ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

ဟေတုပစ္စည်း - ၁(ခ)

ဟေတုပစ္စည်း - ၁(ခ)

ဟိတ် (၆)ပါး အဓိပ္ပါယ်

လောဘဟိတ် - ဆိုတာ လိုချင်တာ၊ တပ်မက်တတ်တာ။
ဒေါသဟိတ် - ဆိုတာ အမျက်ထွက်တာ၊ စိတ်ဆိုးတတ်တာ၊ ပြစ်မှားတတ်တာ။
မောဟဟိတ် - ဆိုတာ တွေတွေဝေဝေသိတာ၊ အမှားကိုသိတာ။
အလောဘဟိတ် - ဆိုတာ မလိုချင်တတ်တာ၊ မတပ်မက်တတ်တာ။
အဒေါသဟိတ် - ဆိုတာ မပြစ်မှားတတ်တာ၊ ချမ်းသာစေတတ်တာ။
အမောဟဟိတ် - ဆိုတာ မတွေမဝေသိတာ၊ အမှန်ကို သိတာ။

ဤဟိတ် (၆)ပါးလုံးဟာ ယောဂီတွေရဲ့ သန္တာန်မှာ ရှိနေကြတယ်။ ကောင်းတဲ့ဟိတ်၊ မကောင်းတဲ့ဟိတ်တို့သည် သူတို့အချင်းချင်း အပြိုင်ပဲဖြစ်ကြတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေလို့ရှိရင် အလောဘ၊ အဒေါသ၊ အမောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ အလောဘ၊ အဒေါသ၊ အမောဟတွေ ရှိနေလို့ရှိရင်လည်း လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ ဤကဲ့သို့ အပြိုင်ဖြစ်ကြပါတယ်။လောဘ၊ ဒေါသ၊ မောဟတွေ မဖြစ်ရအောင် လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပြစ်တွေကိုလည်း သိထားကြရပါမယ်။ အပြစ်တွေကိုသိမှ မဖြစ်အောင် ကာကွယ်လို့ရကြပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတို့ရဲ့ အကျိုးတရားတွေသိထားမှ အလောဘ၊ အဒေါသ၊ အမောဟတရားတွေ မိမိတို့သန္တာန်မှာ ပြည့်စုံသမျှပြည့်စုံအောင် အားထုတ်နိုင်ကြပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေ၏ အပြစ်တွေကို သိထားသင့်ပါတယ်။ အလောဘ၊ အမောဟတရားတွေရဲ့အကျိုးတရားတွေကိုလည်း သိထားသင့်ပါတယ်။

အကုသိုလ်ဟိတ် (၃)ပါးက အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ

လောဘ၊ ဒေါသ၊ မောဟတွေက ယောဂီများရဲ့သန္တာန်မှာ အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
  • ပါဏာတိပါတ = သူ့အသက်သတ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • အဒိန္နဒါန = သူ့ဥစ္စာခိုးရအောင်လည်း ကျေးဇူးပြုတယ်။
  • ကါမေသု မိစ္ဆာစာရ = သူတစ်ပါး သားမယားတွေ ဖျက်ဆီးနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • မုသာဝါဒ = လိမ်ညာပြောနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • ပိသုဏဝါစာ = ကုန်းတိုက်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • ဖရုသဝါစာ = ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်းနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • သမ္ဖပ္ပလာပ = သိမ်ဖျင်းတဲ့ စကားတွေ ပြောဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • အဘိဇ္ဈာ = သူတစ်ပါး စည်းစိမ်ကို မတရားသောနည်းဖြင့် ယူဖို့ရာ ကြံစည်ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
  • ဗျာပါဒ = သူတစ်ပါး သေကြေပျက်စီးအောင် ကြံစည်တဲ့ ဗျာပါဒ ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
  • မိစ္ဆာဒိဋ္ဌိ = အယူလွဲ၊ အယူမှားတွေ ဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
ဤကဲ့သို့ အဲဒီဟိတ်တွေ မိမိတို့ရဲ့သန္တာန်မှာ မဖြစ်ရအောင် ထိုဟိတ်တို့ရဲ့ အပြစ်တွေကို ကြိုတင်သိထားကြရပါမယ်။

