ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

၎။ အနန္တရ ပစ္စည်း (င)

၎။ အနန္တရ ပစ္စည်း (င)

မြတ်စွာဘုရား တစ်ချိန်သောအခါမှာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတယ်။ အရှင်ပေါဋ္ဌိလဆိုတဲ့ မထေရ်ကြီးတစ်ပါး ရှိတယ်တဲ့။ ဂိုဏ်းကြီး (၁၈)ဂိုဏ်းကို အုပ်ချုပ်ပြီး သံဃာတော် (၅၀၀)ကို နေ့စဉ် စာပေကျမ်းဂန်တွေ ပို့ချပေးနေတယ်။ ပိဋကတ်သုံးပုံကို မွှေနောက်ပြီးတော့ တရားဓမ္မ အနှစ်သာရတွေ ဟောနေတဲ့ မထေရ်ကြီး ဖြစ်တယ်။

မြတ်စွာဘုရားကိုလည်း အလွန်ကြည်ညိုတဲ့အတွက်ကြောင့် မြတ်စွာဘုရားထံ မကြာခဏ သွားရောက် ရှိခိုးပူဇော်ကန်တော့ပါတယ်။ ကန်တော့တဲ့အခါ မြတ်စွာဘုရားက အရှင်ပေါဋ္ဌိလကို တွေ့တိုင်း တွေ့တိုင်း -

ဧဟိ တုစ္ဆပေါဋ္ဌိလ။ ဝန္ဒ တုစ္ဆပေါဋ္ဌိလ၊ နိသီဒ တုစ္ဆပေါဋ္ဌိလ။ ယာဟိ တုစ္ဆပေါဋ္ဌိလ - စသည်ဖြင့် "တုစ္ဆ တုစ္ဆ"လို့ မိန့်ကြားတော်မူတယ်။ "တုစ္ဆ ပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ဧဟိ = လာခဲ့လော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ဝန္ဒ = ရှိခိုးလော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ နိသီဒ = ထိုင်လော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ယာဟိ = သွားလော" ဟု မိန့်ကြားတော်မူပါတယ်။

"အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလကြီး .. လာခဲ့၊ ရှိခိုး၊ ထိုင်၊ သွားတော့"။ မြတ်စွာဘုရားက ဒီလို မိန့်ကြားပါတယ်။ အဲဒီလို အချည်းနှီးပဲ၊ အချည်းနှီးပဲ-လို့ မိန့်ကြားတော့ အရှင်ပေါဋ္ဌိလက စဉ်းစားတယ်။ "ဘယ်နှယ့်လဲ သာသာနာအတွေက် ဂိုဏ်းကြီး(၁၈)ဂိုဏ်းကို အုပ်ချုပ်ပြီးတော့ နေ့စဉ် သံဃာ(၅၀၀)ကို စာပေကျမ်းဂန်တွေ အပင်ပန်းခံပြီးတော့ ပို့ချနေတဲ့ သာသနာပြုနေတဲ့ ပုဂ္ဂိုလ်ဖြစ်လျက်သားနဲ့ "တုစ္ဆ၊ တုစ္ဆ" အလကားပဲ၊ အချည်းနှီးပဲ-လို့ မိန့်ကြားတော်မူနေတယ်။ ဘယ်လိုကြောင့် မြတ်စွာဘုရား မိန့်ကြားတာပါလိမ့်" လို့ စဉ်းစားပါတယ်။ စဉ်းစားသင့်ပါတယ်။ စဉ်းစားလိုက်တော့ ပညာရှိပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ တရားထူး တရားမြတ်တွေ မရှိလို့ တစ်မဂ်တစ်ဖိုလ် မရလို့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတွေ မရရှိလို့သာလျှင် မြတ်စွာဘုရား ဒီလို မိန့်ကြားတာပဲလို့ အသိဉာဏ်ဝင်လာပြီးတော့ မနေတော့ဘူး။ တရားရအောင် ရှာတော့မယ်ဆိုပြီးတော့ တောထွက်ပါတယ်။

