ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

ဟေတုပစ္စည်း - ၁(ဂ)

ဟေတုပစ္စည်း - ၁(ဂ)

ဟေတုပစ္စည်းက ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလမှာပင် ကျေးဇူးပြုပုံ

အမှာ။ ။ ဟေတုပစ္စည်းက ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလမှာပင် ကျေးဇူးပြုတယ်။ နောင်ဘဝများမှာ ဖြစ်ခြင်းသည် အကျိုးဆက်မျှသာ ဖြစ်ပါတယ်။ ဟေတုပစ္စည်းက တိုက်ရိုက်ကျေးဇူးပြုတာ မဟုတ်ဘူးလို့ သိကြရပါတယ်။

ရောဂါသမသီတိ ရဟန္တာ = ရောဂါလည်းပျောက်၊ ရဟန္တာလည်းဖြစ်၊ ဒီလိုပုဂ္ဂိုလ်လည်း ရှိတယ်။ ဇီဝိတသမသီတိ ရဟန္တာ = ရဟန္တာလည်းဖြစ်၊ အသက်လည်းကုန်၊ မှတ်နေရင်း မှတ်နေရင်းနဲ့ အသက်လည်းကုန်သွားတော့ မောဟဖြင့် သေတာမဟုတ်၊ အမောဟဖြင့် (သေတာ) ပရိနိဗ္ဗာန်စံတာ ဖြစ်ပါတယ်။ ပညာဉာဏ်ဖြင့် (သေတဲ့) ပရိနိဗ္ဗာန်စံတဲ့အတွက်ကြောင့် ရဟန္တာအဖြစ်ဖြင့် (သေရတဲ့) ပရိနိဗ္ဗာန်စံရတဲ့အတွက်ကြောင့် နိဗ္ဗာန်ပြည် ရောက်သွားပါမယ်။

အမောဟနဲ့ သေဖို့ရာ ယောဂီများအတွက် အရေးကြီးဆုံးပါပဲ။ အမောဟနဲ့ သေနိုင်ရအောင် သတိပဋ္ဌာန် ဝိပဿနာတရား ရှုမှတ်နေရပါမယ်။ ရှုမှတ်နေရင်း အမောဟနဲ့ သေရတာ အကောင်းဆုံးပါပဲ။ မတွေမဝေသေရတော့ သောတာပန်ဆိုရင်လည်း မြင့်မြတ်တဲ့ ဘုံဘဝပဲရောက်မယ်။ သကဒါဂါမ်ဆိုရင်လည်း လူ့ပြည်၊ နတ်ပြည် (၆)ထပ်သို့ ရောက်မယ်။ အနာဂါမ်ဆိုရင်လည်း ဗြဟ္မာပြည်သို့ ရောက်မယ်။ ရဟန္တာဆိုရင်လည်း နိဗ္ဗာန်သို့ ရောက်သွားမှာပါပဲ။ အဋ္ဌကထာဆရာတွေ ဖွင့်ပြထားတာ အလွန်ပဲ နေရာကျပါတယ်။

လောဘ၊ ဒေါသ၊ မောဟတည်းဟူသော မကောင်းတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုမယ်ဆိုလို့ရှိရင် တိရစ္ဆာန်တို့၊ ငရဲတို့၊ ပြိတ္တာသို့ ကျသွားနိုင်ပါတယ်။ ကောင်းတဲ့ဟိတ် (၃)ပါး အလောဘ၊ အဒေါသ၊ အမောဟတို့က ကျေးဇူးပြုရင် လူ့ပြည်၊ နတ်ပြည် (၆)ထပ်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်တိုင်အောင်ပဲ ရောက်ရှိသွားနိုင်ပါတယ်။

ဒီတော့ အလောဘ၊ အဒေါသ၊ အမောဟတရားတွေ များများဖြစ်အောင် ယောဂီများ အားထုတ်ဖို့ လိုအပ်ပါတယ်။ လူ့ပြည်ရောက်နေတဲ့ အခိုက်အတန့်ဖြစ်လို့ အားထုတ်နေကြရတာဖြစ်တယ်။ အခုယောဂီများကတော့ အမြဲတမ်းလိုပဲ အားထုတ်နေကြပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေဖြစ်အောင် အားထုတ်နေကြရတာဖြစ်တယ်။ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။

