ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

၎။ အနန္တရ ပစ္စည်း (င)

၎။ အနန္တရ ပစ္စည်း (င)

မြတ်စွာဘုရား တစ်ချိန်သောအခါမှာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတယ်။ အရှင်ပေါဋ္ဌိလဆိုတဲ့ မထေရ်ကြီးတစ်ပါး ရှိတယ်တဲ့။ ဂိုဏ်းကြီး (၁၈)ဂိုဏ်းကို အုပ်ချုပ်ပြီး သံဃာတော် (၅၀၀)ကို နေ့စဉ် စာပေကျမ်းဂန်တွေ ပို့ချပေးနေတယ်။ ပိဋကတ်သုံးပုံကို မွှေနောက်ပြီးတော့ တရားဓမ္မ အနှစ်သာရတွေ ဟောနေတဲ့ မထေရ်ကြီး ဖြစ်တယ်။

မြတ်စွာဘုရားကိုလည်း အလွန်ကြည်ညိုတဲ့အတွက်ကြောင့် မြတ်စွာဘုရားထံ မကြာခဏ သွားရောက် ရှိခိုးပူဇော်ကန်တော့ပါတယ်။ ကန်တော့တဲ့အခါ မြတ်စွာဘုရားက အရှင်ပေါဋ္ဌိလကို တွေ့တိုင်း တွေ့တိုင်း -

ဧဟိ တုစ္ဆပေါဋ္ဌိလ။ ဝန္ဒ တုစ္ဆပေါဋ္ဌိလ၊ နိသီဒ တုစ္ဆပေါဋ္ဌိလ။ ယာဟိ တုစ္ဆပေါဋ္ဌိလ - စသည်ဖြင့် "တုစ္ဆ တုစ္ဆ"လို့ မိန့်ကြားတော်မူတယ်။ "တုစ္ဆ ပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ဧဟိ = လာခဲ့လော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ဝန္ဒ = ရှိခိုးလော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ နိသီဒ = ထိုင်လော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ယာဟိ = သွားလော" ဟု မိန့်ကြားတော်မူပါတယ်။

"အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလကြီး .. လာခဲ့၊ ရှိခိုး၊ ထိုင်၊ သွားတော့"။ မြတ်စွာဘုရားက ဒီလို မိန့်ကြားပါတယ်။ အဲဒီလို အချည်းနှီးပဲ၊ အချည်းနှီးပဲ-လို့ မိန့်ကြားတော့ အရှင်ပေါဋ္ဌိလက စဉ်းစားတယ်။ "ဘယ်နှယ့်လဲ သာသာနာအတွေက် ဂိုဏ်းကြီး(၁၈)ဂိုဏ်းကို အုပ်ချုပ်ပြီးတော့ နေ့စဉ် သံဃာ(၅၀၀)ကို စာပေကျမ်းဂန်တွေ အပင်ပန်းခံပြီးတော့ ပို့ချနေတဲ့ သာသနာပြုနေတဲ့ ပုဂ္ဂိုလ်ဖြစ်လျက်သားနဲ့ "တုစ္ဆ၊ တုစ္ဆ" အလကားပဲ၊ အချည်းနှီးပဲ-လို့ မိန့်ကြားတော်မူနေတယ်။ ဘယ်လိုကြောင့် မြတ်စွာဘုရား မိန့်ကြားတာပါလိမ့်" လို့ စဉ်းစားပါတယ်။ စဉ်းစားသင့်ပါတယ်။ စဉ်းစားလိုက်တော့ ပညာရှိပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ တရားထူး တရားမြတ်တွေ မရှိလို့ တစ်မဂ်တစ်ဖိုလ် မရလို့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတွေ မရရှိလို့သာလျှင် မြတ်စွာဘုရား ဒီလို မိန့်ကြားတာပဲလို့ အသိဉာဏ်ဝင်လာပြီးတော့ မနေတော့ဘူး။ တရားရအောင် ရှာတော့မယ်ဆိုပြီးတော့ တောထွက်ပါတယ်။

သံဃာ (၅၀၀)မသိအောင် သင်္ကန်း၊ သပိတ်၊ ပရိက္ခရာတွေ ပြင်ဆင်ပြီးတော့ တောထွက်သွားပါတယ်။ ယူဇနာ (၁၂၀)ဝေးကွာတဲ့ တောကျောင်းတစ်ကျောင်းသို့ ရောက်သွားပါတယ်။ အဲဒီတောကျောင်းမှာ သံဃာ(၃၀)ရှိတယ်။ အကုန်လုံး ရဟန္တာချည်းပါပဲ။ ကိုရင်လေးထိအောင် ရဟန္တာတွေ ဖြစ်ကြတယ်။

ရှေးဦးစွာ အကြီးဆုံး မထေရ်ကြီးထံသွားပြီးတော့ ချဉ်းကပ်ပြီး လျှော်ထားတယ်။ "ဆရာတော်ကြီးဘုရား ... တပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ကမ္မဋ္ဌာန်းတရားတွေ ပေးသနားတော်မူပါဘုရား" ဟုသွားလျှောက်ထားတော့ ဆရာတော်ကြီးက ပြန်ပြီးတော့ မိန့်ကြားတယ်။ "အရှင်ပါဋ္ဌိလ ... ဘယ်လိုလျှောက်ထားတာလဲ၊ အရှင်ပေါဋ္ဌိလဆိုတာ သာသနာတော်မှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပိဋကတ် (၃)ပုံတွေကို မွှေနှောက်ပြီးတော့ အနှစ်သာရတရားတွေ ဟောကြားနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

တပည့်တော်များကသာ အရှင်ပေါဋ္ဌိလထံမှာ နည်းခံဖို့ရှိပါတယ်။ ကမ္မဋ္ဌာန်းတရား မပေးနိုင်ပါဘူး။" ဟု မြွတ်ကြားလိုက်တော့ "ဆရာတော်ကြီးဘုရား .. တပည့်တော်ကို ယခုကဲ့သို့ မငဲ့မညှာ လျစ်လျူရှုပြီးတော့ မမိန့်ကြားပါနဲ့ဘုရား။ တပည့်တော်ရဲ့ အားကိုးအားထား ဖြစ်တော်မူပါဘုရား"ဟု ပြန်လျှောက်ထားသော်လည်း ဆရာတော်ကြီးက ကမ္မဋ္ဌာန်းတရား ပေးတော်မမူပါ။

အရှင်ပေါဋ္ဌိလမှာ စာပေကျမ်းဂန်တတ်တဲ့ မာန်တွေရှိနေတယ်။ မာန်ရှိနေလို့ တရားမရနိုင်တာကို မြင်တော့ ဆရာတော်ကြီးက ပယ်လိုက်တယ်။ "ဒုတိယမထေရ်ကြီးထံ သွားလျှောက်ပါ"ဟု မိန့်ကြားလိုက်တယ်။ ဒုတိယအကြီးဆုံးဖြစ်တဲ့ မထေရ်ထံ သွားလျှောက်ပြန်တော့လည်း ဒုတိယမထေရ်ကလည်း ဒီအတိုင်းပဲ ပယ်လိုက်ပြန်ပါတယ်။ "တတိယမထေရ်ကြီးထံ သွားလျှောက်ထားပါ"ဟု မိန့်ကြားလိုက်တယ်။ သွားလျှောက်ထားပြန်တော့လည်း တတိယမထေရ်ကြီးကလည်း ပယ်လိုက်ပြန်တယ်။

အဆင့်ဆင့်ပယ်လိုက်တာ ဘယ်ရောက်သွားလဲဆိုတော့ (၇)နှစ်သားအရွယ် အင်္ကန်းချုပ်နေတဲ့ ကိုရင်လေးထံ ရောက်သွားတယ်။ ရောက်သွားတော့ လက်အုပ်ချီပြီးတော့ "ကိုရင် .. တပည့်တော်ရဲ့ အားထားရာ ဖြစ်တော်မူပါဘုရား။ ကမ္မဋ္ဌာန်းတရား ပေးသနားတော်မူပါဘုရား"ဟု လျှောက်ထားတယ်။ "အရှင်ဘုရား .. ဘယ်လိုမိန့်ကြားနေတာလဲဘုရား။ အံ့သြစရာစကားတွေပါလား၊ အရှင်ဘုရားက သက်တော် ဝါတော်ကလည်း ကြီး၊ စာပေကျမ်းဂန်တွေကလည်း ပိဋကတ်(၃)ပုံ တတ်မြောက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အရှင်ဘုရားထံမှာသာ တပည့်တော်က နည်းခံဖို့ရှိပါတယ် ဘုရား။

တပည့်တော်က အသက်လည်း ငယ်ပါတယ်ဘုရား။ စာကလည်း မတတ်ပါဘူးဘုရား။ ဒါကြောင့် အရှင်ဘုရားထံမှာပဲ တပည့်တော်က နည်းခံဖို့ ရှိပါတယ်ဘုရား။ အရှင်ဘုရား ဘယ်လို မိန့်ကြားတာလဲဘုရား"ဟု ကိုရင်လေးကလည်း ပယ်လိုက်ပြန်ပါတယ်။ မာန်တွေကျသွားအောင် ပယ်ရတာဖြစ်တယ်။ အရှင်ပေါဋ္ဌိလက ပြန်လျှောက်ထားသည်မှာ - "ကိုရင်ဘုရား ... ကိုရင်မှတစ်ပါး တပည့်တော်မှာ ကိုးကွယ်ရာ မရှိတော့ပါဘူးဘုရား။ သံဃာ (၂၉)ပါး ကုန်ပါပြီဘုရား။ ကိုရင်တစ်ပါးပဲ ကျန်ပါတော့တယ်ဘုရား။" "ကိုရင်တစ်ပါးပဲ အားကိုးအားထားရာ ရှိပါတော့တယ်ဘုရား" လျှောက်ထားတော့ ကိုရင်လေးက နည်းနည်းသနားသွားပါတယ်။

အင်း - ဒီကိုယ်တော်ကြီးကတော့ တော်တော်မာန်တွေကျသွားပြီ။ "အရှင်ဘုရား.. တပည့်တော်ပြောတာ တစ်သွေမတိမ်း နားထောင်နိုင်ပါ့မလား" "နားထောင်နိုင်ပါတယ်၊ ကိုရင်က ခိုင်းမယ်ဆိုလို့ရှိရင် မီးပုံထဲ ခုန်ချရမယ်ဆိုရင် မီးပုံထဲ အခုခုန်ချလိုက်ပါမယ်" "မီးပုံတော့ မရှိဘူးဘုရား၊ ဟိုးရှေ့နားမှာ ရေအိုင်ကြီးတစ်အိုင် ရှိတယ်ဘုရား။ အဲဒီ ရေအိုင်ကြီးထဲကို အရှင်ဘုရား အခုဝတ်ထားတဲ့ သင်္ကန်းအသစ်တွေနဲ့ ဆင်းသွားရမယ်"ဟု ဆိုတဲ့အတိုင်း တစ်ခွန်းတည်းသောစကားဖြင့် ဆင်းသွားတယ် သင်္ကန်းတွေ ရေစို၊ သင်္ကန်းအနားတွေ ရေစိုတဲ့အခါ ပြန်ခေါ်လိုက်တယ်။ "အရှင်ဘုရား ကြွလာပါတော့"ဟု ဆိုတဲ့အတိုင်း တစ်ခွန်းတည်းသော စကားဖြင့်ပင် ပြန်တက်လာ၊ ကြွလာတယ်။

"အရှင်ဘုရားကို တပည့်တော် ကမ္မဋ္ဌာန်းတရားပေးတော့မယ်။ အရှင်ဘုရား သတိထားပြီးတော့ နားထောင်ပါ၊ နှလုံးသွင်းပါ"

"တောထဲမှာ တောင်ပို့ကြီးတစ်ခု ရှိတယ်ဘုရား။ အဲဒီတောင်ပို့ကြီးကလည်း အပေါက်(၆)ပေါက်ရှိတယ်ဘုရား၊ အဲဒီတောင်ပို့ကြီးထဲကို ဖွတ်တစ်ကောင်ကလည်း ဝင်နေတယ်ဘုရား၊ အဲဒီဖွတ်ကို အလိုရှိတဲ့ ယောက်ျား (၅)ပေါက်ကို ပိတ်ထားပြီးတော့ တစ်ပေါက်ကနေစောင့်ပြီးတော့ ဖမ်းယူရပါတယ်ဘုရား"ဟု မိန့်ကြားလိုက်တယ်။

"ဖွတ်ကို ဖမ်းယူရသကဲ့သို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တည်း-ဟူသော ခန္ဓာကိုယ်ထဲမှာ ဒွါရ(၆)ပါး၊ အပေါက်(၆)ပေါက်ရှိပေတယ်။ အဲဒီဒွါရ (၆)ပါးမှာ ကျရောက်လာတဲ့ အာရုံတွေကို (၅)ဒွါရကို ပိတ်ထားပြီးတော့ မနောဒွါရတစ်ပေါက်ကနေ စောင့်ပြီးတော့ ရှုရပါ့မယ်ဘုရား"-ဟု ကမ္မဋ္ဌာန်းတရား မိန့်ကြားလိုက်တယ်။ မိန့်ကြားလိုက်တော့ အရှင်ပေါဋ္ဌိလ သဘောကျသွားပြီး "ကိုရင်၊ တပည့်တော်အတွက် ကမ္မဋ္ဌာန်းတရားပေးတာ ဤမျှနဲ့ပဲ ပြည့်စုံပါပြီ"ဟု လျှောက်ထားတယ်။

ပိဋကတ်(၃)ပုံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ပြည့်စုံသွားပါပြီ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်-တည်းဟူသော ဒွါရ(၆)ပါးကို မြန်မာလို တံခါး(၆)ပေါက်လို့ ခေါ်ရပါတယ်။

မျက်စိတည်းဟူသော တံခါးပေါက်၊
နားတည်းဟူသော တံခါးပေါက်၊
နှာခေါင်းတည်းဟူသော တံခါးပေါက်၊
လျှာတည်းဟူသော တံခါးပေါက်၊
ကိုယ်တည်းဟူသော တံခါးပေါက်၊
စိတ်တည်းဟူသော တံခါးပေါက်။

(၆)ပေါက် ရှိပါတယ်။ တောင်ပို့ကြီးနဲ့ တူပါတယ်။ တူနေတယ်။ အဲဒီတောင်ပို့ကြီးထဲမှာ ဝင်နေတဲ့ဖွတ်ကို ဘယ်နှစ်ပေါက်ကို ပိတ်ပြီးတော့ ဖမ်းရပါ့မလဲ ... (၅)ပေါက်ကို ပိတ်ပြီး ဖမ်းရပါမယ်။ (၁)ပေါက်ကနေ စောင့်ပြီးတော့ ဖမ်းရသကဲ့သို့ အခုလည်း မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်-တည်းဟူသော (၅)ဒွါရ၊ (၅)ပေါက်ကို ပိတ်ထားဘိသကဲ့သို့ ပိတ်ထားပြီးတော့ မနောဒွါရကနေ စောင့်ပြီးတော့ ရှုမှတ်ရမယ်ဆိုတော့ သဘောကျသွားပါတယ်။ အခုယောဂီများ ရှုတာနဲ့ တူပါပေတယ်။ (၅)ဒွါရကို ပိတ်ထားသကဲ့သို့ -လို့ဆိုရာ၌ - အရာဝတ္ထုတွေနဲ့တော့ ပိတ်ထားလို့ မရပါဘူး။ ဒီပိတ်ထားခြင်းမျိုး မဟုတ်ပါဘူး။ ရှုမှတ်သောအားဖြင့် ပိတ်ထားခြင်း ဖြစ်တယ်။

မျက်စိမှာ အဆင်းရူပါရုံ လာတိုက်တဲ့အခါ လောဘလည်း မဖြစ်သွားရအောင်၊ ဒေါသလည်း မဖြစ်သွားရအောင် ရှုထားတာကိုပဲ ပိတ်ထားတယ်လို့ ဆိုရပါတယ်။ နားမှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ကောင်းတဲ့ အာရုံကြောင့်လည်း လောဘမဖြစ်ရအောင်၊ ဆိုးတဲ့အာရုံကြောင့်လည်း ဒေါသမဖြစ်ရအောင် ရှုမှတ်နိုင်တာကို ပိတ်ထားတာလို့ ဆိုရပါတယ်။