သံဃာ (၅၀၀)မသိအောင် သင်္ကန်း၊ သပိတ်၊ ပရိက္ခရာတွေ ပြင်ဆင်ပြီးတော့ တောထွက်သွားပါတယ်။ ယူဇနာ (၁၂၀)ဝေးကွာတဲ့ တောကျောင်းတစ်ကျောင်းသို့ ရောက်သွားပါတယ်။ အဲဒီတောကျောင်းမှာ သံဃာ(၃၀)ရှိတယ်။ အကုန်လုံး ရဟန္တာချည်းပါပဲ။ ကိုရင်လေးထိအောင် ရဟန္တာတွေ ဖြစ်ကြတယ်။

ရှေးဦးစွာ အကြီးဆုံး မထေရ်ကြီးထံသွားပြီးတော့ ချဉ်းကပ်ပြီး လျှော်ထားတယ်။ "ဆရာတော်ကြီးဘုရား ... တပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ကမ္မဋ္ဌာန်းတရားတွေ ပေးသနားတော်မူပါဘုရား" ဟုသွားလျှောက်ထားတော့ ဆရာတော်ကြီးက ပြန်ပြီးတော့ မိန့်ကြားတယ်။ "အရှင်ပါဋ္ဌိလ ... ဘယ်လိုလျှောက်ထားတာလဲ၊ အရှင်ပေါဋ္ဌိလဆိုတာ သာသနာတော်မှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပိဋကတ် (၃)ပုံတွေကို မွှေနှောက်ပြီးတော့ အနှစ်သာရတရားတွေ ဟောကြားနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

တပည့်တော်များကသာ အရှင်ပေါဋ္ဌိလထံမှာ နည်းခံဖို့ရှိပါတယ်။ ကမ္မဋ္ဌာန်းတရား မပေးနိုင်ပါဘူး။" ဟု မြွတ်ကြားလိုက်တော့ "ဆရာတော်ကြီးဘုရား .. တပည့်တော်ကို ယခုကဲ့သို့ မငဲ့မညှာ လျစ်လျူရှုပြီးတော့ မမိန့်ကြားပါနဲ့ဘုရား။ တပည့်တော်ရဲ့ အားကိုးအားထား ဖြစ်တော်မူပါဘုရား"ဟု ပြန်လျှောက်ထားသော်လည်း ဆရာတော်ကြီးက ကမ္မဋ္ဌာန်းတရား ပေးတော်မမူပါ။

အရှင်ပေါဋ္ဌိလမှာ စာပေကျမ်းဂန်တတ်တဲ့ မာန်တွေရှိနေတယ်။ မာန်ရှိနေလို့ တရားမရနိုင်တာကို မြင်တော့ ဆရာတော်ကြီးက ပယ်လိုက်တယ်။ "ဒုတိယမထေရ်ကြီးထံ သွားလျှောက်ပါ"ဟု မိန့်ကြားလိုက်တယ်။ ဒုတိယအကြီးဆုံးဖြစ်တဲ့ မထေရ်ထံ သွားလျှောက်ပြန်တော့လည်း ဒုတိယမထေရ်ကလည်း ဒီအတိုင်းပဲ ပယ်လိုက်ပြန်ပါတယ်။ "တတိယမထေရ်ကြီးထံ သွားလျှောက်ထားပါ"ဟု မိန့်ကြားလိုက်တယ်။ သွားလျှောက်ထားပြန်တော့လည်း တတိယမထေရ်ကြီးကလည်း ပယ်လိုက်ပြန်တယ်။

