းတဲ့အမူအရာ ချတဲ့အမူအရာ အထူးထူးအပြားပြားတွေကိုလိုက်ပြီး မရှုရရပါဘူးလား ... ရှုရပါတယ်။ ရှုရတဲ့အတွက်ကြောင့် အဲဒီလို ရှုရတာကို ဘာလို့ခေါ်ပါသလဲ ... ဝိပဿနာလို့ ခေါ်ပါတယ်။

နောက်ဆင့်ကာဆင့်ကာ ရှုမှတ်လို့ သမာဓိဉာဏ်တွေ ရင့်ကျက်လာ၍ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်တို့သို့ ရောက်လာတဲ့အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို မြင်လာကြပါတယ်။ ဝိပဿနာရှုတဲ့အခါ အနိစ္စ ဒုက္ခ အနတ္တတို့ကို မြင်လို့ရှိရင် အခုပြောခဲ့ပြီးတဲ့အတိုင်း အကျိုးတရားတွေ ရရှိနိုင်ပါတယ်။ သမ္မသနဉာဏ်သို့ ရောက်လာရင် အနိစ္စ ဒုက္ခ အနတ္တတွေ သုံးသပ်ဆင်ခြင်ပြီး သိလာပါတယ်။

နာမရူပပရိစ္ဆေဒဉာဏ် - ရုပ် နာမ်ကွဲတဲ့အဆင့်မှာတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ မထင်ရှားလာသေးပေဘူး။ ပစ္စယပရိဂ္ဂဟဉာဏ် ရောက်လာတဲ့အခါမှာလည်း မထင်ရှားသေးပေဘူး။ အကြောင်းနှင့် အကျိုးမျှသာ ထင်ရှားကြတယ်။ သမ္မသနဉာဏ်သို့ ရောက်လာတဲ့အခါ အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ သုံးသပ်ဆင်ခြင်ပြီးတော့ သိလာကြတယ်။ သမ္မသနဉာဏ်သို့ ရောက်လာတဲ့အခါ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်ဟု ရှုမှတ်လို့ မကြာသေးမီ တစ်ခါတစ်ခါ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့်လောက်မှာပင် နာတာ ကျင်တာ အောင့်တာ ကိုက်တာ ခဲတာ မူးတာ ယားတာ အော့ချင် အန်ချင်ရှိတာ ယိမ်းတာ ယိုင်တာ ဖိတာ လေးတာ တွန်းနေတာ ဆွဲနေတာများကို မတွေ့ရပါဘူးလား ... တွေ့ရပါတယ်။ အော် .. ဒီခန္တာကြီး ခံလိုက်ရတာ၊ ဒုက္ခတုံး ဒုက္ခခဲကြီးပါလားလို့ မထင်လာပါဘူးလား ... ထင်လာပါတယ်။

ဘဝဆိုးတွေ မြင်တတ်ပုံ

ထိုင်၍ရှုမှတ်စဉ် အာရုံနိမိတ်တွေကလည်း ဘာတွေ ထင်လာတတ်ပါသလဲဆိုတော့ အသုဘတွေချည်းပဲ ထင်လာတတ်တယ်။ အလောင်းကောင်တွေ အရိုးစုတွေ မထင်လာတတ်ပါဘူးလား .. ထင်လာတတ်ပါတယ်။ သမာဓိဉာဏ်အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဘဝါဘဝက ဘဝဟောင်းတွေက ဆိုးခဲ့တဲ့ ဘဝအမျိုးမျိုးတွေကိုလည်း မြင်တတ်တယ်။ တချို့တချို့ကလည်း အတိတ်ဘဝက မိချောင်းဖြစ်ခဲ့လို့ မိမိခန္တာကိုယ်ဟာ မိချောင်းပုံသဏ္ဌာန်ကြီးလို၊ အတိတ်ဘဝက လိပ်ဖြစ်ခဲ့လို့ မိမိခန္တာကိုယ်ဟာ လိပ်ပုံသဏ္ဌာန်ကြီးလို အမျိုးမျိုး ထင်နေတတ်ကြပေတယ်။ ကြံခင်းမြို့၊ တရားစခန်းတစ်ခုမှာ တရားထိုင်မှတ်လိုက်လျှင် သူ့ခန္တာကိုယ် နဂါးပုံသဏ္ဌာန်ဖြစ်သွားလို့ ဆရာတော်ကြီးများက ယောဂီတစ်ဦးကို နဂါးယောဂီဟု အမည်ပေးထားဖူးပါတယ်။