အလောဘနှင့် လောဘတို့၏ အကျိုးအပြစ်များ

အဋ္ဌာကထာဆရာတွေက အများကြီးပဲ ဖွင့်ပြထားပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပြစ်တွေ၊ အလောဘ၊ အဒေါသ၊ အမောဟတွေရဲ့ အကျိုးတွေ ဟေတုပစ္စည်းရဲ့ အကျိုး အပြစ်တွေကို အဋ္ဌကထာဆရာတွေက ဖွင့်ပြတာ သိပ်ကောင်းပါတယ်။

အလောဘော အရောဂျဿ ပစ္စယော ဟောတိ။
အလောဘော = အလောဘသည်၊ အရောဂျဿ = ကျန်းမာခြင်း၏၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အဒေါသော ယောဗ္ဗနဿ ပစ္စယော ဟောတိ။
အဒေါသော = အဒေါသသည်၊ စိတ်မဆိုး အမျက်မထွက်တတ်ခြင်းသည်၊ ယောဗ္ဗနဿ = အရွယ်ကောင်းခြင်း၊ အရွယ်တင်ခြင်း၏၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အမောဟော ဒီဃာယုကတာယ ပစ္စယော ဟောတိ။
အမောဟော = အမောဟသည်၊ ဒီဃာယုကတာယ = အသက်ရှည်ခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း..။
သာဓု ... သာဓု .... သာဓု ။

အလောဘ မလိုချင် မတပ်မက်ခြင်းဟာ အရောဂျဿ = အနာရောဂါကင်းခြင်း၏ ၊ ပစ္စယော = အကြောင်းဖြစ်တယ်။ လောဘနည်းတဲ့ ပုဂ္ဂိုလ်တွေ အရာရာမှာ စားတဲ့သောက်တဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ကိုယ်အမူအရာ နှုတ်အမူအရာတွေ ပြုလုပ်မည့်အရာတွေမှာဖြစ်ဖြစ် လောဘနည်းတဲ့ ပုဂ္ဂိုလ်ဆိုတော့ အတိုင်းအတာနဲ့ မှီဝဲသုံးဆောင်တတ်တယ်။ မျှတရုံပဲ မှီဝဲသုံးဆောင်တတ်တယ်။ ဒီတော့ ကျန်းမာပါတယ်။

ပြောင်းပြန်အားဖြင့် လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေ စားတဲ့အခါမှာလည်းပဲ သူကြိုက်တဲ့ အစာတွေနဲ့ တွေ့ရင် အလွန်အကျွံ စားတတ်တယ်။ လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အစားလည်းကြီးတယ်။ အစားကြီးပြီး အလွန်အကျွံစားတော့ အစာမကြေရောဂါတွေ ဖြစ်ကြရတယ်။

အလောဘဟာ ကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။ လောဘက မကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။ သတိထားသင့်ပါတယ်။

လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ မကျန်းမမာ ဖြစ်လာတတ်တယ်။ ဟိုဟာလည်း လိုချင်၊ ဒီဟာလည်း လိုချင်၊ ဟိုဟာလည်းရချင်၊ ဒီဟာလည်းရချင်။ လောဘကြီးတော့ နေရာဒေသမရွေး၊ အချိန်ကာလမရွေး၊ အစားအသောက်မရွေး ပြုလုပ်စားသောက်တော့ မကျန်းမာတော့ပါဘူး။ လောဘနည်းတဲ့ ပုဂ္ဂိုလ်ကတော့ အချိန်ကာလကို ကြည့်ပြီးတော့ ရသင့်တာမှပဲ ယူတော့မယ်။ မရသင့်တာ မယူတော့ဘူး။ စားသင့်တာမှပဲ စားမယ်။ မစားသင့်တာ မစားတော့ပေဘူး။ လောဘနည်းနေတော့ အတိုင်းအရှည် ပမာဏကိုသိပြီး မှီဝဲသုံးဆောင်တတ်တော့ ကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တယ်။