မျက်စိအကြည်မှာ အဆင်းရူပါရုံ လာတိုက်တဲ့အခါ၊ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ၊ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံလာတိုက်တဲ့အခါ၊ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါ၊ ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါ-တို့၌ လောဘ ဒေါသတွေ မဖြစ်သွားရအောင် မနောဒွါရကနေ၍ စောင့်ပြီး ရှုမှတ်နေရပါတယ်။ ဤကဲ့သို့ ရှုမှတ်နေခြင်းဖြင့် (၅)ဒွါရကို ပိတ်ထားသကဲ့သို့ ဖြစ်နေပေတယ်။ ဖွတ်ဖမ်းတဲ့ ယောက်ျားတစ်ပေါက်က စောင့်ဖမ်းနေတာနဲ့ တူပါတယ်။ ကိုရင်လေးပေးတဲ့ ကမ္မဋ္ဌာန်း၊ ယောဂီများ ရှုမှတ်နေတဲ့ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းနည်းနဲ့ တူပါပေတယ်။ နေရာကျလိုက်တာ၊ ဒီအတိုင်းပင် ရှုမှတ်ကြရပေတယ်။ ကိုရင်လေးပေးတဲ့ နည်းအတိုင်း ရှုလိုက်တာ အရှင်ပေါဋ္ဌိလ မကြာမီအချိန်အတွင်း လေးမဂ် လေးဖိုလ် အဆင့်ဆင့်တက်ပြီးတော့ ရဟန္တာ ဖြစ်သွားတယ်။

ပိဋကတ်(၃)ပုံ တတ်မြောက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ သဘောကျသွားတာနဲ့ ရှုမှတ်လိုက်တာ သမာဓိဉာဏ်တွေကလည်း အသင့်အတင့် အခြေခံရှိတဲ့ ပုဂ္ဂိုလ်၊ ပါရမီအခြေခံလည်း ရင့်ကျက်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်တဲ့နည်းကိုပဲ အခု ယောဂီများ ရှုမှတ်နေရတာဖြစ်တယ်။ ဒွါရ(၆)ပါး၊ အာရုံ(၆)ပါးတို့တွင် (၅)ဒွါရမှာ အာရုံ(၅)ပါး လာတိုက်တဲ့အခါ မနောဒွါရကနေပြီးတော့ တစ်ပေါက်ကနေ စောင့်ဖမ်းပြီးတော့ ရှုမှတ်နေရတယ်။ အမြဲတမ်း မပြတ်မလပ် ရှုမှတ်နေရတာကတော့ ကိုယ်ကာယကပဲ အဓိကထားပြီးတော့ ရှုမှတ်နေရတယ်။

မျက်စိအကြည်နဲ့ အဆင်း ရူပါရုံ လာတိုက်တဲ့ဟာလည်း အလွန်ပဲ သိမ်မွေ့ပါတယ်။ အဆင်း ရူပါရုံကလည်း ဝါဂွမ်းလေးနဲ့ တူပါတယ်။ မျက်စိအကြည်ကလည်း ဝါဂွမ်းလေးနဲ့ပဲ တူတယ်တဲ့။ ဝါဂွမ်း(၂)ခု တိုက်လိုက်တာ အလွန်သိမ်မွေ့တယ်။ အသံမမြည်ပါဘူး။ အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် သမာဓိဉာဏ်တွေ တော်တော်အားကောင်းမှ ရှုနိုင်ပေတယ်။ သမာဓိဉာဏ်တွေ အားနည်းနေတဲ့ အခိုက်အတန့်မှာ မရှုနိုင်သေးပေဘူး။

နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ဒီအတိုင်းပါပဲ။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါလည်း အသံ သဒ္ဒါရုံကလည်း ဝါဂွမ်းလေးနဲ့ပဲ တူတယ်။ နားအကြည်ကလည်း ဝါဂွမ်းလေးနဲ့ တူတယ်။ ဥပါဒါရုပ်တွေဆိုတော့ မဟာဘုတ်ကို မှီပြီးမှ ဖြစ်လို့ရတယ်။ သူတို့ချည်းသက်သက် ဖြစ်လို့မရဘူး။ အလွန်သိမ်မွေ့ပေတယ်။ သိမ်မွေ့တဲ့ရုပ်နှင့် သိမ်မွေ့တဲ့ရုပ် တိုက်တာဖြစ်တယ်။ သိမ်မွေ့တဲ့ရုပ် အချင်းချင်း တိုက်လိုက်တာ မထင်ရှားပေဘူး။ အလွန်သမာဓိ အားကောင်းတဲ့အခါကျမှ 'ကြားတယ်၊ ကြားတယ်'လို့ ရှုမှတ်လို့ရတယ်။

နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါ ဒီအတိုင်းပဲ။ အနံ့ကလေးကလည်း ဝါဂွမ်းလေးလောက်ပဲ သိမ်မွေ့တယ်၊ နှာခေါင်းအကြည်ကလည်း ဝါဂွမ်းလေးလိုပဲ သိမ်မွေ့တယ်။ ဝါဂွမ်း ဝါဂွမ်းချင်း တိုက်လိုက်သကဲ့သို့ အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် တော်တော်နဲ့ ရှုမှတ်လို့ မရပေဘူး။ လျှာအကြည်မှာလည်း ထိုနည်းလည်းကောင်းပဲ။

ကိုယ်အကြည်မှာတော့ လာတိုက်တဲ့ ဖောဋ္ဌဗ္ဗာရုံက ဘာနဲ့တူလဲဆိုရင် ဖောဋ္ဌဗ္ဗရုံ-ဆိုတာ ပထဝီ၊ တေဇော၊ ဝါယော၊ မဟာဘုတ်ကြီး (၃)ပါးကို ဖောဋ္ဌဗ္ဗာရုံ-လို့ ခေါ်တယ်။ အဲဒီ ဖောဋ္ဌဗ္ဗာရုံက ဘာနဲ့တူသလဲဆိုတော့ သံတူကြီးနဲ့ တူတယ်။ ကိုယ်အကြည်လေးက ဝါဂွမ်းနဲ့ပဲ တူတယ်။ အဲဒီ ကိုယ်အကြည်ဝါဂွမ်းလေးကို ပေတုံးကြီးပေါ်မှာ တင်ထားတာနဲ့ တူတယ်။

ကိုယ်အကြည်လေး တည်နေတာက ပေတုံးကြီးနဲ့တူတဲ့ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ-လို့ဆိုတဲ့ ဓာတ်ကြီး(၄)ပါးပေါ်မှာ တည်ရပါတယ်။ ကိုယ်အကြည်ဟာ ဥပါဒါရုပ်ပဲ၊ ဥပါဒါရုပ်ကလေးတွေက မဟာဘုတ်ကို မှီပြီးတော့ တည်နေရတယ်။ ဖောဋ္ဌဗ္ဗာရုပ်က ဘာနဲ့တူသလဲ ... (၁)ပိဿာလောက်လေးတဲ့ သံတူကြီးနဲ့ တူတယ်။ ကာယအကြည်လေးက ပေတုံးကြီးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးနဲ့တူတယ်။ သံတူကြီးနဲ့ ပေတုံးကြီးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးကို ထုချလိုက်တဲ့အခါ ဝါဂွမ်းတွင် မနားပေဘူး။ ပေတုံးကြီးကို တစ်ခါတည်း သွားပြီးတော့ ထိသွားပါတယ်။ ထိသွားတော့ အသံတွေတောင် မြည်သွားနိုင်တယ်။

အဲဒီလိုပါပဲ ဖောဋ္ဌဗ္ဗရုပ်က ကာယအကြည်ကို လာတိုက်တဲ့အခါ သိပ်ထင်ရှားပါတယ်။ ထုချလိုက်တဲ့ တူကြီးဟာ ဝါဂွမ်းတင် မနားပဲနဲ့ ပေတုံးမှာ သွားသွားထိဘိသကဲ့သို့ ဖောဋ္ဌဗ္ဗရုပ်က တိုက်ချလိုက်တဲ့အခါ ကာယအကြည်မှာပဲ မနားပဲနဲ့ မဟာဘုတ်တွေမှာပါ သွားပြီးတော့ တိုက်တော့ ထင်ရှားပါတယ်။ ပေတုံးကြီးနဲ့တူတဲ့ မပာာဘုတ်တွေမှာ သွားတိုက်တော့ ထင်ရှားတယ်။ ထင်ရှားတဲ့အခါ ရှုမှတ်ရတာ လွယ်ပါတယ်။

အပြင်က လာတိုက်တဲ့ ဖောဋ္ဌဗ္ဗာရုပ်က (၁)ပိဿလောက် လေးတဲ့ သံတူကြီးနဲ့ တူတယ်။ အတွင်းက ကာယအကြည်လေးက ပေတုံးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးနဲ့ တူတယ်။ ပေတုံးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးကို (၁)ပိဿာလောက် လေးတဲ့ သံတူကြီးနဲ့ ထုချလိုက်တဲ့အခါ ဝါဂွမ်းလေးမှာ မနားပဲနဲ့ ပေတုံးမှာ သွားသွားပြီးတော့ ထိတော့ အသံတွေ မြည်ထွက်လာသလို ဖောဋ္ဌဗ္ဗာရုပ်က နေပြီးတော့ ကာယအကြည်လေးကို တိုက်လိုက်တဲ့အခါ ကာယအကြည်မှာပဲ မနားပဲနဲ့ အတွင်းက မပာာဘုတ်ကြီး (၄)ပါးမှာ သွားသွားပြီးတော့ ထိတဲ့အတွက်ကြောင့် အလွန်ထင်ရှားပါတယ်။ (အဋ္ဌသာလိနီ - ၃၀၄)

ထင်ရှားတဲ့ အတွက်ကြောင့် ယောဂီများ ရှုမှတ်လို့ ရပါတယ်။ ဘယ်နေရာကပဲထိထိ 'ထိတယ်၊ ထိတယ်'လို့ မှတ်ရပါတယ်။ ကိုယ်ကာယနဲ့ အပြင်ပ ဝတ္ထုတွေ၊ အခင်းတွေ၊ ကြမ်းတွေနဲ့ ထိတဲ့အခါလည် 'ထိတယ်၊ ထိတယ်'လို့ မှတ်လို့ ရပါတယ်။

ကိုယ်ကာယအချင်းအချင်း၊ လက်အချင်းချင်းထိတာ၊ ခြေထောက်ချင်း ခြေထောက်ချင်းထိတာ၊ ကိုယ်ကာယ အချင်းအချင်းထိတာကိုလည်း 'ထိတယ်၊ ထိတယ်' လို့ ရှုမှတ်လို့ ရပါတယ်။ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်-ဆိုတာလည်း အထိတွေပဲ။ ဖောင်းတယ်-ဆိုတာလည်း လေ အဆင့်ဆင့် ဝမ်းဗိုက်ကို တိုးထိပြီး ဖောင်းတက်လာတာ၊ အထိကိုပဲ မှတ်ရတာပဲ ဖြစ်တယ်။

အင်္ဂ မင်္ဂါ နုသရေ ဝါယော - ဆိုတဲ့ အင်္ဂါကြီးငယ်တွေကို တွန်းကန်ပြီးနေတဲ့ ဝါယောက အင်္ဂါအစိတ်အပိုင်းလေးတွေ ထိတာကို (အတွင်းကနေဓာတ်သဘောတွေ ထိတာကို) 'ထိတယ်၊ ထိတယ်'လို့ မှတ်လို့ ရပါတယ်။ နှုတ်ခမ်းဖျား၊ နားရွက်ဖျား၊ ခြေဖျား လက်ဖျားတွေမှာလည်း တိုးနေတဲ့၊ ထိနေတဲ့ သဘောလေးတွေကိုလည်း 'ထိတယ်၊ ထိတယ်' 'တိုးတယ်၊တိုးတယ်'လို့ မှတ်လို့ ရပါတယ်။ အလွန်ထင်ရှားပါတယ်။ ဝါဂွမ်းလေးကို သံတူကြီးနဲ့ ထုချလိုက်တော့ ပေတုံးမှာ သွားသွားတိုက်သလို ကိုယ်ကာယမှာ အထိတွေဟာ အလွန်ထင်ရှားပါတယ်တဲ့။

အထိကို (၃)မျိုး ရှုမှတ်၍ ရပုံ

အထိကို (၃)မျိုး ရှုမှတ်လို့ ရပါတယ်။
- ကိုယ်ကာယနဲ့ အပြင်က ဝတ္ထုဒြပ်တွေနဲ့ ထိတဲ့အခါလည်း 'ထိတယ်၊ ထိတယ်။
- ကိုယ်ကာယအချင်းချင်း ထိတာကိုလည်း 'ထိတယ်၊ ထိတယ်'။
- အတွင်းက ဓာတ်သဘောတွေ တွန်းသွားတဲ့၊ အတွင်းက တိုးနေတဲ့ ထိတဲ့ သဘောတွေကိုလည်း 'ထိတယ်၊ ထိတယ်၊ တိုးတယ်၊ တိုးတယ်'။

သမာဓိဉာဏ် အသင့်အတင့် ရင့်ကျက်လာတဲ့အခါကျတော့ ခန္ဓာကိုယ် အနှံ့အပြားမှာ မှတ်လို့ ရပါတယ်။ ခေါင်းမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ မျက်နှာမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ နှုတ်ခမ်းဖျား၊ နားရွက်ဖျားတွေမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ ခြေဖျား လက်ဖျားတွေမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ တိုးနေတာတွေ မှတ်လို့ ရပါတယ်။ သိမ်မွေ့တဲ့ရုပ်ကလေးတွေ မှတ်လို့ရသွားပြီ။ ရပြီးတဲ့ နောက်ပိုင်းမှာ သိမ်မွေ့တဲ့ ရုပ်ထက် သိမ်မွေ့တဲ့ နာမ်တရားတွေကိုလည်း ရှုမှတ်လို့ ရသွားကြပေတယ်။

ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ အနန္တရ ပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း..။

ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။

သာဓု ... သာဓု ... သာဓု ။

အပြည့်အစုံသို့...