သမ္မသနဉာဏ်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တသိပုံ

ဤကဲ့သို့ သမ္မသနဉာဏ်၌ ယောဂီမှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေလည်း ဖြစ်နေရ၊ အဲဒီပုံသဏ္ဌာန်ဆိုးကြီးများကိုလည်း တွေ့ရတော့ "အော် .. မိမိဘဝဟောင်းတွေက တယ်ဆိုးခဲ့ပါလား" ဟု ဝမ်းနည်းပြီး ချုံးချုံးချ မငိုရပါဘူးလား .. ငိုရပါတယ်။ အော် ... ဆင်းရဲလိုက်တာ၊ မဆင်းရဲပါဘူးလား ... ဆင်းရဲပါတယ်။ ဤခန္တာကိုယ်ကြီးကို ဒုက္ခပဲဟု သုံးသပ်ပြီးတော့ သိတယ်။ ဒုက္ခလို့ သုံးသပ်ပြီးတော့ သိတာ သမ္မသနဉာဏ် ဖြစ်တယ်။

နာတာ ကျင်တာတွေကလည်း တစ်မျိုးပြီးတစ်မျိုး၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲပြီး နာလိုက် ကျင်လိုက် အောင့်လိုက် ဖြစ်နေတော့ မြဲပါရဲ့လား... မမြဲပါဘူး။ မမြဲပါလားလို့ သုံးသပ်ပြီးတော့ မသိပါဘူးလား ... သိပါတယ်။ မမြဲခြင်း အနိစ္စလို့ သုံးသပ်ပြီးတော့ သိတာ သမ္မသနဉာဏ် ဖြစ်တယ်။

ဝိပဿနာတရား လာအားထုတ်တာ ချမ်းချမ်းသာသာနဲ့ အားထုတ်ချင်လို့ လာခဲ့တာ အခု ဒီဉာဏ်ကျတော့ ချမ်းချမ်းသာသာနဲ့ အားထုတ်လို့ ရပါရဲ့လား ... မရပါဘူး။ နာတာ ကျင်တာ ကိုက်ခဲတာတွေ လိုချင်လို့ ဝိပဿနာတရား လာအားထုတ်တာပါလား ... မဟုတ်ပါဘူး။ မဟုတ်ပေမယ့် ကိုယ်မဖြစ်ချင်တာတွေ ဖြစ်နေရတယ်။ ကိုယ်အစိုးရပါရဲ့လား .. ကိုယ်အစိုးမရပါဘူး။ ကိုယ်အစိုးမရဆိုတာ ဗမာလိုဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။ မတွေ့ရပါဘူးလား ... တွေ့ရပါတယ်။

အနိစ္စ ဒုက္ခ အနတ္တတွေ မထင်သွားပါဘူးလား ... ထင်သွားပါတယ်။ နေရာကျသွားပြီး။ လောဘ ဒေါသ မောဟ မကောင်းတဲ့ဟိတ်တွေ ပယ်နိုင်သမျှ ပယ်လို့ရသွားပါပြီ။ ကောင်းတဲ့ ဟိတ် အလောဘ အဒေါသ အမောဟတွေ တိုးတက်နိုင်သမျှ တိုးတက်လာပြီဖြစ်တယ်။

နောက် ဆရာသမားတွေ ညွှန်ပြတဲ့အတိုင်း ဆင့်ကာ ဆင့်ကာ ရှုမှတ်လို့ ဉာဏ်စဉ်တစ်ဆင့် တက်သွား၍ ဥဒယဗယဉာဏ် ရောက်သွားတော့ ပြောင်းပြန် ပြန်ဖြစ်သွားတယ်။ လေးလံတာ ထိုင်းမှိုင်းတာတွေလည်း မရှိတော့ပေဘူး။ နာတာ ကျင်တာ အောင့်တာတွေလည်း မရှိတော့ပေဘူး။ မူးတာ ယားတာတွေလည်း မရှိတော့ပေဘူး။ ပေါ့ပါး သွက်လက်ပြီး ကာယလဟုတာ စိတ္တလဟုတာ = ကိုယ်ကလည်းပေါ့ပါး စိတ်ကလည်းပေါ့ပါး၊ ကာယမုဒုတာ စိတ္တမုဒုတာ = ကိုယ်ကလည်း နူးညံ့ စိတ်ကလည်း နူးညံ့။

သမ္မသနဉာဏ်တုန်းကတော့ ယောဂီက စိတ်ဆိုးနေတတ်တယ်။ စိတ်တွေလည်း ညစ်နေတတ်တယ်။ တချို့တချိုသော ယောဂီများ တော်တော်ကို ဆိုးနေတာပါပဲ။ ကမ္မဋ္ဌာန်းဆရာကိုတောင် ပြန်ပြန်ပြီး ပြောနေတတ်တယ်။ ပြန်ပြီး လျှောက်ထားနေတတ်ကြတယ်။

ဆက်ရန် ... ဟေတု ၁(စ)

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်