ကျန်းမာတာဟာလည်း ယောဂီများအတွက် အကောင်းဆုံး လာဘ်တစ်ခုပဲ။ "အာရောဂျာ ပရမာ လာဘာ" အရောဂျာ = ကျန်းမာခြင်းသည်၊ ပရမာ = မြတ်သော၊ လာဘာ = လာဘ်ကြီးတစ်ခုပင်တည်း။ ကျန်းမာနေတာ အကောင်းဆုံး အမြတ်ဆုံး လာဘ်ပဲဖြစ်တယ်။ ယောဂီများ မကြာခဏ နာကြားဘူးပါတယ်။ ကျန်းမာမှ လောကရေးရာတွေလည်း ဆောင်ရွက်နိုင် အားထုတ်နိုင်ပါတယ်။ ကျန်းမာတဲ့ ပုဂ္ဂိုလ် လောကရေးရာ စီးပွားရေး ကြီးပွားရေးတွေလည်း ထိုက်သည့်အားလျော်စွာ မိမိကိုယ်အား ဉာဏ်အားနှင့်အမျှ ဆောင်ရွက်နိုင်ပါတယ်။ လောကုတ္တရာရေးရာဘက်က၊ ဓမ္မရေးရာဘက်ကလည်း ကျန်းမာတဲ့ ပုဂ္ဂိုလ်မှ မိမိရဲ့ တရားဓမ္မကို ကြိုးကြိုးစားစား အားထုတ်နိုင်တယ်။ အကျန်းမာရင်တော့ အားမှ မထုတ်နိုင်တော့ပါဘူး။

ဆောင်ပုဒ်။ ။ ယုံကြည်ကျမ်းမာ၊ ဖြောင့်စွာစိတ်ထား၊ ကြိုးစားတွင်တွင်၊ ဖြစ်ပျက်မြင်၊ ငါးအင်တရားရကြောင်းတည်း။

တရားရကြောင်း အင်္ဂါငါးပါးတို့တွင် ယုံကြည်တာက နံပါတ်(၁)။ ကျန်းမာတာက နံပါတ်(၂)ဖြစ်တယ်။ ကျန်းမာတာက နံပါတ်(၂)ကနေပြီးတော့ တရားရဖို့ ကျေးဇူးပြုနေပါတယ်။ ဒါကြောင့် အလောဘ မိမိတို့ သန္တာန်မှာ ရှိနေဘို့ ကောင်းပါတယ်။ လောဘနည်းနိုင်သမျှ နည်းအောင် အားထုတ်ရပါတယ်။ ဟေတုပစ္စည်းတွေထဲက အလောဘဆိုရင် ပြည့်စုံလာဖို့၊ လောဘဆိုရင် ပယ်နိုင်ဖို့ အားထုတ်ကြရပါတယ်။

အဒေါသက အရွယ်နှင့်ပြည့်စုံခြင်းရဲ့ အကြောင်း၊ အရွယ်တင်ခြင်းရဲ့အကြောင်းဖြစ်တယ်။ အဒေါသက အရွယ်တင်ခြင်းရဲ့အကြောင်းဆိုတော့ ဒေါသက အရွယ်အိုလွယ်ခြင်းရဲ့အကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ ပုဂ္ဂိုလ် ဒေါသမီးက လောင်တော့ အိုလွယ်ပါတယ်။ ဒေါသကြီးတော့ ခန္တာကိုယ်မှ စိတ္တဇရုပ်တွေကို စပြီးလောင်ပါတယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် ဆံပင်တွေ မြန်မြန်ဖြူတတ်တယ်။ နားထိုင်း၊ ခါးကိုင်း မြန်မြန်ဖြစ်လာတတ်တယ်။ သွားတွေလည်း မြန်မြန် ကျိုးလာတတ်တယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် အရွယ်အိုလွယ်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသ မေတ္တာများတဲ့ ပုဂ္ဂိုလ်ကတော့ အရွယ်တင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုပုံ အဋ္ဌကထာဆရာတွေ ဖွင့်ပြပြတယ်။

အမောဟကတော့ အသက်ရှည်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဉာဏ်ပညာရှိတော့ သင့်တာတွေကို ပြုလုပ်ဆောင်ရွက်ပြီး မသင့်တာတွေကို ရှောင်ကြဉ်တော့ အသက်ရှည်ပါတယ်။ မောဟကတော့ အသက်တိုကြောင်းပဲ ဖြစ်တယ်။ တွေတွေဝေဝေ ဘာမှ ကောင်းတာ ဆိုးတာ မသိဘူး၊ ကိုယ်နဲ့ တည့်လား၊ မတည့်လား၊ ကိုယ်နဲ့သင့်လား၊ မသင့်လား၊ မသိဘဲနှင့် မှီဝဲတယ်၊ သုံးဆောင်တယ်၊ ပြုလုပ်တယ်ဆိုရင် အသက်တိုသွားနိုင်ပါတယ်။