အဆင့်ဆင့်ပယ်လိုက်တာ ဘယ်ရောက်သွားလဲဆိုတော့ (၇)နှစ်သားအရွယ် အင်္ကန်းချုပ်နေတဲ့ ကိုရင်လေးထံ ရောက်သွားတယ်။ ရောက်သွားတော့ လက်အုပ်ချီပြီးတော့ "ကိုရင် .. တပည့်တော်ရဲ့ အားထားရာ ဖြစ်တော်မူပါဘုရား။ ကမ္မဋ္ဌာန်းတရား ပေးသနားတော်မူပါဘုရား"ဟု လျှောက်ထားတယ်။ "အရှင်ဘုရား .. ဘယ်လိုမိန့်ကြားနေတာလဲဘုရား။ အံ့သြစရာစကားတွေပါလား၊ အရှင်ဘုရားက သက်တော် ဝါတော်ကလည်း ကြီး၊ စာပေကျမ်းဂန်တွေကလည်း ပိဋကတ်(၃)ပုံ တတ်မြောက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အရှင်ဘုရားထံမှာသာ တပည့်တော်က နည်းခံဖို့ရှိပါတယ် ဘုရား။

တပည့်တော်က အသက်လည်း ငယ်ပါတယ်ဘုရား။ စာကလည်း မတတ်ပါဘူးဘုရား။ ဒါကြောင့် အရှင်ဘုရားထံမှာပဲ တပည့်တော်က နည်းခံဖို့ ရှိပါတယ်ဘုရား။ အရှင်ဘုရား ဘယ်လို မိန့်ကြားတာလဲဘုရား"ဟု ကိုရင်လေးကလည်း ပယ်လိုက်ပြန်ပါတယ်။ မာန်တွေကျသွားအောင် ပယ်ရတာဖြစ်တယ်။ အရှင်ပေါဋ္ဌိလက ပြန်လျှောက်ထားသည်မှာ - "ကိုရင်ဘုရား ... ကိုရင်မှတစ်ပါး တပည့်တော်မှာ ကိုးကွယ်ရာ မရှိတော့ပါဘူးဘုရား။ သံဃာ (၂၉)ပါး ကုန်ပါပြီဘုရား။ ကိုရင်တစ်ပါးပဲ ကျန်ပါတော့တယ်ဘုရား။" "ကိုရင်တစ်ပါးပဲ အားကိုးအားထားရာ ရှိပါတော့တယ်ဘုရား" လျှောက်ထားတော့ ကိုရင်လေးက နည်းနည်းသနားသွားပါတယ်။

အင်း - ဒီကိုယ်တော်ကြီးကတော့ တော်တော်မာန်တွေကျသွားပြီ။ "အရှင်ဘုရား.. တပည့်တော်ပြောတာ တစ်သွေမတိမ်း နားထောင်နိုင်ပါ့မလား" "နားထောင်နိုင်ပါတယ်၊ ကိုရင်က ခိုင်းမယ်ဆိုလို့ရှိရင် မီးပုံထဲ ခုန်ချရမယ်ဆိုရင် မီးပုံထဲ အခုခုန်ချလိုက်ပါမယ်" "မီးပုံတော့ မရှိဘူးဘုရား၊ ဟိုးရှေ့နားမှာ ရေအိုင်ကြီးတစ်အိုင် ရှိတယ်ဘုရား။ အဲဒီ ရေအိုင်ကြီးထဲကို အရှင်ဘုရား အခုဝတ်ထားတဲ့ သင်္ကန်းအသစ်တွေနဲ့ ဆင်းသွားရမယ်"ဟု ဆိုတဲ့အတိုင်း တစ်ခွန်းတည်းသောစကားဖြင့် ဆင်းသွားတယ် သင်္ကန်းတွေ ရေစို၊ သင်္ကန်းအနားတွေ ရေစိုတဲ့အခါ ပြန်ခေါ်လိုက်တယ်။ "အရှင်ဘုရား ကြွလာပါတော့"ဟု ဆိုတဲ့အတိုင်း တစ်ခွန်းတည်းသော စကားဖြင့်ပင် ပြန်တက်လာ၊ ကြွလာတယ်။