၎။ အနန္တရ ပစ္စည်း (ဃ)

၎။ အနန္တရ ပစ္စည်း (ဃ)

ဝိပါက်ကတော့ အမှန်အတိုင်းပဲ။ မကောင်းတဲ့ အကုသိုလ်အကျိုးပေးတွေနဲ့၊ မကောင်းတာတွေနဲ့ လာတွေ့နေရပါသော်လည်း မိမိတို့က နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ကုသိုလ်တွေပဲ ဖြစ်သွားတယ်။ ကုသိုလ်ဇောတွေပဲ စောသွားပါတယ်။ "ဝိပါက်အမှန်၊ ဇောအပြန်'လို့ ရှေးဆရာတော်ကြီးများ ဆောင်ပုဒ်စီထားတာ နေရာကျပါတယ်။ ဝိပါက်က အမှန်အတိုင်းပဲ။ မကောင်းတဲ့ ဆိုးကျိုးတွေ လာတွေ့နေရတယ်။ မိမိက နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ဇောကျတော့ ကုသိုလ်ဇောတွေ ပြန်ပြီးတော့ ပြောင်းပြန်ပြန်စောသွားပါတယ်။ ဒီတော့ နှလုံးသွင်းတတ်ဖို့ အရေးကြီးပါပေတယ်။

နှလုံးသွင်းတာကတော့ တစ်ခါတစ်လေလည်း ရတယ်၊ တစ်ခါတစ်လေကျတော့ အာရုံတွေက သိပ်ပြင်းထန်တဲ့အခါကျတော့ နှလုံးမသွင်းနိုင်တော့ပေဘူး။ သာယာဖွယ်အာရုံ၊ အလွန်ပဲ သာယာဖွယ်ကောင်းတဲ့ အာရုံတွေနဲ့ တွေ့ရတဲ့အခါ တစ်ခါတစ်ခါ နှလုံးသွင်းလို့ မရတတ်ပေဘူး။ အနိဋ္ဌာရုံ = အင်မတန်ဆန့်ကျင်ဖက်ဖြစ်တဲ့ အာရုံတွေ၊ အလွန်ကြမ်းတမ်းတဲ့ အာရုံတွေနဲ့ တွေ့တဲ့အခါလည်း နှလုံးသွင်းလို့မရပဲ ဖြစ်သွားတတ်တယ်။ ဣဋ္ဌာရုံကတော့ တော်ပါသေးရဲ့၊ နှလုံးသွင်းလို့ ရတန်သလောက် ရကြပါတယ်။ ရသလောက် ရကြပါတယ်။ အနိဋ္ဌာရုံကျတော့ တစ်ချို့ပုဂ္ဂိုလ်တွေ မရနိုင်တော့ပေဘူး။ အာရုံက အလွန်ကြမ်းတမ်း၊ အလွန်ဆန့်ကျင်ဖက်ဖြစ်တော့ စိတ်ကို မထိန်းထားနိုင်တော့ပေဘူး။ "ယောနိသော မနသိကာရ"နဲ့ မနိုင်တော့ပေဘူး။ မနိုင်တော့ ဘာနဲ့နိုင်အောင် ကုရမလဲ။ ရှုမှတ်မှုနဲ့ ကုရတယ်။ ရှုမှတ်မှုကတော့ အနိုင်ဆုံးပါပဲ။

ရှုမှတ်မှုက အနိုင်ဆုံးဖြစ်ပေတယ်။ ဘယ်ကပဲရှုရှု၊ ရှုမှတ်နိုင်ရင် ဒေါသ ဒေါမနဿတွေ မဖြစ်နိုင်တော့ပေဘူး။ မြင်စရာအာရုံက အနိဋ္ဌာရုံနဲ့တွေ့ရလို့ ဒေါသ ဒေါမနဿတွေ ဖြစ်တော့မယ်ဆိုလို့ရှိရင် 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်ရတယ်။ မြင်ကာမျှမတ္တမှာ တည်သွားလို့ ရှိရင်လည်း ဒီဒေါမနဿက မဖြစ်နိုင်တော့ဘူး။ မြင်ရတဲ့ အဆင်း​ ရူပါရုံတွေ တစ်ရိပ်ရိပ် ပြောင်းလဲနေတာတွေကို တွေ့ရလို့ရှိရင်လည်း ဒီဒေါသမနဿ မဖြစ်ရတော့ဘူး။ မြင်သိစိတ်က တစ်ခုပြီးတစ်ခု ပျောက်ပျောက်သွားတာ မြင်လို့ရှိရင်လည်း ဒီဒေါမနဿ မဖြစ်တော့ပေဘူး။

မျက်စိက မရှုနိုင်ဘူးဆိုလို့ရှိရင်လည်း ဘယ်မှာရှုရမလဲ။ ကာယမှာ ရှုရမယ်။ ဒီအာရုံတွေကို မကြည့်တော့ပဲနဲ့ ရပ်နေတယ်ဆိုလို့ရှိရင် 'ရပ်တယ်၊ ရပ်တယ်'လို့ ရှုမှတ်လိုက်ရင် ပြတ်သွားပါပေတယ်။ ရှုမှတ်မှုဖြစ်တာနဲ့ ဟိုမှာ ဒေါသ ဒေါမနဿက ဖြစ်လို့ မရတော့ပေဘူး။

ထိုင်ရက်နဲ့ဆိုလို့ရှိရင် 'ထိုင်တယ်၊ ထိတယ်၊ ဖောင်းတယ်၊ ပိန်တယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒေါမနဿ ဒေါသမရှိတော့ဘူး၊ ပြတ်သွားပေတယ်။

သွားရင်းနဲ့ဆိုရင်လည်း 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ကြွတယ်၊ ချတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း အမှတ်ဖြစ်သွားတာနဲ့ ဒီဒေါမနဿ ဒေါသတွေဟာ ဖြစ်ခွင့်မရတော့ဘူး။ ဝိပဿနာက အနိုင်ဆုံးဖြစ်ပေတယ်။ မှတ်လိုက်တာနဲ့ ကုသိုလ်ဇောတွေ ဖြစ်သွားတယ်။ ဒေါသဇောတွေ ဒေါမနဿဇောတွေ မဖြစ်နိုင်တော့ပေဘူး။ ဖြစ်ခွင့်မရတော့ပေဘူး။ ဝိပဿနာကတော့ အနိုင်ဆုံးပဲ။ ဒါကြောင့် ဝိပဿနာရှုကြရပါတယ်။ ဝိပဿနာ အောင်မြင်သွားရင်တော့ မိမိတို့ အလိုရှိအပ် တောင့်တအပ်သည့် ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားကြမှာ ဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာကုသိုလ်က အကောင်းမြတ်ဆုံး ကုသိုလ်ဖြစ်တယ်။

ဝိပဿနာရှုတော့မယ်ဆိုတော့ ဒီဝီထိအစဉ်ထဲမှာ ဘယ်နေရာကရှုရမလဲ .. လိုအပ်ပေတယ်။ နှလုံးသွင်းတာက ဇောမှာ နှလုံးသွင်းရတယ်။ ဇောရောက်လာတော့ အာရုံကို သိလာတော့ နှလုံးသွင်းရပါတယ်။

မြင်ကာမျှမတ္တမှာ တည်အောင်ရှုမှတ်ပုံ

ဝိပဿနာရှုတော့ ဘယ်နေရာကနေ ရှုရပါသလဲဆိုတော့ စက္ခုဝိညာဏ်ကရှုရမယ်။ 'အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်-မြင်သိစိတ်' အဲဒီမြင်သိစိတ်ဖြစ်တဲ့အခိုက်အတန့်လေးမှာ - ရူပါရုံအဆင်းက မျက်စိအကြည်ကို လာတိုက်ခိုက်မှ ရှုရပါတယ်။ ရှေ့က 'အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း' တိုင်အောင် လွန်သွားပြီးတဲ့အခါ စက္ခုဝိညာဏ် - မြင်သိစိတ်ကလေး ဖြစ်ခိုက်မှာ 'မြင်တယ်၊မြင်တယ်'လို့ ရှုမှတ်ရပေတယ်။ 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်နိုင်တဲ့အင်အား အသင့်အတင့် ရှိလာတဲ့အခါ မြင်ကာမျှမတ္တမှာပဲ တည်သွားတယ်။ ယောဂီများလောက် ဝိပဿနာအခြေခံရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ရှေးဦးစွာ မြင်ကာမျှမတ္တမှာ တည်အောင်ပဲ ရှုကြရပါတယ်။

အစပိုင်းမှာ မြင်ကာမျှမတ္တကို မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။
ဒိဋ္ဌေ = မြင်အပ်သော အဆင်းရူပါရုံ၌၊ ဒိဋ္ဌမတ္တံ = မြင်ကာမျှဖြစ်သော စိတ်သည်၊ ဘဝိဿတိ = ဖြစ်လတ္တံ့ (ဝါ) ဖြစ်အောင် ရှုရမယ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု။

မြင်လျှင် မြင်ကာမျှမတ္တမှာတည်အောင် ရှုမှတ်လိုက်တော့ ဣဋ္ဌာရုံ ဖြစ်လို့ရှိရင် လောဘလည်း မဖြစ်တော့ပေဘူး။ ရူပါရုံကို သာယာတပ်မက်တဲ့ လောဘလည်း မဖြစ်တော့ပေဘူး။ အနိဋ္ဌာရုံ ဖြစ်လို့ရှိရင် ဒေါမနဿ ဒေါသလည်း မဖြင့်တော့ပေဘူး။ မြင်လျှင် မြင်ကာမျှမတ္တဆိုတာ အခုယောဂီများအနေနဲ့၊ မခက်လှပါဘူး။ သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့တော့ အလွန်ခက်တယ်။ "မြင်တယ်ဆိုလျှင် အားလုံးမြင်ပြီးသွားတာပဲ။ ဘယ်လို မြင်ကာမျှမတ္တမှာ တည်အောင်လုပ်ရမှာလဲ" ဒီလိုတောင် ပြန်မေးကြတယ်။

ယောဂီများအနေနဲ့ ဒီလောက်မခက်လှပါဘူး။ စင်္ကြံလျှောက်သွားတဲ့အခါ ပေါ့ပေါ့ပြီးတော့ တက်သွားတာ၊ လှမ်းလိုက်တဲ့အခါ ပေါ့ပေါ့ပြီးတော့ ရွေ့သွားတာ၊ ချလိုက်တဲ့အခါလည်း လေးလေးပြီးတော့ ကျသွားတာကို မြင်နေရလို့ ယောဂီက အမှတ်ကောင်းနေတဲ့ အခိုက်အတန့်မှာ ယောဂီနားက လူတစ်ယောက်က ဖြစ်သွားလိုက်တယ်။

"ယောဂီနားက ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ အမျိုးသားလား ... အမျိုးသမီးလား ... " လို့ သွားမေးလို့ရှိရင် ယောဂီက "မသိပါဘူး၊ လူတစ်ယောက်တော့ ဖြတ်သွားတာပဲ၊ ဘယ်သူလဲတော့ မသိပါဘူး" လို့ ပြောတတ်ပါပေတယ်။ မြင်လျှင် မြင်ကာမျှမတ္တမှာ တည်သွားတာ ဖြစ်တယ်။ အမှတ်ကိုပဲ အလေးအနက် နှလုံးသွင်းထားတော့ ဟိုမှာ မြင်ရတာ မြင်ကာမျှမတ္တမှာ ဖြစ်သွားပါတယ်။ ကြားလျှင် ကြားကာမျှမတ္တ၊ နံလျှင် နံကာမျှမတ္တ၊ စားလျှင် စားကာမျှမတ္တတို့မှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။

ပဉ္စဒွါရမှာကျလာတဲ့ အာရုံတွေကို မနောဒွါရကနေ၍ ရှုမှတ်ရပုံ

ပဉ္စဒွါရ (၅)ဒွါရမှာ ကျလာတဲ့ အာရုံတွေကို ဘယ်ကနေ ရှုနေရလဲဆိုတော့ မနောဒွါရကနေ ရှုနေရတယ်။ ကျရာအာရုံက ပဉ္စဒွါရ၊ ရှုတာက မနောဒွါရ ဖြစ်တယ်။ မနောဒွါရက ရှုရပေတယ်။

သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ အို- ကျရာကတစ်ခြား၊ ရှုရာကတစ်ခြား၊ ဖြစ်မှ ဖြစ်နိုင်ပါ့မလားလို့ ဒီလိုလည်း စဉ်းစားသွားတတ်ပါတယ်။ ဒီလိုလည်း ဆင်ခြင်တွေ ပေးလာတတ်ပါတယ်။ ဖြစ်ကို ဖြစ်နိုင်တယ်။ ဖြစ်နိုင်တာလေးကို ပဉ္စဒွါရမှာ အာရုံ(၅)ပါး လာတိုက်တဲ့အခါမှာ မနောဒွါရမှာထင်တဲ့ အကြောင်းကို အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။

သစ်ပင်ဖျားမှာ ငှက်လာနားတဲ့ ဥပမာနဲ့ ဖွင့်ပြထားပါတယ်။ သစ်ပင်ဖျားမှာ မွန်းတည့်တဲ့အချိန်မှာ ငှက်လာပြီး နားတဲ့အခါ မြေကြီးမှာလည်း အရိပ်သွားထင်ပါတယ်။ သစ်ပင်ဖျားမှာ ငှက်နားတာနဲ့ မြေကြီးမှာ အရိပ်သွားတင်တာနဲ့ဟာ မရှေးမနှောင်းပဲ တစ်ပြိုင်နက်လို ဖြစ်ပါတယ်။ အဲဒီလိုပါပဲတဲ့။ ပဉ္စဒွါရ - (၅)ဒွါရမှာ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးတွေ လာတိုက်တဲ့အခါ မနောဒွါရမှာ ငှက်ရိပ်ပမာ သွားသွားပြီးတော့ ထင်တာပါပဲ၊ တစ်ပြိုင်နက်လိုပဲထင်တော့ မှတ်လို့ ရပါတယ်။ (အဋ္ဌသာလိနီ - ၁၁၄)

ဆောင်ပုဒ်။ ။ သစ်ပင်ဖျား၌၊ ငှက်နားပမာ၊ အာရုံငါးပါး၊ ထိငြားထင်လာ၊
မြေ၌ငှက်ရိပ်၊ ခပ်နှိပ်ပမာ၊ မနောပေါက်၊ ဆိုက်ရောက်လေသည်သာ။

သစ်ပင်ဖျားနဲ့တူတဲ့ (၅)ဒွါရမှာ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးလာပြီးတော့ ထိလိုက်တယ်။ ထိလိုက်တဲ့အခါမှာ ငှက်အရိပ်ဟာ မြေမှာ ထင်လာသလို မနောပေါက်မှာ အာရုံတွေ ဆိုက်ရောက် ထင်လာတယ်-ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။ ထင်လာပါပေတယ်။ ထင်လို့သာလျှင် 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' လို့ ရှုမှတ်လို့ ရနေတာပါပဲ။ မထင်ရင်တော့ ရှုမှတ်လို့ မရပါဘူး။

ဆောင်ပုဒ်။ ။ ငှက်အများနှင့်၊ အာရုံငါးတူသည်၊ သစ်ပင်ဖျားနှင့်၊ ဒွါရငါးတူသည်၊
မြေနှင့်တစ်ဝ၊ ဘဝင်္ဂတူညီ၊ လူနှင့်ကား၊ ဇောများတူပေသည်။

ဥပမာ - မြေပေါ်မှာပေါက်နေတဲ့ သစ်ပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီ သစ်ပင်ကြီးအောက်မှာ လူလည်းရှိတယ်။ သစ်ပင်အောင်မှာ၊ မြေကြီးပေါ်မှာ လူကထိုင်နေတယ်။ လှဲနေတယ်။ မွန်းတည့်အချိန်အခါမှာ သစ်ပင်ဖျားမှာ ငှက်တွေက လာနားတယ်။ လာနားတော့ အရိပ်က မြေကြီးမှာ ထင်လာတော့ လူက သိပါတယ်။ အင်း .. ငှက်တွေ လာနားပြီလို့ သိရပါပေတယ်။

အဲဒီလိုပါပဲ။ ငှက်အများနဲ့ အာရုံ (၅)ပါးနဲ့ တူတယ်။ အာရုံ (၅)ပါးတွေဆိုတာ ငှက်တွေ ပျံလာသကဲ့သို့ ရောက်လာကြတာပါပဲ။ ငှက်တွေနဲ့ တူပါပေတယ်။

သစ်ပင်ဖျားနဲ့ ဒွါရ (၅)ပါးနဲ့ တူတယ်။ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်-ဆိုတဲ့ ဒွါရ(၅)ပါးနဲ့ သစ်ပင်ဖျားနဲ့ တူတယ်တဲ့။ သစ်ပင်ဖျားနဲ့ ဒွါရ(၅)ပါးနဲ့တူတယ်။

အဲဒီဒွါရ (၅)ပါးမှာ အာရုံ(၅)ပါးလားပြီးတော့ တိုက်ပါတယ်။ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးလာတိုက်တော့ မြေကြီးမှာ အရိပ်ထင်သလို ဘဝင်မှာ သွားသွားပြီးတော့ ထင်တယ်။ မြေကြီးနှင့် ဘဝင်နဲ့ တူတယ်တဲ့။ ဘဝင်ဆိုတာ တစ်ဘဝလုံးမှာ တည်ရှိနေရတာ ဖြစ်တယ်။ မြေကြီးလိုပါပဲ။

ဘဝဿ အင်္ဂံ ဘဝင်္ဂံ။ ဘဝဿ = ဘဝ၏ ၊ အင်္ဂံ = အကြောင်းတည်း။ ဘဝင်္ဂံ = ဘဝ၏ အကြောင်း၊ ဘဝတည်ရှိဖို့ရာ အကြောင်းဆိုတော့ သစ်ပင်၏ တည်ရာ မြေကြီးနှင့် တူတယ်။

တစ်ဘဝလုံးမှာ ဘဝင်ကတော့ ရှိနေတယ်။ တစ်ခြား တစ်ခြားစိတ်တွေကသာ ပြောင်းလဲ ပြောင်းလဲပြီးတော့ ဖြစ်သွားကြတယ်။ ဘဝင်စိတ်ကတော့ မပြောင်းလဲဘူး။ အမြဲတမ်း ဘဝအခြေခံအနေဖြင့် တစ်ဘဝမှာ ဖြစ်နေပေတယ်။ အခြား စိတ်တို့၏ မှီရာတည်ရာ ဖြစ်တယ်။ ပဋိသန္ဓေက စပြီးတော့ ပဋိသန္ဓေ အခိုက်အတန့်မှာ ပဋိသန္ဓေစိတ်၊ ပဝတ္တိ ရောက်လာတော့ ဘဝင်စိတ်၊ ကွယ်လွန်စုတိတဲ့အခါကျတော့ စုတိစိတ် ဖြစ်တယ်။ ဒီဘဝင်စိတ်ကပဲ ပြောင်းလဲပြီး ဖြစ်ဖြစ်သွားတာပါပဲ။ ကိစ္စတွေကသာ ပြောင်းသွားတာ ဖြစ်တယ်။