ဟေတုပစ္စည်းက ယောဂီများရဲ့ သန္တာန်မှာ အမြဲကျေးဇူးပြုနေပါတယ်။ အကြောင်းတရားတွေနဲ့ ကောင်းတာဖြစ်ဖို့၊ အကြောင်းတရားတွေနဲ့ ဆိုးတာဖြစ်ဖို့၊ အကြောင်းတရား (၂)မျိုးဟာ ရှိနေကြတာပါပဲ။ ရဟန္တာပုဂ္ဂိုလ် မဖြစ်သေးသမျှ ကာလပတ်လုံး ရှိနေကြပါတယ်။ ရှိနေတော့ အထူးသတိထားသင့်ပါတယ်။

အလောဘော ဘောဂသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အလောဘော = မလိုချင် မတပ်မက်ခြင်းသည်၊ ဘောဂသမ္ပတ္တိယာ = စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။

အဒေါသော မိတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အဒေါသော = အမျက်မထွက် ဒေါသမထွက်ခြင်း မပြစ်မှားတတ်သော မေတ္တာသည်၊ မိတ္တသမ္ပတ္တိယာ = မိတ်ဆွေနှင့် ပြည့်စုံခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။

အမောဟော အတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အမောဟော = အမောဟသည်၊ အတ္တသမ္ပတ္တိယာ = မိမိကိုယ်ကို ပြည့်စုံစေခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါသတည်း။
သာဓု ... သာဓု ... သာဓု ။

ယောဂီများရဲ့သန္တာန်မှာ ရှိနေတဲ့ ဟေတုပစ္စည်းထဲက အလောဘ = မလိုချင် မတပ်မက်ခြင်းသည် စည်းစိမ်ဥစ္စာ ရတနာနှင့် ပြည့်စုံခြင်းရဲ့အကြောင်းဖြစ်တယ်။ မလိုချင် မတပ်မက်တဲ့ ပုဂ္ဂိုလ်တွေမှာ စည်းစိမ်ဥစ္စာ ရတနာတွေ ပြည့်စုံပေါများတတ်ပါတယ်။ မလိုချင်တော့ လှူပါတယ်။ လှူတော့ ပစ္စည်းဥစ္စာတွေ ပေါများလာတာပါပဲ။ ဒီဘဝမှာလည်း ပေါများတယ်။ နောင်နောင်ဘဝတွေမှာလည်း မုချပေါများတယ်။

အလောဘက စည်းစိမ်ဥစ္စာ ရတနာတွေ ပေါများခြင်းရဲ့အကြောင်းဆိုတော့ လောဘက ရှားပါးခြင်းရဲ့ အကြောင်းဖြစ်တယ်။ လောဘသိပ်ကြီးရင် ဒီဘဝ မလှူနိုင် မတန်းနိုင်၊ မပေးနိုင်တော့ဘူး။ လောဘ သိပ်ကြီးရင် ဒီဘဝမှာလည်း ရှားပါးတတ်တယ်။ နောင်နောင်ဘဝတွေတော့ ရှားပါးတာ ပိုပြီး ထင်ရှားတယ်။

အဒေါသနှင့် ဒေါသတို့၏ အကျိုးအပြစ်များ

အဒေါသ = မေတ္တာက မိတ်ဆွေကောင်းတွေနှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသက မိတ်ဆွေသင်္ဂဟနှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဆိုတော့ ဒေါသက မိတ်ပျက်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ ပုဂ္ဂိုလ်တွေ မကြာခဏ မိတ်ဆွေတွေ ပျက်တတ်တယ်။ သည်းမှ မခံတော့ဘဲကိုး။ ဆတ်ဆတ်ကလေးမှ အထိမခံဘူး။ ဒီတော့ မိတ်ဆွေတွေ ပျက်ကုန်ပါတယ်။ သည်းမခံနိုင်တာနဲ့ ဒေါသနဲ့က မိတ်ဖက်ဖြစ်တယ်။ ဒေါသကြီးတော့ သည်းမခံနိုင်၊ သည်းမခံနိုင်တော့ ဒေါသကြီးတယ်။ ဒေါသကြီးတဲ့ ပုဂ္ဂိုလ် သူတစ်ပါးတွေ မခင်နိုင်တော့ပါဘူး။ ဘာမှမဟုတ်တဲ့ အကြောင်းလေးနဲ့လည်း စိတ်ဆိုးအမျက်ထွက်တယ်။ ဒီလိုဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို ဘယ်သူမှ မခင်တော့ပေဘူး။ ဒေါသက မိတ်ဆွေပျက်ကြောင်းဖြစ်တယ်။