"အရှင်ဘုရားကို တပည့်တော် ကမ္မဋ္ဌာန်းတရားပေးတော့မယ်။ အရှင်ဘုရား သတိထားပြီးတော့ နားထောင်ပါ၊ နှလုံးသွင်းပါ"

"တောထဲမှာ တောင်ပို့ကြီးတစ်ခု ရှိတယ်ဘုရား။ အဲဒီတောင်ပို့ကြီးကလည်း အပေါက်(၆)ပေါက်ရှိတယ်ဘုရား၊ အဲဒီတောင်ပို့ကြီးထဲကို ဖွတ်တစ်ကောင်ကလည်း ဝင်နေတယ်ဘုရား၊ အဲဒီဖွတ်ကို အလိုရှိတဲ့ ယောက်ျား (၅)ပေါက်ကို ပိတ်ထားပြီးတော့ တစ်ပေါက်ကနေစောင့်ပြီးတော့ ဖမ်းယူရပါတယ်ဘုရား"ဟု မိန့်ကြားလိုက်တယ်။

"ဖွတ်ကို ဖမ်းယူရသကဲ့သို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တည်း-ဟူသော ခန္ဓာကိုယ်ထဲမှာ ဒွါရ(၆)ပါး၊ အပေါက်(၆)ပေါက်ရှိပေတယ်။ အဲဒီဒွါရ (၆)ပါးမှာ ကျရောက်လာတဲ့ အာရုံတွေကို (၅)ဒွါရကို ပိတ်ထားပြီးတော့ မနောဒွါရတစ်ပေါက်ကနေ စောင့်ပြီးတော့ ရှုရပါ့မယ်ဘုရား"-ဟု ကမ္မဋ္ဌာန်းတရား မိန့်ကြားလိုက်တယ်။ မိန့်ကြားလိုက်တော့ အရှင်ပေါဋ္ဌိလ သဘောကျသွားပြီး "ကိုရင်၊ တပည့်တော်အတွက် ကမ္မဋ္ဌာန်းတရားပေးတာ ဤမျှနဲ့ပဲ ပြည့်စုံပါပြီ"ဟု လျှောက်ထားတယ်။

ပိဋကတ်(၃)ပုံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ပြည့်စုံသွားပါပြီ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်-တည်းဟူသော ဒွါရ(၆)ပါးကို မြန်မာလို တံခါး(၆)ပေါက်လို့ ခေါ်ရပါတယ်။

မျက်စိတည်းဟူသော တံခါးပေါက်၊
နားတည်းဟူသော တံခါးပေါက်၊
နှာခေါင်းတည်းဟူသော တံခါးပေါက်၊
လျှာတည်းဟူသော တံခါးပေါက်၊
ကိုယ်တည်းဟူသော တံခါးပေါက်၊
စိတ်တည်းဟူသော တံခါးပေါက်။

(၆)ပေါက် ရှိပါတယ်။ တောင်ပို့ကြီးနဲ့ တူပါတယ်။ တူနေတယ်။ အဲဒီတောင်ပို့ကြီးထဲမှာ ဝင်နေတဲ့ဖွတ်ကို ဘယ်နှစ်ပေါက်ကို ပိတ်ပြီးတော့ ဖမ်းရပါ့မလဲ ... (၅)ပေါက်ကို ပိတ်ပြီး ဖမ်းရပါမယ်။ (၁)ပေါက်ကနေ စောင့်ပြီးတော့ ဖမ်းရသကဲ့သို့ အခုလည်း မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်-တည်းဟူသော (၅)ဒွါရ၊ (၅)ပေါက်ကို ပိတ်ထားဘိသကဲ့သို့ ပိတ်ထားပြီးတော့ မနောဒွါရကနေ စောင့်ပြီးတော့ ရှုမှတ်ရမယ်ဆိုတော့ သဘောကျသွားပါတယ်။ အခုယောဂီများ ရှုတာနဲ့ တူပါပေတယ်။ (၅)ဒွါရကို ပိတ်ထားသကဲ့သို့ -လို့ဆိုရာ၌ - အရာဝတ္ထုတွေနဲ့တော့ ပိတ်ထားလို့ မရပါဘူး။ ဒီပိတ်ထားခြင်းမျိုး မဟုတ်ပါဘူး။ ရှုမှတ်သောအားဖြင့် ပိတ်ထားခြင်း ဖြစ်တယ်။