တစ်ဘဝလုံးမှာ တည်ရှိတဲ့စိတ်က ဘဝင်စိတ်၊ မြေကြီးနဲ့ တူပါပေတယ်။ အဲဒီဘဝင်ကို မှီပြီးတော့ ဖြစ်တဲ့ ဇောစိတ်တွေကတော့ လူနဲ့တူတယ်တဲ့။ မြေကြီးပေါ်မှာရှိတဲ့ လူက ငှက်တွေ လာနားတော့ သိပါပေတယ်။ အရိပ်ထင်တာတော့ သိတယ်။ ဇောစိတ်ကလည်း အဲဒီ လူလိုပါပဲ။ အာရုံတွေကို သိပါတယ်။ ဒွါရ (၅)ပါးမှာ အာရုံ (၅)ပါးလာတိုက်တော့ ဘဝင်မှာ လာပြီးထင်တဲ့အခါ ဇောစိတ်က သိသွားပါတယ်။ သိတဲ့အတွက်ကြောင့် 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' လို့ ရှုလို့ရတယ်။ အဲဒီလို ရှုမှတ်လို့ ရလို့သာ မနောဒွါရ တစ်ဒွါရကနေပြီးတော့ ရှုမှတ်နေရတာ ဖြစ်တယ်။ (၅)ဒွါရမှာ ကျလာကျလာတဲ့ အာရုံတွေကို မနောဒွါရ တစ်ဒွါရက စောင့်ပြီး ရှုနေရတာ ဖြစ်တယ်။

အဲဒီလို ရှုမှတ်ရလို့ တရားထူး တရားမြတ် ရသွားတဲ့ သာဓကတွေ မြတ်စွာဘုရား လက်ထက်တော်အခါက ရှိခဲ့ဘူးပါတယ်။ (၅)ဒွါရမှာ ကျလာတဲ့ အာရုံတွေကို မနောဒွါရ တစ်ဒွါရကပဲ စောင့်ပြီးတော့ ရှုမှတ်နေရပေတယ်။ အထင်ရှားဆုံးကတော့ အရှင်ပေါဋ္ဌိလ ဖြစ်ပေတယ်။

ဆက်ရန်.... အနန္တရ (င)သို့

အပြည့်အစုံသို့...

၎။ အနန္တရ ပစ္စည်း (ဂ)

၎။ အနန္တရ ပစ္စည်း (ဂ)

အဗျာကတက အကုသိုလ်ကို ကျေးဇူးပြုပုံ

အဗျာကတကနေ အကုသိုလ်ကို ကျေးဇူးပြုတာကို ပြောပြပါတော့မယ်။ ဇော(၇)ကြိမ်က နှလုံးလည်း မသွင်း၊ မှတ်လည်း မမှတ်တဲ့အတွက်ကြောင့် (၇)ကြိမ်လုံး အကုသိုလ်ဇောတွေ စောသွားတယ်။ အဲဒီအခါကျတော့ ဝုဋ္ဌောက ပထမဇောကို ကျေးဇူးပြုတဲ့အခါ အဗျာကတက အကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ ဝုဋ္ဌောက အဗျာကတက အကုသိုလ် ပထမဇောကို ကျေးဇူးပြုတာပဲ ဖြစ်တယ်။ အဗျာကတအတွက် (၃)ချက် ရသွားပေပြီ။

'အဗျာကတော အဗျာကတဿ'။ အဗျာကတ-ကနေပြီးတော့ အဗျာကတကို ကျေးဇူးပြုတာကတော့ တစ်ဝီထိလုံးပဲ၊ (၁၇)ချက်လုံးပဲဖြစ်တယ်။

'အဗျာကတော ကုသလဿ'။ အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုတာကတော့ ဝုဋ္ဌောက ကုသိုလ်ပထမဇောကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။

'အဗျာကတော အကုသလဿ'။ အဗျာကတကနေပြီးတော့ အကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဝုဋ္ဌောကနေပြီးတော့ အကုသိုလ် ပထမဇောကို ကျေးဇူးပြုတာ ဖြစ်တယ်။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသနာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော - ဟု စပြီး ဟောပါတယ်။

ပုရိမာ ပုရိမာ - ဆိုတာ ရှေ့ရေ့ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ။ ပစ္ဆိမာ = ဆိုတာ နောက်ပါ။ ပုရိမာ ပုရိမာ - ဆိုတာ ရှေ့ရှေ့က ပစ္စည်းတရား၊ အကြောင်းတရားကို ပြောတာဖြစ်တယ်။ ပစ္ဆိမာနံ ပစ္ဆိမာနံ = ဆိုတာ နောက်နောက်က ပစ္စယုပ္ပန်တရား၊ အကျိုးတရားကို ပြောတာဖြစ်တယ်။

ပုရိမာ-ဆိုရင် ပစ္စည်းလား၊ ပစ္စယုပ္ပန်လား ... ပစ္စည်းပါ။ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုရင် ပစ္စည်းလား၊ ပစ္စယုပ္ပန်လား ... ပစ္စယုပန်ပါ။ ပုရိမာ ပုရိမာ-ဆိုရင် အကြောင်းလား၊ အကျိုးလား ... အကြောင်းပါ။ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုရင် အကြောင်းလား၊ အကျိုးလား ... အကျိုးပါ။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ကျေးဇူးပြုတာလဲ ... ဇော ဇောချင်း ကျေးဇူးပြုတာ ဖြစ်တယ်။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ဘယ်လို ကျေးဇူးပြုတာလဲ ... အဆုံးဇောကနေ ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်တယ်။ ကုသိုလ်အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုတာဖြစ်တယ်။ တဒါရုံက နှစ်ခုရှိပါတယ်။ ပထမ တဒါရုံကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဇောတွေက (၇)ဇောတောင်ဆိုတော့ ဘယ်ဇောလဲ ... အဆုံးဇောပါ။ အဆုံးဇော= သတ္တမဇောက ပထမတဒါရုံကို ကျေးဇူးပြုတာကို ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော - ဟု ဘုရားဟောထားတာ ဖြစ်ပေတယ်။ ယောဂီမျာ ကိုယ်တိုင်သိရပေတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာကြီးပဲ ဖြစ်တယ်။ မြတ်စွာဘုရား ဟောတာကို သဘောကျနေတယ်။ ဤကဲ့သို့ မရှင်းပြရင် အနန္တရပစ္စည်း တော်တော်နဲ့ သဘောမကျပေဘူး။ ပုရိမာ ပုရိမာ-ဆိုတာ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုတာ ဘယ်လိုလဲလို့ စိတ်ထဲမှာ ရွတ်သာရွတ်ဆိုနေရတယ်။ သဘောက မပေါက်တော့ ရွတ်ဆိုနေရတာပဲ ရှိတာပေါ့

'ကုသလပဒ' အတွက်၊ ကုသိုလ်အတွက် ပြီးသွားပြီ။ 'အကုသလပဒ' အတွက်၊ အကုသိုလ်အတွက် ဟောပါတော့မယ်။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်မှာပါလဲ ... ဇော ဇောချင်းမှာ ဖြစ်ပေတယ်။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေ ဘယ်လိုကျေးဇူးပြုတာပါလဲ ... အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ အဆုံးဇောက အကုသိုလ်ဇော၊ တဒါရုံက အဗျာကတ ဖြစ်တယ်။ အဆုံးအကုသိုလ်ဇောက ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ အကုသလပဒအတွက် (၂)ချက်လည်း ပြီးသွားပါပြီ။ ဘယ်နှစ်ချက်ရသွားပါလဲ .. (၄)ချက်ပါ။ နောက် (၃)ချက်က အဗျာကတဖြစ်တယ်။

အဗျာကတ (၃)ချက် ဟောပါတော့မယ်။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်မှာပါလဲ ... (၁၇)ချက်လုံး ဖြစ်ပေတယ်။

တစ်ဝီထိလုံး အဗျာကတပဲ-ဆိုတော့ တဒါရုံ (၂)ကြိမ်ကလည်း ကုသိုလ်လား ... အကုသိုလ်လား .. အဗျာကတလား ... အဗျာကတပါ။ တစ်ဝီထိလုံး အဗျာကတ ရသွားပေတယ်။ 'အဗျာကတော အဗျာကတဿ' ဖြစ်တယ်။ အဗျာကတကနေ အဗျာကတကို ကျေးဇူးပြုတာကတော့ တစ်ဝီထိလုံးပဲ၊ (၁၇)ချက်လုံးပဲ ဖြစ်တယ်။ နောက်တစ်ခါ ဒုတိယအချက်ကို ဟောပါတော့မယ်။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ဘယ်သူ့ကို ကျေးဇူးပြုတာလဲ ... ဝုဋ္ဌောကနေပြီးတော့ ပထမ ကုသိုလ်ဇောကို ကျေးဇူးပြုတာဖြစ်ပေတယ်။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေ ဘယ်ကို ကျေးဇူးပြုတာပါလဲ ... ဝုဋ္ဌောကနေပြီးတော့ ပထမ အကုသိုလ်ဇောကို ကျေးဇူးပြုတာဖြစ်ပေတယ်။ (၇)ချက် ပြည့်သွားပြီ။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ... ဟူ၍ (၇)ချက် ဖြစ်ပေတယ်။

ဒီစက္ခုဝိညာဏဝီထိထဲမှာပဲ (၇)ချက် ရသွားပါတယ်။ သောတဝိညာဏဝီထိမှာလည်း ဒီ(၇)ချက်ပဲ။ ဃာနဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပဲ။ ဇိဝှါဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပဲ။ ကာယဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပါပဲ။ တစ်ဝီထိဆိုလို့ရရင် အားလုံး သဘောကျပါပေတယ်။

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော - ဆိုတာကတော့ အားလုံးတစ်ပေါင်းတည်း ရှေ့ရှေ့သော ပစ္စည်းတရားတွေက နောက်နောက်သော ပစ္စယုပ္ပန်တရားတွေကို ကျေးဇူးပြုနေပုံကို နိဂုံးချုပ်အနေနဲ့ မြတ်စွာဘုရား ဟောကြားတော်မူတာ ဖြစ်တယ်။ လိုရင်းအကျဆုံးကတော့ အခု(၇)ချက်ဟာ လိုရင်းပါပဲ။

ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို၊ အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို၊ အဗျာကတက အဗျာကတကို၊ အဗျာကတက ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို - ဆိုတဲ့ (၇)ချက်ကတော့ အဓိကပါပဲ။

ပစ္စယနိဒ္ဒေသပါဠိတော်က သဘောပေါက်သွားလို့ရှိရင် နောက်နောက်ဝါဒတွေ၊ ပဋ္ဌာန်းပါဋ္ဌိတော် အကျယ်တဝင့်တွေကို လိုက်ပြီးတော့ ဖတ်ကြည့်မယ်ဆိုလို့ရှိရင်၊ လေ့လာမယ်ဆိုလို့ရှိရင် ယောဂီများ သဘောပေါက်ပါလိမ့်မယ်။ နေရာကျပါတယ်။ ဒီဝီထိအစဉ်ကလေး ရထားဖို့ အရေးကြီးတယ်။ ဝီထိအစဉ်ကလေးကိုတော့ စက္ခုဒွါရဝီထိအတွက်ဆိုလျှင် ကောင်းကောင်းရသွားပြီ။ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ-တွေကိုလည်း တစ်ခေါက်စီလောက် ဆိုသွားရအောင်။

စက္ခုဝိညာဏဝီထိ - အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

သောတဝိညာဏဝီထိကျတော့ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ်လို့ ထည့်ရမယ်။ ဃာနဝိညာဏဝီထိကျတော့ ဃာနဝိညာဏ်လို့ ထည့်ရမယ်။ ဇိဝှါဝိညာဏဝီထိကျတော့ ဇိဝှါဝိညာဏ်လို့ ထည့်ရမယ်။ ကာယဝိညာဏဝီထိကျတော့ ကာယဝိညာဏ်လို့ ထည့်ရမယ်။ 'စ'လေးနေရာမှာ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယတွေ လဲပြီးထည့်ရမယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်ကလေး (၅)ခေါက် ဆိုလိုက်ကြအုံးစို့။ စက္ခုဝိညာဏ်အတွက် 'မြင်ပြီးလျှင်' နေရာမှာ သောတဝိညာဏ်အတွက် 'ကြားပြီလျှင်'၊ ဃာနဝိညာဏ်နေရာမှတော့ 'နံပြီးလျှင်'၊ ဇိဝှါဝိညာဏ်နေရာကျတော့ 'စားပြီးလျှင်'၊ ကာယဝိညာဏ်ကျတော့ 'ထိပြီးလျှင်' - လို့ ထည့်ဆိုကြရမယ်။

ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ နံပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ စားပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ ထိပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။

ပါဋ္ဌိတော်လည်း သဘောကျသွားပြီ။ ဝီထိအစဉ်တွေလည်း နာမည်တွေ သိသွားပြီ။ ဘဝင်-ဆိုတာ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေ။ ဒီ(၃)ခုလုံးကို ဘဝင်-လို့ ဆိုလိုက်တာဖြစ်တယ်။ ဆင်ခြင်-ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းကို ဆိုတာဖြစ်တယ်။ မြင်ပြီးလျှင်-ဆိုတာ စက္ခုဝိညာဏ်ကို ဆိုတာဖြစ်တယ်။ ထို့ပြင်လက်ခံတုံ-ဆိုတာ သမ္ပဋိ စ္ဆိုင်းကို ဆိုတာဖြစ်တယ်။ စုံစမ်း-ဆိုတာ သန္တီရဏကို ဆိုတာဖြစ်တယ်။ ဆုံးဖြတ်-ဆိုတာ ဝုဋ္ဌောကို ဆိုတာဖြစ်တယ်။ ဇောစိတ်သတ်-ဆိုတာ ဇော(၇)ကြိမ်ကို ဆိုတာဖြစ်တယ်။ နှစ်ရပ်တစ်ဒါရုံ-ဆိုသည်မှာ တဒါရုံ(၂)ကြိမ်ကို ဆိုတာ ဖြစ်တယ်။

မြန်မာလို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး စီထားတာ သဘောကျသွားပါပြီ။ 'ဇော' ဆိုတာကတော့ ဇဝန = လျင်မြန်စွာ ဖြစ်တာကို ခေါ်တယ်။ (၁)ကြိမ်တည်း ဖြစ်လို့မရပေဘူး။ (၇)ကြိမ်၊ (၇)ကြိမ် ဖြစ်သွားတယ်။ လျင်မြန်တာကို 'ဇော' ခေါ်တယ်။ ဘယ်လောက် လျက်မြန်လဲဆိုရင် တစ်ခါဖြစ်ရင် (၇)ကြိမ်၊ (၇)ကြိမ် ဖြစ်တယ်။

-----
သင်္ဂြိုလ်ဆိုင်ရာ မှတ်သားဖွယ်

ဇောစိတ်တပ်သော စိတ် ၅၅-ပါး ရှိပါတယ်။

အကုသိုလ်စိတ် ၁၂-ပါး၊ ကုသိုလ်စိတ် ၂၁-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ အာဝဇ္ဇန်းဒွေကြဉ်သော ကြိယာစိတ် ၁၈-ပါး - ဟူ၍ ၅၅-ပါး ဖြစ်ပါတယ်။

ဇောစိတ် ၅၅-ပါးကို အကျဉ်းမှတ်သားနိုင်သောနည်းမှာ 'ကုကုကြိဖိုလ်'ကို မှတ်သားရန် ဖြစ်ပါတယ်။ အကုသိုလ်စိတ်, ကုသိုလ်စိတ်, ဖိုလ်စိတ်နှင့် အာဝဇ္ဇန်းဒွေကြဉ်သည့် ကြိယာစိတ်များကို အကုန်ယူရန် ဖြစ်၏ ။