အဒေါသ = မေတ္တာကတော့ မိတ်ဆွေတွေ ပေါများခြင်းရဲ့ အကြောင်းဖြစ်တယ်။ သူတစ်ပါးကို ချမ်းသာစေချင်တဲ့ ပုဂ္ဂိုလ်သည် သည်းလည်းသည်းခံတတ်တယ်။ အဒေါသနှင့် မေတ္တာကတော့ မိတ်ဖက်ပဲ။ သည်းခံတတ်လို့ရှိရင် အဒေါသ = မေတ္တာတွေ များလို့ပဲ ဖြစ်တယ်။ သည်းမခံတတ်လို့ရှိရင် ဒေါသတွေ များလို့ပဲဖြစ်တယ်။ အရာရာမှာ သည်းခံတတ်တော့ မိတ်ဆွေသင်္ဂဟတွေ ပေါများပါတယ်။ အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ သိပ်သဘာဝကျပါတယ်။

အဋ္ဌကထာဆရာတွေဆိုတာ မြတ်စွာဘုရားရဲ့ အလိုတော်ကို သိတော်မူကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ ပါဠိတော်စကားတွေကို ယူယူပြီး ဖွင့်ပြတဲ့ အဋ္ဌကထာဆရာတွေရဲ့ စကားဟာ မြတ်စွာဘုရားရဲ့ စကားနဲ့ အလားတူပါပဲ။

အဋ္ဌကထာဆရာတွေရဲ့ စကားကို လိုက်နာသင့်ပါတယ်။ မိတ်ဆွေသင်္ဂဟတွေနဲ့ ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင် ကိုယ့်သန္တာန်မှာ ဘယ်တရားရှိအောင် အားထုတ်ရပါမလဲ ... အဒေါသ = မေတ္တာရှိအောင် အားထုတ်ရပါမယ်။ အဒေါသ = မေတ္တာများများထားရမယ်။ မေတ္တာများများ ထားပြီးနေရမယ်။ ကြီးပွားကြောင်း ဖြစ်ပါတယ်။ မေတ္တာဓာတ်များတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတကွ နေကြရတဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ နေကြရပါတယ်။ မိတ်ဆွေသင်္ဂဟတွေကလည်း ပေါများလို့ ချမ်းသာပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုတာဖြစ်တယ်။

အမောဟနှင့် မောဟတို့၏ အကျိုးအပြစ်များ

အမောဟော အတ္တသမ္ပတ္တိယာ ပစ္စယော ဟောတိ။
အမောဟော = အမောဟသည်၊ အတ္တသမ္ပတ္တိယာ = မိမိကိုယ်ကို ပြည့်စုံစေခြင်း၏ ၊ ပစ္စယော = အကြောင်းသည်၊ ဟောတိ = ဖြစ်၏ ။ အမောဟ မတွေဝေတတ်တဲ့ပုဂ္ဂိုလ်သည် ကောင်းတာနဲ့ ဆိုးတာ၊ သင့်တာနဲ့ မသင့်တာ ခွဲခြားသိ၍ နေတတ်တော့ မိမိကိုယ်မှာ ပြည့်စုံပါတယ်။ အဖက်ဖက်က ပြည့်စုံနေတတ်တယ်။ အမောဟက ပြည့်စုံခြင်းရဲ့အကြောင်းဖြစ်တယ်။