မျက်စိမှာ အဆင်းရူပါရုံ လာတိုက်တဲ့အခါ လောဘလည်း မဖြစ်သွားရအောင်၊ ဒေါသလည်း မဖြစ်သွားရအောင် ရှုထားတာကိုပဲ ပိတ်ထားတယ်လို့ ဆိုရပါတယ်။ နားမှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ကောင်းတဲ့ အာရုံကြောင့်လည်း လောဘမဖြစ်ရအောင်၊ ဆိုးတဲ့အာရုံကြောင့်လည်း ဒေါသမဖြစ်ရအောင် ရှုမှတ်နိုင်တာကို ပိတ်ထားတာလို့ ဆိုရပါတယ်။

မျက်စိအကြည်မှာ အဆင်းရူပါရုံ လာတိုက်တဲ့အခါ၊ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ၊ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံလာတိုက်တဲ့အခါ၊ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါ၊ ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါ-တို့၌ လောဘ ဒေါသတွေ မဖြစ်သွားရအောင် မနောဒွါရကနေ၍ စောင့်ပြီး ရှုမှတ်နေရပါတယ်။ ဤကဲ့သို့ ရှုမှတ်နေခြင်းဖြင့် (၅)ဒွါရကို ပိတ်ထားသကဲ့သို့ ဖြစ်နေပေတယ်။ ဖွတ်ဖမ်းတဲ့ ယောက်ျားတစ်ပေါက်က စောင့်ဖမ်းနေတာနဲ့ တူပါတယ်။ ကိုရင်လေးပေးတဲ့ ကမ္မဋ္ဌာန်း၊ ယောဂီများ ရှုမှတ်နေတဲ့ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းနည်းနဲ့ တူပါပေတယ်။ နေရာကျလိုက်တာ၊ ဒီအတိုင်းပင် ရှုမှတ်ကြရပေတယ်။ ကိုရင်လေးပေးတဲ့ နည်းအတိုင်း ရှုလိုက်တာ အရှင်ပေါဋ္ဌိလ မကြာမီအချိန်အတွင်း လေးမဂ် လေးဖိုလ် အဆင့်ဆင့်တက်ပြီးတော့ ရဟန္တာ ဖြစ်သွားတယ်။

ပိဋကတ်(၃)ပုံ တတ်မြောက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ သဘောကျသွားတာနဲ့ ရှုမှတ်လိုက်တာ သမာဓိဉာဏ်တွေကလည်း အသင့်အတင့် အခြေခံရှိတဲ့ ပုဂ္ဂိုလ်၊ ပါရမီအခြေခံလည်း ရင့်ကျက်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်တဲ့နည်းကိုပဲ အခု ယောဂီများ ရှုမှတ်နေရတာဖြစ်တယ်။ ဒွါရ(၆)ပါး၊ အာရုံ(၆)ပါးတို့တွင် (၅)ဒွါရမှာ အာရုံ(၅)ပါး လာတိုက်တဲ့အခါ မနောဒွါရကနေပြီးတော့ တစ်ပေါက်ကနေ စောင့်ဖမ်းပြီးတော့ ရှုမှတ်နေရတယ်။ အမြဲတမ်း မပြတ်မလပ် ရှုမှတ်နေရတာကတော့ ကိုယ်ကာယကပဲ အဓိကထားပြီးတော့ ရှုမှတ်နေရတယ်။