အကုသိုလ်စိတ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ ဟသိတုပ္ပါဒ် ၁၊ ပေါင်း ၂၉-ပါး သည် ကာမစိတ်များ ဖြစ်ကြသဖြင့် ကာမဇော-ဟု အမည်တွင်ပါတယ်။

မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ ၉၊ မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ ပေါင်း ၂၆-ပါးတို့သည် အပ္ပနာစိတ်များ ဖြစ်ကြသဖြင့် အပ္ပနာဇော-ဟု အမည်တွင်ပါတယ်။
-------

အနန္တရပစ္စည်းရဲ့ သဘောတရားလေးလည်း တော်တော်လေး သဘောကျသွားပါပြီ။ ပါဋ္ဌိတော်ကိုလည်း သဘောကျသွားပါပြီ။ ဝိပဿနာရှုဖို့၊ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဖို့ပဲ လိုပါတော့တယ်။ ဒီလို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်မှာ အာရုံ(၆)ပါးက လာတိုက်တဲ့အခါ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်တွေ ဖြစ်တဲ့အခါမှာ ကုသိုလ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘာဖြစ်ပါသလဲ ... အကုသိုလ်ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်အောင် ဘယ်လိုနှလုံးသွင်းရမလဲ ...လိုအပ်ပေတယ်။

ကုသိုလ်ဖြစ်အောင်တော့ နှလုံးသွင်းတတ်လို့ရှိရင်လည်း ကုသိုလ်လည်း ဖြစ်နိုင်တယ်။ ဝိပဿနာရှုနိုင်လို့ရှိရင်လည်း ကုသိုလ်လည်း ဖြစ်နိုင်တယ်။ နှလုံးလည်း မသွင်းတတ်ဘူး၊ ဝိပဿနာလည်း မရှုတတ်ဘူး ဆိုရင်တော့ ဘာဖြစ်ပါ့မလဲ .. အကုသိုလ်ဖြစ်လိမ့်မယ်တဲ့။

ဆောင်ပုဒ်။ ။ နှလုံးမသွင်း၊ ရှုမှတ်ကင်း၊ ဖြစ်ခြင်းအကုသာ။

နှလုံးလည်း မသွင်းတတ်ဘူး၊ ရှုလည်း မရှုတတ်ဘူး၊ ရှုမှတ်တတ်သော်လည်း ရှုမှတ်မှုက ကင်းနေတယ်ဆိုရင်တော့ ဘာဖြစ်ပါ့မလဲ .. အကုသိုလ်ဖြစ်ပါမယ်။ ယောဂီများအတွက် ဒီအာရုံတွေနဲ့ ကင်းပြီးတော့ နေလို့ကို မရပေဘူး။ အိပ်တဲ့အခိုက်အတန့်လေးပဲ ကင်းတယ်။ ကျန်တဲ့အချိန်မှာ ကင်းလို့မရပေဘူး။

မျက်စိက မြင်လိုက်၊ နားက ကြားလိုက်၊ နှာခေါင်းက နံလိုက်၊ လျှာက စားလိုက်၊ ကိုယ်က ထိလိုက်၊ စိတ်က ကြံစည်မှုတွေဖြစ်လိုက်၊ အဲဒါတွေကို နှလုံးမသွင်းတတ်ဘူး၊ ဝိပဿနာလည်း မရှုတတ်ဘူးဆိုရင် အကုသိုလ်တွေပဲ ဖြစ်တာ များနေတော့ လူဖြစ်ရတာ မကောင်းတော့ပေဘူး။ အပါယ်လေးရွာသို့ ပြန်သွားဖို့ပဲ ရှိပါတော့တယ်။ အရင်းရှုံးသွားတော့မှာပါပဲ။ ဒါကြောင့် နှလုံးသွင်းတတ်ဖို့၊ ရှုလည်း ရှုမှတ်တတ်ဖို့ အရေးကြီးပါတယ်။

ဆောင်ပုဒ်။ ။ နှလုံးသွင်းမှု၊ ရှုမှတ်မှု၊ ပြုက ကုသလာ။

နှလုံးသွင်းမယ်ဆိုရင်တော့ အာရုံတွေ လာတိုက်တဲ့အခါ ဇောသို့ ရောက်လာလျှင် နှလုံးသွင်းရပါတယ်။ နှလုံးမသွင်းတတ်လို့ရှိရင်တော့ အကုသိုလ်ဇောတွေ စောသွားတယ်။

ကောင်းတဲ့ဣဋ္ဌာရုံဖြစ်တဲ့ အာရုံတွေ၊ အလွန်သာယာဖွယ်ဖြစ်တဲ့ အာရုံတွေ လာတိုက်တော့ နှလုံးမသွင်းတတ်ဘူးဆိုရင် လောဘဖြစ်တယ်။ သာယာတယ်၊ နှစ်သက်တယ်၊ ခင်မင်တယ်၊ တွယ်တာတယ်၊ လောဘဖြစ်သွားတယ်။ လောဘနဲ့စပ်တဲ့ အကုသိုလ်တွေ ဖြစ်သွားပေတယ်။

မကောင်းတဲ့ အနိဋ္ဌာရုံတွေ လာတိုက်ကြတော့ နှလုံးမသွင်းတတ်လို့ရှိရင် ဒေါသ ဒေါမနဿတွေ ဖြစ်သွားကြတယ်။

နှလုံးမသွင်းတတ်တော့ ကောင်းတာတိုက်လည်း အကုသိုလ်၊ မကောင်းတာတိုက်လည်း အကုသိုလ် ဖြစ်တယ်။ အကုသိုလ်ကိုတော့ ယောဂီများ အလွန်ကြောက်ပါတယ်။ နှလုံးသွင်းတတ်ဖို့လည်း အရေးကြီးပါပေတယ်။

ကောင်းတဲ့ဣဋ္ဌာရုံတွေ လာတိုက်တဲ့အခါကျတော့ ဘယ်လို နှလုံးသွင်းရမလဲ။ ဒီလိုကောင်းတဲ့ဣဋ္ဌာရုံတွေ၊ ကောင်းတဲ့ အာရုံအမျိုးမျိုးတွေနဲ့၊ ကောင်းကျိုး အမျိုးမျိုးတွေနဲ့ မိမိတွေ့ရတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား၊ မကောင်းခဲ့လို့လား ... ကောင်းခဲ့လို့၊ ကောင်းတဲ့ ကုသိုလ်ကံတွေ ပြုခဲ့လို့ ကောင်းကျိုးတွေနဲ့ တွေ့နေရတာ ဖြစ်တယ်။

နောက်လာလတ္တံ့ အနာဂတ်အချိန်အခါတွေမှာ၊ အနာဂတ်ဘဝတွေမှာ ကောင်းတာတွေနဲ့ တွေ့ဖို့ရာ လိုအပ်ပါပေတယ်။ အကောင်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားဖို့ရာ လိုအပ်တယ်။ လိုအပ်တဲ့အတွက်ကြောင့် ကောင်းမှုကုသိုလ်တွေကို ပြုမှတော်မယ်လို့ နှလုံးသွင်းရပါတယ်။

အတိတ်ကကောင်းခဲ့လို့ အခုကောင်းတာတွေနဲ့ တွေ့နေရတာ၊ နောင်အနာဂတ်ဘဝတွေမှာ ကောင်းဖို့ရာ၊ နိဗ္ဗာန်ချမ်းသာကို ရောက်သွားဖို့ရာ ကောင်းတဲ့ကုသိုလ်တွေပြုမှ တော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ကုသိုလ်ဖြစ်သွားပါပေတယ်။ နှလုံးသွင်းကောင်းရင် ကုသိုလ်ဖြစ်တယ်။

မကောင်းတဲ့ အနိဋ္ဌာရုံတွေနဲ့ တွေ့ရ ကြုံရတဲ့အခါ၊ မကောင်းတာတွေနဲ့ပဲ တွေ့ရတဲ့အခါ၊ မကောင်းတာတွေပဲ ကြားနေရတဲ့အခါ၊ မကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲ အတူတကွ နေရတဲ့အခါ နှလုံးဘယ်လိုသွင်းရပါ့မလဲ ... ဒီလိုမကောင်းတာတွေနဲ့ မိမိလာတွေ့နေရတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား ... မကောင်းခဲ့လို့လား .. မကောင်းခဲ့လို့ပါ။ မိမိမကောင်းခဲ့လို့၊ မိမိမကောင်းတဲ့ အကုသိုလ်ကံတွေပြုခဲ့လို့ ဒီလို မကောင်းတာတွေနဲ့ လာတွေ့နေရတာပဲလို့ ဆင်ခြင်လိုက်တာနဲ့ သက်သာသွားပါပေတယ်။ ဒီလို မကောင်းတဲ့ အနိဋ္ဌာရုံ အကျိုးပေးတွေကို ဘာနဲ့များ ကျော်လွန်နိုင်ပါ့မလဲ ... ကုသိုလ်တရားတွေနဲ့မှ ကျော်လွန်နိုင်ပေမယ်။ ကုသိုလ်တရားတွေကို ရှေးကထက် ဆထက်ထမ်းပိုးတိုးပြီးတော့ ပြုလုပ်မှတော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်တွေ ဖြစ်သွားပါပေတယ်။

ဆက်ရန် .... အနန္တရ (ဃ)သို့ ..

အပြည့်အစုံသို့...

၎။ အနန္တရပစ္စည်း (ခ)

၎။ အနန္တရပစ္စည်း (ခ)

ပဉ္စဒွါရမှာ စိတ်အစဉ်တွေ ဖြစ်ပြီးတော့ ရှေ့စိတ်ကနေပြီး နောက်စိတ်တွေကို အကြားမရှိ အနန္တရသတ္တိနဲ့ ကျေးဇူးပြုနေပုံကို ခေါင်းစဉ်ပမဏာအနေနဲ့ ယောဂီများ သဘောကျ နားလည်အောင် ရှေးဦးစွာ မြတ်စွာဘုရား ဟောပြထားတာပါပဲ။

နောက်တော့ (၇)ချက်ဟောပါတယ်။ (၇)ချက်ကတော့ ကုသိုလ်က ၂-ချက်၊ အကုသိုလ်က ၂-ချက်၊ အဗျာကတက ၃-ချက်၊ ပေါင်း ၇-ချက် ဖြစ်ပါတယ်။ အဲဒီ (၇)ချက်ဖြင့် ကျေးဇူးပြုပုံကို ဝီထိအစဉ် (၁၇)ချက်ဖြင့် ပိုင်းခြားပြမှာသာ ပို၍ မှတ်ရလွယ်ကူပါတယ်။

ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။

အပေါ်က (၁၇)ချက်ကို ပြောတာပဲ ဖြစ်တယ်။ 'ဘဝင်ဆင်ခြင်' ၌ ဘဝင်ဆိုတာ အတီတဘဝင်= လွန်သွားတဲ့ဘဝင် ဖြစ်တယ်။ မျက်စိအကြည်မှာ ရူပါရုံ အဆင်း လာတိုက်တဲ့အခါမှာ ဘဝင်တစ်ချက် လွန်သွားတယ်။ နောက်ပြီးတော့ ဘဝင်တွေ လှုပ်လာတယ်။ အဲဒါကို ပါဠိလို ဘဝင်္ဂစလန-လို့ ခေါ်တယ်။ ဘဝင်္ဂ-ဆိုတာ ဘဝင်၊ စလန-ဆိုတာ လှုပ်တာ ဖြစ်တယ်။ ထို့နောက် ဘဝင်တွေ ပြတ်သွားတယ်။ ပြတ်သွားတာကိုတော့ ဘဝင်္ဂုပစ္ဆေဒ-လို့ ခေါ်တယ်။

'ဆင်ခြင်'-ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းကို ပြောတာ ဖြစ်တယ်။ ပဉ္စဒွါရာဝဇ္ဇန်း-ဆိုတာ ဒီအာရုံလေးက ဘာအာရုံပါလဲလို့ ဆင်ခြင်လိုက်တာကို ပဉ္စဒွါရာဝဇ္ဇန်း-လို့ ခေါ်တယ်။ ဥပါဒ်+ဋ္ဌီ+ဘင် ဆိုတဲ့ စိတ္တက္ခဏ၊ တစ်ခဏလေးမှာပဲ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ဆင်ခြင်ရုံပဲ ဆင်ခြင်နိုင်တယ်။ စက္ခုဝိညာဏ်က မြင်သိစိတ်ကလေး ဖြစ်လာတာကို ဆိုတာဖြစ်တယ်။ မြင်သိစိတ်ကလေးကလည်း သိကာမျှမတ္တပဲ ဖြစ်တယ်။ သိကာမျှမတ္တမှာ ဖြစ်ပြီးတာနဲ့ ချုပ်ပျောက်သွားတာပဲ ဖြစ်တယ်။ ဥပါဒ်+ဋ္ဌီ+ဘင် ဆိုတာနဲ့ တစ်ခါတည်း ပျက်သွားတာပဲ ဖြစ်တယ်။

'မြင်ပြီးလျှင်' ဆိုတာ စက္ခုဝိညာဏ်ကို ပြောတာဖြစ်တယ်။ 'ထို့ပြင် လက်ခံတုံ' ဆိုတာ သမ္ပဋိ စ္ဆိုင်းကို ပြောတာ ဖြစ်တယ်။ သမ္ပဋိစ္ဆိုင်းက စက္ခုဝိညာဏ် မြင်သိပြီးတဲ့ အာရုံလေးကို လက်ခံယူထားလိုက်တယ်။ မပျောက်ပျက်သွားရအောင် လက်ခံထားလိုက်တယ်။ 'ထို့ပြင်လက်ခံတုံ' ရဲ့ အဓိပ္ပါယ် ဖြစ်တယ်။

'စုံစမ်းဆုံးဖြတ်' ၌ စုံစမ်းဆိုတာ သန္တီရဏကို ပြောတာဖြစ်တယ်။ သန္တီရဏ-ဆိုတာ ဒီအာရုံလေးဟာ ဘာအာရုံလေးလဲ၊ ကောင်းတဲ့ အာရုံလား၊ မကောင်းတဲ့ အာရုံလားလို့ စုံစမ်းရုံပဲ စုံစမ်းတာ ဖြစ်တယ်။ စုံစမ်းပြီးတာနဲ့ ချုပ်ပျက်သွားပေတယ်။ 'ဆုံးဖြတ်တယ်' ဆိုတာ ဝုဋ္ဌောက ဆုံးဖြတ်တယ်။ ဒီအာရုံက ကောင်းတယ်။ ဒီအာရုံကတော့ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။

'ဇောစိတ်သတ်' ဆိုတာ ဝုဋ္ဌောနောက်မှာ ဇောစိတ် (၇)ကြိမ် ဖြစ်သွားတယ်လို့ ဆိုရပါတယ်။ ကောင်းတဲ့ အာရုံဖြစ်လျှင် ကောင်းတဲ့အတိုင်း ခံစားလိုက်တယ်။ မကောင်းတဲ့ အာရုံဖြစ်လျှင် မကောင်းတဲ့အတိုင်း ခံစားလိုက်တယ်။ ခံစားလိုက်တော့ ကောင်းတဲ့အာရုံကို ကောင်းတဲ့အတိုင်း ခံစားလိုက်လို့ရှိရင် လောဘ အကုသိုလ်စိတ်တွေ ဖြစ်သွားတယ်။ မကောင်းတဲ့အာရုံကို မကောင်းတဲ့အတိုင်း ခံစားလိုက်ရင်တော့ ဒေါသ ဒေါမနဿ အကုသိုလ်စိတ်တွေ ဖြစ်သွားတယ်။

ကုသိုလ်-ဆိုရင်တော့ ကုသိုလ်ဇောတွေ စောသွားတယ်။ ဘုရားအာရုံ၊ တရားအာရုံ၊ သံဃာအာရုံ၊ ဒါန သီလ သမထ ဝိပဿနာပွားများဖို့ရာ အာရုံတွေဆိုရင်တော့ ကုသိုလ်ဇော စောသွားပါတယ်။ အဲဒီမှာတော့ နှလုံးသွင်းတတ်လို့ရှိရင် ကုသိုလ်ဇော ဖြစ်တယ်။ နှလုံးမသွင်းတတ်ရင် အကုသိုလ်ဇောတွေ ဖြစ်တယ်။ ကောင်းတဲ့အာရုံ လာတိုက်လို့ရှိရင် နှလုံးမသွင်းတတ်ရင် လေဘဇော ဖြစ်တယ်။ မကောင်းတဲ့အာရုံ လာတိုက်လို့ရှိရင် နှလုံးမသွင်းတတ်ရင် ဒေါသဇော ဖြစ်တယ်။ နှလုံးမသွင်းတတ်ရင်တော့ အကုသိုလ်တွေပဲ ဖြစ်ဖြစ်သွားတယ်။ နှလုံးသွင်းတတ်ရင်တော့ ကုသိုလ်ဇောတွေပဲ စောတယ်။ အဲဒီ ကုသိုလ်ဇောတွေ စောပုံ၊ နှလုံးသွင်းတတ်ပုံကိုတော့ နောက်မှပဲ ရှင်းပြပါမယ်။