အမောဟက ပြည့်စုံခြင်းရဲ့အကြောင်းဆိုတော့ မောဟက မပြည့်စုံခြင်းရဲ့ အကြောင်း၊ ဆုတ်ယုတ်ခြင်းရဲ့အကြောင်းဖြစ်တယ်။ ကောင်းတာ၊ ဆိုးတာ မခွဲခြားနိုင်ဘူး။ သင့်တာ မသင့်တာကိုလည်း မခွဲခြားနိုင်ဘူး။ တော်တာ မတော်တာကိုလည်း မခွဲခြားနိုင်တော့ ဆုတ်ယုတ်သွားပါတယ်။ "မရှိတာထက် မသိတာခက်" ဟုဆိုတာ မောဟကို ပြောတာဖြစ်တယ်။ အဝိဇ္ဇာလို့လည်း ခေါ်တယ်။ မောဟလို့လည်း ခေါ်တယ်။ အဝိဇ္ဇာဆိုတာ အမှောင်ကျနေတာပဲ။ အလင်းမရှိဘူး။ ကောင်းတာ ဆိုးတာ မခွဲတတ်ဘူး။ သင့်တာ မသင့်တာ မခွဲတတ်ဘူး။ အကျိုးရှိတာ မရှိတာ မခွဲတတ်ဘူး ဆိုတော့ ဆုတ်ယုတ်သွားပါတယ်။ အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ အလွန်ပဲ သဘာဝကျပါတယ်။

အဋ္ဌာကထာဆရာတွေက နောက်ထပ်လည်း အများကြီး ဖွင့်ပြကြပါတယ်။ အလောဘက ကာမသုခလ္လိကာနုယောဂကို ရှောင်ကြဉ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ အလောဘရှိတဲ့ ပုဂ္ဂိုလ်သည် ကာမသုခလ္လိကာနုယာဂအကျင့်ကို ရှောင်ကြဉ်နိုင်တယ်။

အဒေါသက အတ္တကိလမထအကျင့်ကို ရှောင်ကြဉ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ အတ္တကိလမထဆိုတာ ကိုယ်ပင်ပန်း စိတ်ပင်ပန်းတဲ့အကျင့်ဆိုတာ ဒေါသဦဆောင်တယ်။ အဒေါသ အရင်းခံ ရှိရင်တော့ ရှောင်ကြဉ်နိုင်ပါတယ်။

အမောဟကတော့ မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ ဟေတုပစ္စည်းတွေထဲက တရားတွေကောင်းပါတယ်။ အလောဘရှိရင် ကာမသုခလ္လိကာနုယောဂ = ကာမဂုဏ်ချမ်းသာကို ခံစားသော အကျင့်ကို မကျင့်တော့ဘူး။ အဒေါသရှိရင် အတ္တကိလမထ = ကိုယ်ပင်ပန်းအောင် ကျင့်သောအကျင့်ကို မကျင့်တော့ဘူး။ အမောဟရှိရင်တော့ မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်နိုင်ဖို့ရာ ဖြစ်တယ်။ ဒီတော့ လောဘကြီးလို့ လောဘရှိနေရင် ကာမသုခလ္လိကာနုယောဂ အကျင့်တွေ မှီဝနေတတ်တယ်။ ကျင့်နေတတ်တယ်။ ဒေါသရှိရင် အတ္တကိလမထအကျင့်တွေလည်း ကျင့်နေတတ်တယ်။ မောဟရှိနေလို့ရှိရင် တွေတွေဝေဝေဖြစ်နေလို့ ဘာအကျင့်မှ ဟုတ်တိပတ်တိ ကျင့်နိုင်တော့မှာ မဟုတ်တော့ဘူးတဲ့။ အဋ္ဌကထာဆရာတွေ ဖွင့်ပြပါတယ်။

လောဘ၊ ဒေါသ၊ မောဟတွေက ပုဂ္ဂိုလ်သတ္တဝါတွေကို အမြဲတမ်းပဲ ဒုက္ခပေးနေတာပါပဲ။ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေလို့ရှိရင် ချမ်းသာခွင့် မရကြဘူး။ တော်တော်လေး အထက်တန်း ရောက်သွားတာတောင်မှ လောဘရှိနေသေးရင် ဒီလောဘက ဒုက္ခပေးသေးတာပါပဲ။ လောကီဈာန် သမာပတ်တွေ ရထားတာတောင်မှ လောဘရှိနေသေးတယ်။ အဲဒီ လောကီဈာန်သမာပတ်ရတဲ့ ပုဂ္ဂိုလ်တွေတောင်မှ လောဘရဲ့ ကျေးဇူးပြုတာကို ခံရလို့ ဒုက္ခတွေ ဖြစ်ကြတယ်။

ဆက်ရန် ..... ဟေတု ၁(ဃ)သို့

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်