မျက်စိအကြည်နဲ့ အဆင်း ရူပါရုံ လာတိုက်တဲ့ဟာလည်း အလွန်ပဲ သိမ်မွေ့ပါတယ်။ အဆင်း ရူပါရုံကလည်း ဝါဂွမ်းလေးနဲ့ တူပါတယ်။ မျက်စိအကြည်ကလည်း ဝါဂွမ်းလေးနဲ့ပဲ တူတယ်တဲ့။ ဝါဂွမ်း(၂)ခု တိုက်လိုက်တာ အလွန်သိမ်မွေ့တယ်။ အသံမမြည်ပါဘူး။ အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် သမာဓိဉာဏ်တွေ တော်တော်အားကောင်းမှ ရှုနိုင်ပေတယ်။ သမာဓိဉာဏ်တွေ အားနည်းနေတဲ့ အခိုက်အတန့်မှာ မရှုနိုင်သေးပေဘူး။

နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ဒီအတိုင်းပါပဲ။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါလည်း အသံ သဒ္ဒါရုံကလည်း ဝါဂွမ်းလေးနဲ့ပဲ တူတယ်။ နားအကြည်ကလည်း ဝါဂွမ်းလေးနဲ့ တူတယ်။ ဥပါဒါရုပ်တွေဆိုတော့ မဟာဘုတ်ကို မှီပြီးမှ ဖြစ်လို့ရတယ်။ သူတို့ချည်းသက်သက် ဖြစ်လို့မရဘူး။ အလွန်သိမ်မွေ့ပေတယ်။ သိမ်မွေ့တဲ့ရုပ်နှင့် သိမ်မွေ့တဲ့ရုပ် တိုက်တာဖြစ်တယ်။ သိမ်မွေ့တဲ့ရုပ် အချင်းချင်း တိုက်လိုက်တာ မထင်ရှားပေဘူး။ အလွန်သမာဓိ အားကောင်းတဲ့အခါကျမှ 'ကြားတယ်၊ ကြားတယ်'လို့ ရှုမှတ်လို့ရတယ်။

နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါ ဒီအတိုင်းပဲ။ အနံ့ကလေးကလည်း ဝါဂွမ်းလေးလောက်ပဲ သိမ်မွေ့တယ်၊ နှာခေါင်းအကြည်ကလည်း ဝါဂွမ်းလေးလိုပဲ သိမ်မွေ့တယ်။ ဝါဂွမ်း ဝါဂွမ်းချင်း တိုက်လိုက်သကဲ့သို့ အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် တော်တော်နဲ့ ရှုမှတ်လို့ မရပေဘူး။ လျှာအကြည်မှာလည်း ထိုနည်းလည်းကောင်းပဲ။

ကိုယ်အကြည်မှာတော့ လာတိုက်တဲ့ ဖောဋ္ဌဗ္ဗာရုံက ဘာနဲ့တူလဲဆိုရင် ဖောဋ္ဌဗ္ဗရုံ-ဆိုတာ ပထဝီ၊ တေဇော၊ ဝါယော၊ မဟာဘုတ်ကြီး (၃)ပါးကို ဖောဋ္ဌဗ္ဗာရုံ-လို့ ခေါ်တယ်။ အဲဒီ ဖောဋ္ဌဗ္ဗာရုံက ဘာနဲ့တူသလဲဆိုတော့ သံတူကြီးနဲ့ တူတယ်။ ကိုယ်အကြည်လေးက ဝါဂွမ်းနဲ့ပဲ တူတယ်။ အဲဒီ ကိုယ်အကြည်ဝါဂွမ်းလေးကို ပေတုံးကြီးပေါ်မှာ တင်ထားတာနဲ့ တူတယ်။