ဇောတွေကျတော့ ကုသိုလ်လည်း ဖြစ်တယ်။ အကုသိုလ်လည်း ဖြစ်တယ်။ အဗျာကတတည်း ဖြစ်တယ်။ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တိုင်အောင် ကုသိုလ်ဇော၊ အကုသိုလ်ဇောတွေ ဖြစ်နိုင်တယ်။ ရဟန္တာပုဂ္ဂိုလ် ဖြစ်သွားပြီးတဲ့အခါကျတော့ အဗျာကတဇောပဲ ဖြစ်တော့တယ်။ ကြိယာဇောပဲ ဖြစ်တော့တယ်။ ဇောမှာတော့ ကုသိုလ် အကုသိုလ် အဗျာကတ (၃)ခုလုံးပဲ ရှိပေတယ်။

'ဇောစိတ်သတ်' ၌ ဇော- ဆိုတာ ဇောကိုပဲ ပြောတာ ဖြစ်တယ်။ ဇောစိတ်ကို ပြောတာ ဖြစ်တယ်။ သတ်-ဆိုတာက (၇)ခုတဲ့။ (၇)ကြိမ် စောရမယ်။

'နှစ်ရပ်တဒါရုံ'-၌ ရုံ၊ ရုံလို့ (၂)ခု ပါပါတယ်။ ပထမတဒါရုံ၊ ဒုတိယတဒါရုံ-လို့ ဆိုရပေတယ်။ သူတို့ကတော့ အဗျာကတတွေပဲ။ တဒါရုံ (၂)ခုက အဗျာကတပဲ။ အဲဒီဝီထိအစဉ် (၁၇)ချက်ထဲမှာ ကုသိုလ် အကုသိုလ် အဗျာကတ ခွဲပုံလေး ဆောင်ပုဒ်လေး ဆိုကြမယ်။

ဆောင်ပုဒ်။ ။ ရှေ့ရှစ် နောက်နှစ်၊ အဗျာကတဖြစ်။
လယ်ခုနှစ်မှာ၊ ကု အ ဗျာ၊ မှန်စွာ ဖြစ်ပေသည်။

ရှေ့က (၈)ခုကလည်း အဗျာကတ၊ နောက်က (၂)ခုကလည်း အဗျာကတ၊ ရှေ့(၈)ခုကို ရေတွက်ကြည့်လိုက်တော့ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတိုင်အောင် (၈)ခုပါ။ အဲဒီ (၈)ခုက အဗျာကတ ဖြစ်ပေတယ်။ ရှေ့ (၈)ခုက အဗျာကတ၊ 'နောက်(၂)' နောက်ဆုံး(၂)ခုက ပထမတဒါရုံ၊ ဒုတိယတဒါရုံ၊ ဒီ(၂)ခုကလည်း အဗျာကတ ဖြစ်ပေတယ်။

'လယ်ခုနှစ်မှာ၊ ကု အ ဗျာ၊ မှန်စွာဖြစ်ပေသည်'-ဟု ဆိုရာ၌ အလယ်က ဇော(၇)ကြိမ်က ကုသိုလ် အကုသိုလ် အဗျာကတ ၃-မျိုးပါ။ ကုသိုလ်လည်း ဖြစ်နိုင်တယ်။ အကုသိုလ်လည်း ဖြစ်နိုင်တယ်။ အဗျာကတလည်း ဖြစ်နိုင်ပေတယ်။ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တိုင်အောင် ကုသိုလ်၊ အကုသိုလ် နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ နှလုံးသွင်းတတ်လို့ရှိရင် ကုသိုလ်၊ နှလုံးမသွင်းတတ်လို့ရှိရင် အကုသိုလ်ဖြစ်တယ်။ ဝိပဿနာရှုနေလို့ရှိရင် ကုသိုလ်ဖြစ်တယ်။

ရဟန္တာပုဂ္ဂိုလ်အတွက်တော့ ကြိယာဇောတွေ စောလို့ အဗျာကတ ဖြစ်တယ်။ ဇောမှာတော့ ကုသိုလ် အကုသိုလ် အဗျာကတ (၃)မျိုးလုံး ဖြစ်နိုင်ပေတယ်။

ကုသိုလ်၏ သဘောနှင့် အကုသိုလ်၏ သဘော

ဆောင်ပုဒ်။ ။ ကုသိုလ်ဆိုတာ၊ ပြုဆဲမှာ။ မှန်စွာပြစ်ကင်းသည်။

ကုသလာ အနဝဇ္ဇ သုခဝိပါကလက္ခဏာ။
ကုသလာ - ကုသိုလ်တရားတို့သည်၊ အနဝဇ္ဇ သုခဝိပါကလက္ခဏာ - အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ ရှိကုန်၏ ။

ကုသိုလ်ဆိုတာ ပြုတုန်းမှာလည်း အပြစ်မရှိပါဘူး၊ ပြုပြီးနောက်လည်း 'သုခဝိပါကလက္ခဏာ' ကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိတယ်။

ဆောင်ပုဒ်။ ။ ပြုပြီးနောက်ခါ၊ ကောင်းကျိုးသာ၊ မှန်စွာဖြစ်စေသည်။

ပြုပြီးသည့်နောက်မှာလည်း ကောင်းကျိုးတွေပဲ လိုက်ပေးတာပါပဲတဲ့။ နိဗ္ဗာန်ရောက်သည့် ဘဝတိုင်အောင် ကောင်းကျိုးတွေ လိုက်ပေးတာ ကုသိုလ်ဖြစ်တယ်။

ဆောင်ပုဒ်။ ။ အကုသိုလ်ဟာ၊ ပြုဆဲမှာ၊ မှန်စွာပြစ်ရှိသည်။

အကုသလာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ။
အကုသလာ - အကုသိုလ်တရားတို့သည်၊ သာဝဇ္ဇ ဒုက္ခဝိပါက လက္ခဏာ - အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိကုန်၏ ။

အကုသိုလ်တရားတွေဆိုတာ ပြုဆဲခဏမှာလည်း အပြစ်တွေ ရှိတယ်။ ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် သူတစ်ပါးပစ္စည်းတွေ သွားခိုးယူတယ် ဆိုလို့ရှိရင် ခိုးယူဆဲခဏမှာ အပြစ်ရှိနေပါတယ်။ ချက်ချင်း အရေးယူလို့ရတယ်။ အပြစ်ရှိနေပြီဖြစ်တယ်။ ပြုပြီးတဲ့ နောက်ကာလမှာလည်း မကောင်းကျိုးတွေပဲ လိုက်ပေးတော့တာပဲ ဖြစ်တယ်။

ဆောင်ပုဒ်။ ။ ပြုပြီးနောက်ခါ၊ ဆိုးကျိုးသာ၊ မှန်စွာဖြစ်စေသည်။

ပြုပြီးတဲ့နောက်အခါမှာလည်း ဆိုးကျိုးတွေကိုပဲ ဖြစ်စေတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဆိုတဲ့ အပါယ်လေးပါးဘုံကို ကျရောက်စေတယ်။ ဒုက္ခမျိုးစုံ ရောက်စေတယ်။ ဒီလို အပါယ်ဘုံဘဝက လွတ်လာပြီးတဲ့အခါမှာ ဒုက္ခအမျိုးမျိုးတွေလည်း တွေ့ရသေးတာပါပဲ။ အဲဒါ အကုသိုလ်ရဲ့ သဘောတွေ ဖြစ်ပါတယ်။

အဗျာကတ ဖြစ်ပုံ အဓိပ္ပါယ်

ဆောင်ပုဒ်။ ။ ကောင်းကျိုး ဆိုးကျိုး၊ နှစ်မျိုးမပါ၊ ဗျာကတာ၊ မှန်စွာဖြစ်ပေသည်။

ရဟန္တာသန္တာန်မှာ ဖြစ်တဲ့ ကြိယာဗျာကတ-ဆိုတာ နောက်နောင်ဘဝတွေအတွက် ကောင်းကျိုးလည်း မပေးတော့ပါဘူး။ ဆိုးကျိုးလည်း မပေးတော့ပါဘူး။ ရဟန္တာတွေသန္တာန်မှာ ဖြစ်တဲ့ ကြိယာစိတ်-ဆိုလို့ရှိရင် ပြုကာမျှမတ္တပဲ ဖြစ်ပါတယ်။

ယောဂီများ သန္တာန်မှာ ဖြစ်တဲ့ ဝိပါက်စိတ်တွေဆိုရင်လည်း နောက်ဘဝတွေအတွက် အကျိုးမပေးတော့ပေဘူး။ ဒီဘဝမှာ ကျေးဇူးပြုတာတောင်မှ သူနဲ့ သဘောတူတဲ့ ဝိပါက်စိတ်တွေကိုပဲ ကျေးဇူးပြုနိုင်တယ်။ သူနဲ့အတူတွဲပြီးဖြစ်တဲ့ စိတ္တဇရုပ်လောက်ပဲ ကျေးဇူးပြုနိုင်တယ်။ အခြားကောင်းကျိုး ဆိုးကျိုးတွေ မဖြစ်စေနိုင်တော့ပေဘူး။ အဲဒါကို ဝိပါက်အဗျာကတ-လို့ ခေါ်ရတယ်။

နောက် (၇)ချက်က ဒီ(၃)မျိုးဖြင့် ဟောမှာဖြစ်တယ်။ ကုသိုလ်က ၂-ချက်၊ အကုသိုလ်က ၂-ချက်၊ အဗျာကတက ၃-ချက်ဆိုတော့ (၇)ချက် ဟောပါမယ်။ ကုသိုလ်ကို မူတည်ပြီး ၂-ချက်၊ အကုသိုလ်ကို မူတည်ပြီး ၂-ချက်၊ အဗျာကတကို မူတည်ပြီး ၃-ချက်၊ (၇)ချက်ရှိသွားပါပြီ။

ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို ၂-ချက်ပါ။
အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို ၂-ချက်ပါ။
အဗျာကတက အဗျာကတကို၊ အဗျာကတက ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို ၃-ချက်ပါ။

ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ

ကုသိုလ်က ကုသိုလ်ကိုဆိုတော့ ဝီထိအစဉ်ကို ပြန်ကြည့်လိုက်တဲ့အခါ ဇော(၇)ကြိမ်ကို ပြန်ကြည့်လိုက်ရင် တွေ့ရမည် ဖြစ်တယ်။ ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတဲ့အခါ -
ပထမကုသိုလ်ဇောက ဒုတိယကုသိုလ်ဇောကို၊
ဒုတိယကုသိုလ်ဇောက တတိယကုသိုလ်ဇောကို၊
တတိယကုသိုလ်ဇောက စတုတ္ထကုသိုလ်ဇောကို၊
စတုတ္ထကုသိုလ်ဇောက ပဉ္စမကုသိုလ်ဇောကို၊
ပဉ္စမကုသိုလ်ဇောက ဆဋ္ဌမကုသိုလ်ဇောကို၊
ဆဋ္ဌမကုသိုလ်ဇောက သတ္တမကုသိုလ်ဇောကို အကြားမရှိပဲ ကျေးဇူးပြုပေတယ်။ ရှေ့ရှေ့ကုသိုလ်ဇောတွေက နောက်နောက်ကုသိုလ်ဇောတွေကို ကျေးဇူးပြုပါတယ်။ ကုသိုလ်က ကုသိုလ်ဆိုရင် ဇောမှာပဲ ရှိပေတယ်။

ကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံ

နောက်တစ်ခါ ကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံမှာ ကုသိုလ်အဆုံးဇောကို သတ္တမဇော-လို့ ခေါ်တယ်။ အဲဒီအဆုံးဇော ကုသိုလ်က တဒါရုံကို ကျေးဇူးပြုတော့ တဒါရုံက အဗျာကတပါ။ 'နောက်နှစ်ခုမှာ၊ အဗျာကတာ' ဆိုတဲ့အတိုင်း တဒါရုံဟာ အဗျာတကပဲ ဖြစ်ပေတယ်။ ကုသိုလ်အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုလိုက်တော့ ကုသိုလ်ကနေပြီး အဗျာကတကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ ကုသိုလ်(၂)ချက် သဘောကျသွားပါပြီ။ ပါဋ္ဌိတော်မှာ ဒီအတိုင်းပဲ ဟောမှာပါပဲ။

အကုသိုလ်(၂)ချက်ကို ပြောပြပါတော့မယ်။ ဇော(၇)ကြိမ်မှာ အကုသိုလ်ဇောဆိုရင် ပထမဇော၊ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌမဇော၊ သတ္တမဇော-တိုင်အောင် အကုသိုလ်တွေချည်းပဲ အစဉ်အတိုင်း ဖြစ်သွားရတယ်။ အကုသိုလ်ဇောတစ်ခု နှစ်ခု၏ ကြားထဲမှာ ကုသိုလ်ဇော ကြားဝင်ဖြစ်လို့ မရပေဘူး။ (၇)ကြိမ်လုံးပင် အကုသိုလ်ဇောတွေ ဖြစ်သွားတယ်။

အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုပုံ

အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတဲ့အခါ -
ပထမဇောက ဒုတိယဇောကို၊
ဒုတိယဇောက တတိယဇောကို၊
တတိယဇောက စတုတ္ထဇောကို၊
စတုတ္ထဇောက ပဉ္စမဇောကို၊
ပဉ္စမဇောက ဆဋ္ဌမဇောကို၊
ဆဋ္ဌမဇောက သတ္တမဇောကို အစဉ်အတိုင်း အကုသိုလ်၊ အကုသိုလ် အချင်းချင်း ကျေးဇူးပြုပေတယ်။ အကုသိုလ်ကနေ အကုသိုလ်ကို ကျေးဇူးပြုတာ ရပါတယ်။

အကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံ

အကုသိုလ်က အဗျာကတကို ကျေးဇူးပြုတဲ့အခါ အကုသိုလ်အဆုံးဇောက ပထမ တဒါရုံကို ကျေးဇူးပြုလိုက်တော့ "အကုသလော အဗျာကတဿ" ဖြစ်တယ်။ တဒါရုံက ..အဗျာကတပါ။ အဆုံးဇောက ..အကုသိုလ်ပါ။ အကုသိုလ်က အဗျာကတကို ကျေးဇူးပြုလိုက်တာ ထင်ရှားပါတယ်။ အဆုံးဇော သတ္တမဇောက ပထမ တဒါရုံကို ကျေးဇူးပြုသည်မှာ အကုသိုလ်က အဗျာကတကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။

ပါဋ္ဌိတော်မှာ အဲဒီအတိုင်းပဲ ဟောပါတော့မယ်။ ၄-ချက်ရသွားပါပြီ။ ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို၊ အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို။ ၄-ချက် ရှင်းလို့ ပြီးသွားပါပြီ။

အဗျာကတက အဗျာကတကို ကျေးဇူးပြုပုံ

နောက်တစ်ခါ အဗျာကတက အဗျာကတကို ဆိုတော့ ရှေ့(၈)ခုကလည်း အဗျာကတ ဖြစ်တယ်။ နောက်(၂)ခုကလည်း အဗျာကတ ဖြစ်တယ်။ ရဟန္တာပုဂ္ဂိုလ်သန္တာန်မှာ ဆိုလို့ရှိရင် အလယ်က ကြိယာဇောကလည်း အဗျာကတတွေချည်းပဲ ဖြစ်ကုန်တယ်။ ဇော(၇)ကြိမ်မှာ အဗျာကတလည်း ပါပါတယ်။ 'လယ်ခုနှစ်မှာ၊ ကု အ ဗျာ'-ဆိုတော့ အဗျာကတလည်း ပါပါတယ်။ ရဟန္တာပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဆိုလို့ရှိရင် ကြိယာဇောတွေဆိုတော့ အဗျာကတချည်းပဲ။

