ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

၅။ သမနန္တရ ပစ္စည်း


ပစ္စည်း = အနန္တရပစ္စည်းနှင့် တူ၏ ။

ပစ္စယုပ္ပန် = အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်နှင့် တူ၏ ။

ပစ္စယသတ္တိ = ဧကရာဇ်မင်း၏ အရညဝါသီ တောထွက်၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ်စေတသိက်တို့အား ကောင်းစွာ အခြားမရှိစေဘဲ ဖြစ်ပေါ်ရန် ကျေးဇူးပြုကြကုန်၏ ။

ရှေးရှေးစိတ်စေတသိက်တို့က နောက်နောက် စိတ်စေတသိက်တို့အား အစဉ် အဆက်မပြတ် မျိုးအညှောက်ပေးကြရာ၌ စိတ်သည် ဖဿ, ဝေဒနာ-စသည်တို့အား မပေးဘဲ စိတ်အားသာလျှင် ပေး၏ ။ ဖဿသည် စိတ်ဝေဒနာ-စသည်တို့အား မပေးဘဲ ဖဿအားသာလျှင် ပေး၏ ။ ထို့အတူ ကြွင်းသော စေတသိက်တို့ကလည်း ဇာတ်မတူသူတို့အား မပေးဘဲ အသီးသီးဇာတ်တူသားအားသာလျှင် ပေးဆက်ကြ၏ ။ ဤသို့ ဇာတိ မရောမပြောင်းစေဘဲ မိမိတို့၏ ဇာတ်တူသားအားသာလျှင် ကောင်းစွာမျိုးအစဉ် ပေးကြသောကြောင့် အနန္တရပစ္စည်းကိုပင်လျှင် 'သံ=ကောင်းစွာ' ဟူသောပုဒ်ဖြင့် အထူးပြု၍ သမနန္တရပစ္စည်းဟု ဟောတော်မူ၏ ။

အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် တရားကိုယ်အားဖြင့် အတူတူပင် ဖြစ်ပါတယ်။ အတူတူဖြစ်ရက်သားနဲ့ မြတ်စွာဘုရား ဘာကြောင့် အနန္တရပစ္စည်းကို ဟောကြားပြီးတော့ သမနန္တရပစ္စည်းကို ထပ်ပြီး ဟောကြားရသလဲဆိုတော့ ပုဂ္ဂလဇ္ဈာသယ အားဖြင့် ထပ်ပြီး ဟောကြားတော်မူတာ ဖြစ်ပါတယ်။

အချို့အချို့သောပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောကြားလိုက်လို့ရှိရင် နားလည် သဘောပေါက်သွားတယ်။ နာမက္ခန္ဓာတရားတွေ အကြားမရှိ ကျေးဇူးပြုနေကြတယ်-ဆိုတာ သဘောပေါက်သွားတယ်။ အချို့အချို့သော ပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောလိုက်လို့ရှိရင် သဘောမပေါက်သေးပေဘူး။ သဘောမပေါက်သေးလို့ရှိရင် "သမနန္တရပစ္စယော"လို့ မြတ်စွာဘုရား ထပ်ပြီး ဟောကြားတော်မူလိုက်သောအခါကျမှ သဘောပေါက်သွားကြပေတယ်။

ရှေ့ရှေ့ နာမ်တရားတွေကနေပြီးတော့ နောက်နောက် နာမ်တရားတွေကို အခြားမရှိ၊ အကြားမရှိ ကျေးဇူးပြုတယ်ဆိုတာ ကောင်းစွာ အကြားမရှိ ကျေးဇူးပြုတာလို့ ဟောလိုက်တဲ့အခါကျတော့မှ အချို့အချို့သော ပုဂ္ဂိုလ်တွေက သဘောကျကြပေတယ်။ သဘောပေါက်ကြပေတယ်။

အနန္တရနှင့် သမနန္တရ နှစ်ပါးမှာ အနန္တရက စကြာဝတေးမင်းကြီး ကွယ်လွန်သွားတာ၊ နတ်ရွာစံသွားတာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကျေးဇူးပြုသကဲ့သို့ ရှေ့စိတ် ချုပ်ပျောက်သွားခြင်းသည် နောက်စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတယ်လို့ ဆိုလိုပေတယ်။

သမနန္တရကလည်း ဒီအတိုင်းပဲ၊ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာ၊ ရဟန်းပြုလိုက်တဲ့အခါမှာ သားကြီးရတနာဟာ အကြားမရှိ၊ အခြားသော မင်းတရားတွေ ဒီမှာ အုပ်စိုးလို့ မရအောင်၊ ချက်ချင်း အကြားမရှိ မင်းဖြစ်အောင် ကျေးဇူးပြုပါတယ်လို့ ဆိုလိုပေတယ်။ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာဟာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကောင်းစွာ ကျေးဇူးပြုသကဲ့သို့ သမနန္တရသတ္တိဖြင့် ကျေးဇူးပြုတာလည်း ဒီအတိုင်းပါပဲ။ ရှေ့ရှေ့စိတ်တွေ ချုပ်ပျောက်သွားတာ နောက်နောက်စိတ်တွေ ဖြစ်ပေါ်လာဖို့ရာ ကောင်းစွာ ကျေးဇူးပြုခဲ့ပါတယ်ဟု ဆိုလိုပါတယ်။ အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် ဤမျှလောက်ပင် ထူးခြားကြပေသည်။

1 comments:

poekong said... @ August 30, 2014 at 8:19 AM

Thank you so much for this post... Let me share in my blog....

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်