ကိုယ်အကြည်လေး တည်နေတာက ပေတုံးကြီးနဲ့တူတဲ့ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ-လို့ဆိုတဲ့ ဓာတ်ကြီး(၄)ပါးပေါ်မှာ တည်ရပါတယ်။ ကိုယ်အကြည်ဟာ ဥပါဒါရုပ်ပဲ၊ ဥပါဒါရုပ်ကလေးတွေက မဟာဘုတ်ကို မှီပြီးတော့ တည်နေရတယ်။ ဖောဋ္ဌဗ္ဗာရုပ်က ဘာနဲ့တူသလဲ ... (၁)ပိဿာလောက်လေးတဲ့ သံတူကြီးနဲ့ တူတယ်။ ကာယအကြည်လေးက ပေတုံးကြီးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးနဲ့တူတယ်။ သံတူကြီးနဲ့ ပေတုံးကြီးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးကို ထုချလိုက်တဲ့အခါ ဝါဂွမ်းတွင် မနားပေဘူး။ ပေတုံးကြီးကို တစ်ခါတည်း သွားပြီးတော့ ထိသွားပါတယ်။ ထိသွားတော့ အသံတွေတောင် မြည်သွားနိုင်တယ်။

အဲဒီလိုပါပဲ ဖောဋ္ဌဗ္ဗရုပ်က ကာယအကြည်ကို လာတိုက်တဲ့အခါ သိပ်ထင်ရှားပါတယ်။ ထုချလိုက်တဲ့ တူကြီးဟာ ဝါဂွမ်းတင် မနားပဲနဲ့ ပေတုံးမှာ သွားသွားထိဘိသကဲ့သို့ ဖောဋ္ဌဗ္ဗရုပ်က တိုက်ချလိုက်တဲ့အခါ ကာယအကြည်မှာပဲ မနားပဲနဲ့ မဟာဘုတ်တွေမှာပါ သွားပြီးတော့ တိုက်တော့ ထင်ရှားပါတယ်။ ပေတုံးကြီးနဲ့တူတဲ့ မပာာဘုတ်တွေမှာ သွားတိုက်တော့ ထင်ရှားတယ်။ ထင်ရှားတဲ့အခါ ရှုမှတ်ရတာ လွယ်ပါတယ်။

အပြင်က လာတိုက်တဲ့ ဖောဋ္ဌဗ္ဗာရုပ်က (၁)ပိဿလောက် လေးတဲ့ သံတူကြီးနဲ့ တူတယ်။ အတွင်းက ကာယအကြည်လေးက ပေတုံးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးနဲ့ တူတယ်။ ပေတုံးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးကို (၁)ပိဿာလောက် လေးတဲ့ သံတူကြီးနဲ့ ထုချလိုက်တဲ့အခါ ဝါဂွမ်းလေးမှာ မနားပဲနဲ့ ပေတုံးမှာ သွားသွားပြီးတော့ ထိတော့ အသံတွေ မြည်ထွက်လာသလို ဖောဋ္ဌဗ္ဗာရုပ်က နေပြီးတော့ ကာယအကြည်လေးကို တိုက်လိုက်တဲ့အခါ ကာယအကြည်မှာပဲ မနားပဲနဲ့ အတွင်းက မပာာဘုတ်ကြီး (၄)ပါးမှာ သွားသွားပြီးတော့ ထိတဲ့အတွက်ကြောင့် အလွန်ထင်ရှားပါတယ်။ (အဋ္ဌသာလိနီ - ၃၀၄)

ထင်ရှားတဲ့ အတွက်ကြောင့် ယောဂီများ ရှုမှတ်လို့ ရပါတယ်။ ဘယ်နေရာကပဲထိထိ 'ထိတယ်၊ ထိတယ်'လို့ မှတ်ရပါတယ်။ ကိုယ်ကာယနဲ့ အပြင်ပ ဝတ္ထုတွေ၊ အခင်းတွေ၊ ကြမ်းတွေနဲ့ ထိတဲ့အခါလည် 'ထိတယ်၊ ထိတယ်'လို့ မှတ်လို့ ရပါတယ်။