အဗျာကတက အဗျာကတကို ဆိုတော့ တစ်ဝီထိလုံးပဲ ဖြစ်တယ်။
အတီတဘဝင်က ဘဝင်္ဂစလနကို ကျေးဇူးပြုတယ်။
ဘဝင်္ဂစလနက ဘဝင်္ဂုပစ္ဆေဒကို ကျေးဇူးပြုတယ်။
ဘဝင်္ဂုပစ္ဆေဒက ပဉ္စဒွါရဝဇ္ဇန်းကို ကျေးဇူးပြုတယ်။
ပဉ္စဒွါရဝဇ္ဇန်းက စက္ခုဝိညာဏ်ကို ကျေးဇူးပြုတယ်။
စက္ခုဝိညာဏ်က သမ္ပဋိ စ္ဆိုင်းကို ကျေးဇူးပြုတယ်။
သမ္ပဋိ စ္ဆိုင်းက သန္တီရဏကို ကျေးဇူးပြုတယ်။
သန္တီရဏက ဝုဋ္ဌောကို ကျေးဇူးပြုတယ်။
ဝုဋ္ဌောက ပထမဇောကို ကျေးဇူးပြုတယ်။

ဝုဋ္ဌောကလည်း အဗျာကတ၊ ပထမဇောကလည်း ကြိယာဇောဆိုတော့ အဗျာကတပဲ။ ဇော(၇)ကြိမ် အဆင့်အဆင့် ကျေးဇူးပြုတယ်။ အဆုံးဇော= သတ္တမဇောက ပထမတဒါရုံကို ကျေးဇူးပြုတဲ့အခါလည်း သတ္တမဇောကလည်း အဗျာကတပဲ ဖြစ်တယ်။ ပထမတဒါရုံကလည်း အဗျာကတပဲ ဖြစ်တယ်။ ပထမတဒါရုံက ဒုတိယတဒါရုံကို ကျေးဇူးပြုတဲ့အခါမှာလည်း ပထမတဒါရုံကလည်း အဗျာကတ၊ ဒုတိယတဒါရုံကလည်း အဗျာကတပဲ ဖြစ်တယ်။ ထို့ကြောင့် 'အဗျာကတော အဗျာကတဿ'-ကတော့ တစ်ဝီထိလုံးပဲ ဖြစ်ပါတယ်။

အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုပုံ

အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုပုံကို ဟောပါမယ်။ ဝုဋ္ဌောဆိုတာ ကုသိုလ်လား ... အကုသိုလ်လား ... အဗျာကတလား ... အဗျာကတ ဖြစ်ပေတယ်။ ဝုဋ္ဌော ဖြစ်ပြီးတော့ ကုသိုလ်ဇောတွေ စောလိုက်တဲ့အခါ ဇော(၇)ကြိမ်လုံး ကုသိုလ်တွေ ဖြစ်တယ်။ ပထမဇောက ကုသိုလ်ဖြစ်တယ်။ ဝုဋ္ဌောကနေ ပထမဇောကို ကျေးဇူးပြုလိုက်တော့ အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဝုဋ္ဌောက အဗျာကတ၊ ပထမဇောက ကုသိုလ်-ဆိုတော့ အဗျာကတကနေ ကုသိုလ်ကို ကျေးဇူးပြုတာ ထင်ရှားသွားပါပြီ။

ဆက်ရန် ..... အနန္တရ (ဂ) သို့..

အပြည့်အစုံသို့...

၎။ အနန္တရပစ္စည်း (က)

၎။ အနန္တရပစ္စည်း (က)

၁၃၅၃-ခု၊ ဝါခေါင်လဆုတ် (၈)ရက်၊ (၈)ရက်နေ့ နေ့လည်ပိုင်းမှာ ဟောကြားရမည့် တရားတော်က အနန္တရပစ္စည်း တရားတော် ဖြစ်တယ်။ ပစ္စယနိဒ္ဒေသပါဋ္ဌိတော်လာ အနန္တရပစ္စည်း တရားတော် ဖြစ်တယ်။ အနန္တရပစ္စည်းတရားတော်ကို မဟောကြားမီ အနန္တရပစ္စည်းရဲ့သဘောတရားလေးတွေ ယောဂီများ မှတ်မိရအောင် ရှေးဦးစွာ ဟောကြားပါ့မယ်။

ပဋ္ဌာန်းဆိုတော့ ခက်ခဲ၊ နက်နဲ၊ သိမ်မွေ့တဲ့ တရားတော် ဖြစ်တယ်။ "ကျမ်းကြီးပဋ္ဌာန်း၊ ကျမ်းငယ်ဆန်း၊ ကျမ်းလတ်ဓာတုကထာ"လို့ သာသနာတော်မှာ ဆိုရိုးပြုကြတယ်။ "ခက်ခဲ နက်နဲတဲ့နေရာမှာ ပဋ္ဌာန်းကျမ်းဖြစ်တယ်။ ကျမ်းကြီးတွေထဲမှာ ပဋ္ဌာန်းကျမ်းက အခက်ခဲဆုံး၊ အနက်နဲဆုံး၊ အသိမ်မွေ့ဆုံး ဖြစ်တယ်"ဟု ဆိုလိုပါတယ်။

အနန္တရဆိုတဲ့ သူ့ရဲ့နာမည်က - န+အန္တရ အန္တရ-က အကြား၊ -က မရှိတာ၊ အကြားမရှိပဲနဲ့ ကျေးဇူးပြုနေတာ ဖြစ်တယ်။ ဘယ်မှာ ကျေးဇူးပြုသလဲဆိုတော့ ယောဂီများရဲ့ သန္တာန် မျက်စိမှာ၊ နားမှာ၊ နှာခေါင်းမှာ၊ လျှာမှာ၊ ကိုယ်မှာ၊ စိတ်မှာ ကျေးဇူးပြုနေတယ်။ အခု မြတ်စွာဘုရား အနန္တရပါဋ္ဌိတော်မှာ ခေါင်းစဉ်အနေနဲ့ ဟောကြားထားတာကတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်မှာပဲ ရှေးဦးစွာ ခေါင်းစဉ်အနေနဲ့ ပောာကြားထားပါတယ်။

ပစ္စည်း = ရဟန္တာတို့ စုတိစိတ် ကြဉ်သော ရှေးရှေးသော စိတ် ၈၉-ပါး စေတသိက် ၅၂-ပါး နှင့် ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါး။

ပစ္စယုပ္ပန် = ရဟန္တာတို့၏ စုတိစိတ်နှင့်တကွ နောက်နောက် ဖြစ်ကြသော စိတ် ၈၉-ပါးနှင့် စေတသိက် ၅၂-ပါး။

ပစ္စယသတ္တိ = စကြာဝတေးမင်းကြီး၏ နတ်ရွာလားခြင်းသည် သားကြီးရတနာအား မင်းအဖြစ် အဘိသိက်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက်အခြားမဲ့ ဖြစ်ကြသည့် စိတ်စေတသိက်တို့အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုကြကုန်၏ ။

ရှေးရှေးနှစ်မျိုးစေ့သည် နောက်နောက်နှစ်မျိုးစေ့အား အစဉ်မပြတ် ဖြစ်ပေါ်ရစ်အောင် မျိုးအညှောက်ပေးခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ရှေးရှေး စိတ္တုပ္ပါဒ်သည် မိမိချုပ်ပျက်သည်ရှိသော် နောက်နောက် စိတ်တ္တုပ္ပါဒ် ဖြစ်ပေါ်ရစ်ရန် မျိုးအညှောက်ပေး၍ ကျေးဇူးပြု၏ ။ စိတ်ကလည်း နောက်စိတ်ဖြစ်ရန် စိတ်မျိုးအညှောက် ချန်ထားခဲ့၏ ။ ဖဿကလည်း နောက်ဖဿဖြစ်ရန် ဝေဒနာကလည်း နောက်ဝေဒနာဖြစ်ရန် အလုံးစုံသော စေတသိက်တို့သည် အသီးသီး မိမိတို့၏ ဇာတ်အစဉ် အစဉ်အဆက်မပြတ် ဖြစ်ပေါ်ရန် မျိုးအညှောက် ချန်ထားခဲ့ကြ၏ ။ ဤသို့ နောက်စိတ္တုပ္ပါဒ်အား ဖြစ်ပေါ်ခွင့်ရရန် မျိုးအစဉ်ပေးသည် အဖြစ်ဖြင့် ကျေးဇူးပြုမှုကို အနန္တရပစ္စယသတ္တိဟု ခေါ်၏ ။

သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်

နာမ်သည် နာမ်အား ကျေးဇူးပြုပုံမှာ -
နာမ်သည် နာမ်အား အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ-ဟူသော ပစ္စည်း ၆-ပါးဖြင့် ကျေးဇူးပြု၏ ။

အခြားမဲ့ ဖြစ်၍ ချုပ်ကုန်ပြီးသော စိတ်စေတသိက်တို့သည် အကြောင်းကို စွဲ၍ ဖြစ်ကုန်သော စိတ်စေတသိက်တို့အား အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ ။

ရှေးရှေးဖြစ်သော ဇောတို့သည် နောက်နောက်ဖြစ်သော ဇောတို့အား အာသေဝနပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ ။

အတူတကွ ဖြစ်ကြကုန်သော စိတ်စေတသိက်တို့သည် အချင်းချင်းအား သမ္ပယုတ္တပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ ။

ဆောင်ပုဒ်။ ။ အနန်, သနန်၊ ဥ, အာ, ကမ်၊ မှတ်ရန် နတ္ထိ ဝိဂတ။ (အနန်-သနန်-ဥ-နတ်-ဝိ ၅-ပစ္စည်း အနန္တရကြီး)

အနန္တရပစ္စည်း၏ သဘောတရားများ

ဤအနန္တရမျိုး၌ ရှေးရှေးစိတ်သည် အကြောင်းပစ္စည်း၊ နောက်နောက်စိတ်သည် အကျိုးပစ္စယုပ္ပန် ဖြစ်သည်။ ထိုသို့ နာမ်တရားတို့သည် ရှေ့နောက်စဉ်ဆက်အခြားမရှိ ကျေးဇူးပြုခြင်းသဘောသတ္တိသည် အနန္တရသတ္တိပင် ဖြစ်သည်။

ထိုသို့ စိတ္တက္ခဏ မခြားမူ၍သာ ကျေးဇူးပြုသော်လည်း ရုပ်တရားများ ခြားနားရာ၌ကား ကျေးဇူးပြုနိုင်ကြောင်းကို၎င်း၊ ရှေးရှေးဇောသည် နောက်နောက်ဇောအား ကျေးဇူးပြုသကဲ့သို့ သမာပတ် ဝင်စားခါနီး၌ ဖြစ်သော နေဝသညာ နာသညာယတန ဈာန်ဇော ဝင်စားစဉ် တိဇရုပ်များ ခြားသော်လည်း သမာပတ်မှ ထသောအခါ ဖိုလ်ဇောအား အနန္တရသတ္တိဖြင့်ပင် ကျေးဇူးပြုနိုင်ကြောင်းကို၎င်း "နိရောဓာ ဝုဋ္ဌဟန္တဿနေဝ--ကု--ကြိ--ဖလသမာပတ္တိယာ အနန္တ--ယော" ဟူသော အနုဝါဒ ပါဠိကို ထောက်၍ သိနိုင်သည်။

နိရောဓ သမာပတ်ဝင်စားစဉ်ကာလ၌ စိတ္တဇရုပ်မှ တပါးသော (ကံ-ဥ-ဟာ) တိဇရုပ်များသည် အကြိမ်ပေါင်းမြောက်များစွာ ဖြစ်ပျက်၍ ခြားသော်လည်း အနန္တရသတ္တိဖြင့်ပင် ကျေးဇူးပြုသည်။

ကာမဘုံမှ စုတေ၍ အသညသတ် ဗြဟ္မာပြည်၌ လားကြရသော ဗြဟ္မာများသည် ကာမဘုံသို့ပင် ပြန်လာကြ၍ ကာမစုတိနောက်၌ (ရုပ်ဘုံခြား၍) ကာမပဋိသန္ဓေနေကြရာ၌ အနန္တရသတ္တိဖြင့်ပင် ကျေးဇူးပြုသည်။

အကြောင်းကား - ရုပ်အစဉ်အဆက်နှင့် နာမ်အစဉ်အဆက်တို့သည် ပင်ကိုယ်ကပင် ခြားနားလျက် ရှိကြသည်။ ထို့ကြောင့် ရုပ်တရားတို့သည် နာမ်တရားတို့၏ အစဉ်အဆက်၌ ဝင်ရောက်ခြားနားခြင်းငှာ မတတ်နိုင်ပါချေ။ ထို့ကြောင့် အနန္တသတ္တိဖြင့် ကျေးဇူးပြုသည်။

ဆောင်ပုဒ်။ ။ အနန်-သမန်၊ အာ-သေ-သမ်၊ မှတ်ရန် နတ္တိ ဝိဂတ။ နာမ်သက်သက်သာ၊ ဟောပဥှာ၊ ခြောက်ဖြာပစ္စယ။ (ပဥှာဝါရ)
  • စက္ခုဝိဉာဏ်သည် သမ္ပဋိစ္ဆိုင်းအား။ သမ္ပဋိစ္ဆိုင်းသည် သန္တီရဏအား ကျေးဇူးပြုပုံကို ပြသကဲ့သို့ သန္တီရဏသည် ဝုဋ္ဌောအား စသည်ဖြင့် ဘဝင်တိုင်အောင် အစဉ်တိုင်အောင် မပြရခြင်း။
အစဉ်အတိုင်းပြသင့်သော်လည်း နောက်ကပြအပ်ပြီးသောနည်းဖြင့် သိလောက်ပြီ ဖြစ်၍ ဒေသနာတော်ကို အကျဉ်းချုံး၍ ဟောထားသောကြောင့်၎င်း။ (တနည်း) နောက်၌ ပြလတ္တံသော ပုရိမာ ပုရိမာ ကုသလာ - စသောပါဌ်ဖြင့် သိမ်းယူအပ်သောကြောင့်၎င်း - မပြပါ။ (ကောက်- ၆၂၈)
  • အဆုံး၌ ယေသံ ယေသံ-စသောပါဌ်ကို ထပ်၍ ဟောတော်မူရခြင်း။
(ခပ်သိမ်းသော) အနန္တပစ္စည်း ပစ္စယုပ္ပန် တရားတို့၏ အကျဉ်းလက္ခဏာကို ပြလိုသောကြောင့် ယေသံ ယေသံ- စသောပါဌ်ကို ထပ်၍ ဟောတော်မူရပါသည်။ (ကောက်- ၂၆/၆၂၉)
  • အနန္တရနှင့် သမနန္တရ နှစ်ပစ္စည်းတို့သည် တူသလော၊ ထူးသလော ရှင်းလင်းပြခြင်း။
ထိုနှစ်ပစ္စည်းတို့ကား ဥပစယ နှင့် သန္တတိ ကဲ့သို့၎င်း၊ အဓိဝစန ဒုက် နှင့် နိရုတ္တိ ဒုက်- စသည်တို့ကဲ့သို့၎င်း၊ အနက်အားဖြင့် အထူးအပြား မရှိပါ။ သဒ္ဒါမျှသာ ထူးပါသည်။ ( ကောက် - ၆၂၉)
  • အနန္တရပစ္စည်း ကု-ကု ၌ "ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ" စသည်ဖြင့်ပင် ကုသိုလ် နာမက္ခန္ဓာ တို့ကို တပေါင်းတည်း ယူနိုင်လျက် "အနုလောမံ ဂေါတြဘုဿ" စသည်ကို ဟောတော်မူပါရခြင်း။ (ပဥှာဝါရ)
- နာနာရမ္မဏ တရားသည် နာနာရမ္မဏတရားအား ကျေးဇူးပြုရာသလော, မပြုရာသလော-ဟူသော ယုံမှားသင်္ကာကို နစ်စေလိုသောကြောင့် "အနုလောမံ ဂေါတြဘုဿ၊ အနုလောမံ ဝေါဒါနဿ" ဟု ထပ်၍ ဟောပါသည်။

- နာနာဘုမ္မိက တရားအချင်းချင်း အနန္တရသတ္တိဖြင့် ကျေးဇူးပြုရာသလော, မပြုရာသလော-ဟူသော ယုံမှားသင်္ကာကို နစ်စေလိုသောကြောင့် -"ဂေါတြဘူ မဂ္ဂဿ၊ ဝေါဒါနံ မဂ္ဂဿ" ဟူသော ပါဌ်ကို ထပ်၍ ဟောပါသည်။

- ကုသလံဝုဋ္ဌာနဿ -၌ ကုသလံ-အရ တေဘူမက ကုသိုလ်ကိုယူ၊ ဝုဋ္ဌာန-အရ တေဘူမက ဝိပေါက်ကို ယူရပါသည်။ (ဤနေရာ၌- ကုသိုလ်ဇောမှ ထတတ်သောကြောင့် 'ဝုဋ္ဌာန'ဟု ခေါ်သည်။)

- မဂ္ဂေါ ဖလဿ -၌ လောကုတ္တရာဝိပေါက်သည် ဇောဝီထိ၌ အကျုံးဝင်၍ ဝုဋ္ဌာန မမည်သောကြောင့် သီးခြားဟောရသည်။
---------------

မျက်စိအကြည်မှာ အဆင်း ရူပါရုံ လာတိုက်တဲ့အခါ စိတ်တွေဟာ (၁၇)ချက် ဖြစ်သွားတယ်။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါမှာလည်း စိတ်တွေက (၁၇)ချက် ဖြစ်သွားတယ်။ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါမှာလည်း စိတ်တွေဟာ (၁၇)ချက် ဖြစ်သွားတယ်။ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါမှာလည်း စိတ်တွေဟာ (၁၇)ချက် ဖြစ်သွားတယ်။ ကိုယ်အကြည်မှာ အတွေ့ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါမှာလည်း (၁၇)ချက် ဖြစ်သွားပါတယ်။

အဲဒီ (၁၇)ချက်မှာ ရှေ့ရှေ့စိတ်တွေက နောက်နောက်စိတ်တွေ ဖြစ်ပေါ်လာရအောင် အကြားမရှိသောအားဖြင့် ကျေးဇူးပြုနေတယ်။ ဘယ်လိုများ ကျေးဇူးပြုသလဲဆိုရင် ရှေ့စိတ်က ချုပ်ပျောက်သွားပြီးလျှင် နောက်စိတ် ဖြစ်ပေါ်လာရအောင် ကျေးဇူးပြုတယ်။

စကြာမင်းကြီးနှင့် သားကြီးရတနာလိုပဲ

ရှေးအခါတုန်းက လေးကျွန်းတစ်မြင့်မိုရ်ကို အစိုးရတဲ့ စကြာမင်းကြီးဆိုတာ ရှိပေတယ်။ အဲဒီစကြာမင်းကြီးသည် တိုင်းပြည်အုပ်စိုး၍ မင်းစည်းစိမ်ကို ခံစားနေရပေတယ်။ တိုင်းပြည်ကိစ္စအဝဝ၊ နန်းတော်ကိစ္စအဝဝ၊ မင်းကိစ္စအဝဝမှန်သမျှကို သားကြီးရတနာက အကုန်လုံး စီစဉ်ပေးရတယ်။ သားကြီးရတနာက စီစဉ်ပေးသောကြောင့် မင်းကြီးက မင်းစည်းစိမ် ခံစားရတယ်။ မင်းကြီး သက်တော်ကုန်လို့ နတ်ရွာစံသွားတဲ့အခါ၊ ကွယ်လွန်သွားတဲ့အခါ သားကြီးရတနာ ချက်ချင်းပဲ မင်းကြီးဖြစ်တယ်။ ကြားထဲမှာ မင်းတစ်ပါးဖြစ်လို့ မရတော့ပေဘူး။ စကြာမင်းကြီး ကွယ်လွန်သွားတာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကျေးဇူးပြုခဲ့တာပဲ ဖြစ်တယ်။

အနန္တရပစ္စည်းက အနန္တရပစ္စယုပ္ပန်တွေကို ကျေးဇူးပြုတာလည်း ဒီအတိုင်းပဲ ဖြစ်တယ်။ ရှေ့စိတ်ကွယ်ပျောက်သွားတာ နောက်စိတ်ဖြစ်ပေါ်ဖို့ရာ ကျေးဇူးပြုခဲ့တယ်။ ကြားထဲမှာ အခြားတစ်ခုမှ မရှိစေရဘူးတဲ့။ အဲဒီ ရှေ့စိတ်ကနေ နောက်စိတ်ကို ကျေးဇူးပြုနေပုံက စိတ်အစဉ်အတန်းကြီးကို ရှေးဦးစွာ သိထားနိုင်မှ သြော် ..ဒီလို ကျေးဇူးပြုတယ်ကိုးဟု သိကြရပါမည်။

ဝီထိစိတ်အစဉ် ဖြစ်ပုံဇယား

တီ န ဒ ပ စ သံ န္တီ ဝု
ဇော ဇော ဇော ဇော ဇော ဇော ဇော
ရုံ ရုံ
(၁၇)
အဗျာကတ
ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ
အဗျာကတ



ဆောင်ပုဒ်။ ။ ရှေ့ရှစ်၊ နောက်နှစ်၊ အဗျာကတဖြစ်။ အလယ်ခုနှစ်မှာ၊ ကု.အ.ဗျာ၊ မှန်စွာဖြစ်ပေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဤဝီထိအစဉ်ဖြစ်ပုံကို အတိုချုပ် လွယ်လွယ်နှင့် မှတ်သားနိုင်ရအောင် ဆောင်ပုဒ်များ ရေးသားထားခဲ့ပါတယ်။

ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ၊ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။

ဘဝင် ဆိုသည်မှာ - အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ - ဤ(၃)မျိုးကို ဆိုတာဖြစ်တယ်။
ဆင်ခြင် ဆိုသည်မှာ - ပဉ္စဒွါရာဝဇ္ဇန်းကို ဆိုတာ ဖြစ်တယ်။
မြင်ပြီးလျှင် ဆိုသည်မှာ - စက္ခုဝိညာဏ်စိတ်ကို ဆိုတာ ဖြစ်တယ်။
လက်ခံ ဆိုသည်မှာ - သမ္ပဋိစ္ဆိုင်းကို ဆိုတာ ဖြစ်တယ်။
စုံစမ်း ဆိုသည်မှာ - သန္တီရဏကို ဆိုတာ ဖြစ်တယ်။
ဆုံးဖြတ် ဆိုသည်မှာ - ဝုဋ္ဌောကို ဆိုတာဖြစ်တယ်။
ဇောစိတ်သတ် ဆိုသည်မှာ - ဇော(၇)ကြိမ်ကို ဆိုတာ ဖြစ်တယ်။
နှစ်ရပ်တဒါရုံ ဆိုသည်မှာ - တဒါရုံ(၂)ကြိမ်ကို ဆိုတာ ဖြစ်တယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။

ဒါက စက္ခုဒွါရအတွက် မျက်စိအကြည်မှာ အဆင်း ရူံပါရုံ လာတိုက်တဲ့အခါ စက္ခုဝိညာဏ်လေး ဖြစ်တဲ့အခိုက်အတန့် စိတ်တွေ (၁၇)ချက် ဖြစ်သွားပုံကို ပြတာဖြစ်တယ်။
---

နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါမှာလည်း ဒီအတိုင်းပဲ (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။
---

နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါမှာလည်း နံသိစိတ်ကလေး ဖြစ်တဲ့အခါမှာလည်း (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။
---

လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါမှာလည်း (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှာဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။
---

ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါလည်း (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။

မြတ်စွာဘုရား ပါဠိတော်မှာ ဟောကြားတာ ဒီ(၅)ဒွါရကိုပဲ ခေါင်းစဉ်ပြထားပါတယ်။ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ-ဆိုတာက မျက်စိအကြည်လေးမှာ ရူပါရုံ အဆင်း လာတိုက်တဲ့အခါ အတီတဘဝင်ဆိုတဲ့ ဘဝင်တစ်ချက် လွန်သွားတာ ဖြစ်တယ်။ နောက်တစ်ခါ ဘဝင်လှုပ်လာတာကို ဘဝင်္ဂစလနလို့ ခေါ်တယ်။ နောက်တစ်ခါ ဘဝင်ပြတ်သွားတာကို ဘဝင်္ဂုပစ္ဆေဒလို့ ခေါ်တယ်။ နောက်တစ်ခါ ဆင်ခြင်တဲ့စိတ်ကလေးကို ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်။ နောက်ပြီးမှ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ - စသည် ဖြစ်လာပါတယ်။

အဲဒီမှာ ပါဠိတော်မှာ ဟောကြားတော့ စက္ခုဝိညာဏ်လေးက စပြီး ဟောကြားပါတယ်။ စက္ခုဝိညာဏ်ကို ပါဠိတော်ဝေါဟာရအားဖြင့် စက္ခုဝိညာဏဓာတု လို့ ခေါ်တယ်။ တံသမ္ပယုတ္တကာ စ ဓမ္မာ - ဆိုတာ စက္ခုဝိညာဏ်နှင့် ယှဉ်တဲ့ စေတသိက်ကို ပြောတာ ဖြစ်တယ်။ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ-ဆိုတာ သမ္ပဋိ စ္ဆိုင်း ကို ပြောတာဖြစ်တယ်။ သမ္ပဋိ စ္ဆိုင်းရဲ့ နာမည်က ပါဠိတော်မှာ မနောဓာတုလို့ ခေါ်တယ်။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တပစ္စယေန ပစ္စယော = ၌ -

သန္တီရဏကို မနောဝိညာဏဓာတု လို့ခေါ်တယ်။ သဘောပေါက်ပြီးတော့ ရွတ်ဆိုရတော့ ပိုပြီးတော့ ကုသိုလ်ရပါတယ်။ မိမိအတွက်လည်း အကျိုးများမယ်။ သာသနာအတွက်လည်း အကျိုးများမယ်။

'' စက္ခုဝိညာဏ်ကို ပါဠိတော် ဝေါဟာရအားဖြင့် စက္ခုဝိညာဏဓာတု လို့ ခေါ်ပါတယ်။ 'သံ' သမ္ပဋိ စ္ဆိုင်းကို မနောဓာတုလို့ ခေါ်ပါတယ်။ 'န္တီ' သန္တီရဏကို ပါဠိတော် အခေါ်အားဖြင့် မနောဝိညာဏဓာတု-လို့ ခေါ်ပါတယ်။

စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပါဠိတော်ခေါင်းစဉ်လေးကို စက္ခုဝိညာဏ်က စပြီး မြတ်စွာဘုရား ဟောကြားပါတယ်။ စက္ခုဝိညာဏ်ကနေပြီးတော့ သမ္ပဋိ စ္ဆိုင်းကို ကျေးဇူးပြုပုံ၊ သမ္ပဋိ စ္ဆိုင်းကနေပြီး သန္တီရဏကို ကျေးဇူးပြုပုံ၊ အကြားမရှိ ကျေးဇူးပြုပုံကို ဟောကြားတာဖြစ်တယ်။

နောက် 'သောတ'ကျတော့ ဒီအတိုင်းပါပဲ။ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ် ထည့်ပြီး သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ တို့ကိုတော့ ရှေ့ကအတိုင်း ထည့်ရပါတယ်။ သောတဝိညာဏ်ကိုတော့ ပါဠိတော် ဝေါဟာရအခေါ်က သောတဝိညာဏဓာတု-လို့ ခေါ်တယ်။ သမ္ပဋိ စ္ဆိုင်းကိုတော့ မနောဓာတု-လို့ ခေါ်ပါတယ်။ သန္တီရဏကိုတော့ မနောဝိညာဏဓာတု-လို့ ခေါ်ပါတယ်။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

သောတဝိညာဏ်က စပြီးတော့ သမ္ပဋိ စ္ဆိုင်းကို အကြားမရှိ ကျေးဇူးပြုပုံ၊ သမ္ပဋိ စ္ဆိုင်းကနေပြီးတော့ သန္တီရဏကို အကြားမရှိ ကျေးဇူးပြုပုံ ဖြစ်တယ်။

သောတပြီးတော့ ဃာနလည်း ဒီအတိုင်းပဲ။ ဃာနဝိညာဏ်ကို ပါဠိတော်အားဖြင့် ဃာနဝိညာဏဓာတု -လို့ ခေါ်ပါတယ်။ သမ္ပဋိ စ္ဆိုင်းကိုတော့ မနောဓာတု-လို့ ခေါ်ပါတယ်။ မထူးပါဘူး။ သန္တီရဏကို မနောဝိညာဏဓာတုလို့ ခေါ်ပါတယ်။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏ်ပြီးတော့ ဇိဝှါဝိညာဏ် ဖြစ်တယ်။ ဇိဝှါဝိညာဏ်ကို ပါဠိတော်အားဖြင့် ဇိဝှါဝိညာဏဓာတု-လို့ ခေါ်တယ်။ သမ္ပဋိ စ္ဆိုင်းကို မနောဓာတု-လို့ ခေါ်တယ်။ သန္တီရဏကို မနောဝိညာဏဓာတု-လို့ ခေါ်တယ်။

ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏ်ကို ပါဠိတော်အားဖြင့် ကာယဝိညာဏဓာတု-လို့ ခေါ်ပါတယ်။ သမ္ပဋိ စ္ဆိုင်းကို မနောဓာတု-လို့ ခေါ်တယ်။ သန္တီရဏကို မနောဝိညာဏဓာတု-လို့ ခေါ်ပါတယ်။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏ်စိတ်က စပြီးတော့ သမ္ပဋိ စ္ဆိုင်းကို အကြားမရှိ ကျေးဇူးပြုပုံ၊ သမ္ပဋိ စ္ဆိုင်းကနေပြီး သန္တီရဏကို အကြားမရှိ ကျေးဇူးပြုပုံ ဖြစ်တယ်။

မြတ်စွာဘုရား (၅)ဒွါရမှာ ဖြစ်လာတဲ့ စိတ်တွေ အကြားမရှိ ကျေးဇူးပြုပုံကို အခုလို ခေါင်းစဉ်ပဏာမအားဖြင့် ဟောကြားလိုက်တာပဲ ဖြစ်ပါတယ်။

စက္ခုဝိညာဏဓာတု ..... အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု ............. အနန္တရပစ္စယေန ပစ္စယော။ ကာယဝိညာဏဓာတု .... အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု .............. အနန္တရပစ္စယေန ပစ္စယော။
စက္ခုဝိညာဏဓာတု = ဆိုတာက စက္ခုဝိညာဏ်စိတ် ဖြစ်တယ်။ တံသမ္ပယုတ္တကာ စ ဓမ္မာ = ဆိုတာက စက္ခုဝိညာဏ်နှင့် ယှဉ်တဲ့ စေတသိက်တွေ ဖြစ်တယ်။ မနောဓာတုယာ = ဆိုတာက သမ္ပဋိ စ္ဆိုင်းစိတ် ဖြစ်တယ်။ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ = ဆိုတာ သမ္ပဋိ စ္ဆိုင်းနဲ့ ယှဉ်တဲ့ စေတသိက်တွေ ဖြစ်တယ်။ မနောဝိညာဏ ဓာတုယာ = ဆိုတာ သန္တီရဏစိတ် ဖြစ်တယ်။ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ = ဆိုတာက သန္တီရဏနဲ့ ယှဉ်တဲ့ စေတသိက်တွေ ဖြစ်တယ်။

စိတ်နဲ့ စေတသိက်တွဲပြီး ဟောတာဖြစ်တယ်။ တံ သမ္ပယုတ္တကာ စ ဓမ္မာ = ဆိုတာက စေတသိက်ကို ပြောတာဖြစ်တယ်။ အချက်တိုင်း အချက်တိုင်းမှာ တံ သမ္ပယုတ္တကာ = ဆိုတာ စေတသိက်ကို ပြောတာ ဖြစ်တယ်။ စိတ်က အဓိကပါပဲ။ ဒါကြောင့် စိတ်ကို အဓိကထားပြီးတော့ ဒီမှာ ဝီထိအစဉ် ချပြထားတာဖြစ်တယ်။ ဘယ်နှစ်ချက် ဟောလို့ရသွားလဲ ... (၅)ချက်ဟောလို့ ရပါတယ်။

ဆက်ရန် ..... အနန္တရ (ခ) သို့

အပြည့်အစုံသို့...

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်