ကိုယ်ကာယအချင်းအချင်း၊ လက်အချင်းချင်းထိတာ၊ ခြေထောက်ချင်း ခြေထောက်ချင်းထိတာ၊ ကိုယ်ကာယ အချင်းအချင်းထိတာကိုလည်း 'ထိတယ်၊ ထိတယ်' လို့ ရှုမှတ်လို့ ရပါတယ်။ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်-ဆိုတာလည်း အထိတွေပဲ။ ဖောင်းတယ်-ဆိုတာလည်း လေ အဆင့်ဆင့် ဝမ်းဗိုက်ကို တိုးထိပြီး ဖောင်းတက်လာတာ၊ အထိကိုပဲ မှတ်ရတာပဲ ဖြစ်တယ်။

အင်္ဂ မင်္ဂါ နုသရေ ဝါယော - ဆိုတဲ့ အင်္ဂါကြီးငယ်တွေကို တွန်းကန်ပြီးနေတဲ့ ဝါယောက အင်္ဂါအစိတ်အပိုင်းလေးတွေ ထိတာကို (အတွင်းကနေဓာတ်သဘောတွေ ထိတာကို) 'ထိတယ်၊ ထိတယ်'လို့ မှတ်လို့ ရပါတယ်။ နှုတ်ခမ်းဖျား၊ နားရွက်ဖျား၊ ခြေဖျား လက်ဖျားတွေမှာလည်း တိုးနေတဲ့၊ ထိနေတဲ့ သဘောလေးတွေကိုလည်း 'ထိတယ်၊ ထိတယ်' 'တိုးတယ်၊တိုးတယ်'လို့ မှတ်လို့ ရပါတယ်။ အလွန်ထင်ရှားပါတယ်။ ဝါဂွမ်းလေးကို သံတူကြီးနဲ့ ထုချလိုက်တော့ ပေတုံးမှာ သွားသွားတိုက်သလို ကိုယ်ကာယမှာ အထိတွေဟာ အလွန်ထင်ရှားပါတယ်တဲ့။

အထိကို (၃)မျိုး ရှုမှတ်၍ ရပုံ

အထိကို (၃)မျိုး ရှုမှတ်လို့ ရပါတယ်။
- ကိုယ်ကာယနဲ့ အပြင်က ဝတ္ထုဒြပ်တွေနဲ့ ထိတဲ့အခါလည်း 'ထိတယ်၊ ထိတယ်။
- ကိုယ်ကာယအချင်းချင်း ထိတာကိုလည်း 'ထိတယ်၊ ထိတယ်'။
- အတွင်းက ဓာတ်သဘောတွေ တွန်းသွားတဲ့၊ အတွင်းက တိုးနေတဲ့ ထိတဲ့ သဘောတွေကိုလည်း 'ထိတယ်၊ ထိတယ်၊ တိုးတယ်၊ တိုးတယ်'။

သမာဓိဉာဏ် အသင့်အတင့် ရင့်ကျက်လာတဲ့အခါကျတော့ ခန္ဓာကိုယ် အနှံ့အပြားမှာ မှတ်လို့ ရပါတယ်။ ခေါင်းမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ မျက်နှာမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ နှုတ်ခမ်းဖျား၊ နားရွက်ဖျားတွေမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ ခြေဖျား လက်ဖျားတွေမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ တိုးနေတာတွေ မှတ်လို့ ရပါတယ်။ သိမ်မွေ့တဲ့ရုပ်ကလေးတွေ မှတ်လို့ရသွားပြီ။ ရပြီးတဲ့ နောက်ပိုင်းမှာ သိမ်မွေ့တဲ့ ရုပ်ထက် သိမ်မွေ့တဲ့ နာမ်တရားတွေကိုလည်း ရှုမှတ်လို့ ရသွားကြပေတယ်။

ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ အနန္တရ ပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း..။

ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။

သာဓု ... သာဓု ... သာဓု ။

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်