ကုသိုလ်ဟိတ် (၃)ပါးက ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ

အလောဘ၊ အဒေါသ၊ အမောဟတွေကတော့ မိမိတို့ရဲ့သန္တာန်မှာ ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
  • သူ့အသက်မသတ်နိုင်ရအောင်၊
  • သူ့ဥစ္စာ မခိုးနိုင်ရအောင်၊
  • သူ့တစ်ပါး သားမယား မဖျက်ဆီးနိုင်ရအောင်၊
  • လိမ်ညာ မပြောနိုင်ရအောင်၊
  • ကုန်းမတိုက်နိုင်ရအောင်၊
  • ကြမ်းတမ်းစွာ မပြောနိုင်ရအောင်၊
  • ပြိန်ဖျင်းတဲ့ စကားတွေ မပြောနိုင်ရအောင်၊
  • သူတစ်ပါးရဲ့စည်းစိမ်တွေကို ကိုယ့်စည်းစိမ်ဥစ္စာဖြစ်အောင် မကြံစည်နိုင်ရအောင်၊
  • သူတစ်ပါးတွေ ဆင်းရဲကြောင်း ပျက်ဆီးကြောင်း မကြံစည်နိုင်ရအောင်၊
  • အယူလွဲ၊ အယူမှားတွေ မရှိရအောင် ... အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုတယ်။
အလောဘ၊ အဒေါသ၊ အမောဟတွေရဲ့ အကျိုးတရားတွေကို အဋ္ဌကထာဆရာတွေ ဖွင့်ပြထားပါတယ်။

အလောဘော ဒါနဟေတု။
အလောဘော = မလိုချင်တဲ့ အလောဘသည်၊ ဒါနဟေတု = ဒါန၏ အကြောင်းတည်း၊ (ဝါ) ဒါနနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အဒေါသော သီလဟေတု။
အဒေါသော = အဒေါသသည်၊ သီလဟေတု = သီလနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံသဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း...။

သာဓု ... သာဓု ..... သာဓု ။

ယောဂီများရဲ့သန္တာန်မှာ အလောဘဖြစ်နေပြီဆိုလို့ရှိရင် ဒါနနှင့် ပြည့်စုံတော့မယ်။ မလိုချင် မတပ်မက်တော့ အလှူတွေ ပြုကြပါတယ်။ အလောဘက ဒါနဖြစ်ခြင်းရဲ့ အကြောင်း၊ ဒါနပြည့်စုံဖို့ရာ အကြောင်းဖြစ်တယ်။ အလောဘက ဒါနပြည့်စုံခြင်းရဲ့ အကြောင်းဆိုတော့ လောဘက မစ္ဆရိယ - ဝန်တိုနှမြောတဲ့ မလှူဒါန်းနိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ မလှူဒါန်းနိုင်အောင်ဘဲ လောဘက ကျေးဇူးပြုတယ်။ လှူဒါန်းနိုင်အောင် အလောဘက ကျေးဇူးပြုပါတယ်။

အဒေါသက သီလနှင့်ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသဆိုတာ မေတ္တာပဲ။ မေတ္တာများတဲ့ ပုဂ္ဂိုလ်တွေ၊ သူတစ်ပါးကို ချမ်းသောစေလိုတဲ့ ပုဂ္ဂိုလ်တွေ သီလတွေ လုံခြုံကြတယ်။ သူတစ်ပါးကို ချမ်းသာစေလိုတဲ့ ပုဂ္ဂိုလ် သူတစ်ပါးအသက်ကို မသတ်နိုင်တော့ပါဘူး။ သတ်လိုက်ရင် သူတစ်ပါးတွေ ဆင်းရဲသွားတော့မယ်၊ မသတ်တော့ပါဘူး။

သူတစ်ပါးကို ချမ်းသာစေလိုတဲ့ပုဂ္ဂိုလ် သူတစ်ပါးပစ္စည်းလည်း မခိုးနိုင်တော့ဘူး၊ ခိုးလိုက်ရင် သူတစ်ပါးတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ကြရတော့မယ်။ မခိုးတော့ပါဘူး။ အဒေါသက သီလ လုံခြုံခြင်း၊ သီလပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။

အဒေါသ မေတ္တာက သီလလုံခြုံခြင်းရဲ့ အကြောင်း၊ သီလနှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ သီလ လုံခြုံအောင် ကျေးဇူးပြုတယ်။

ဒေါသကတော့ သီလပျက်ကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် မကြာခဏ သီလပျက်တတ်ပါတယ်။ သတ်ချင်လည်း သတ်ပစ်လိုက်တယ်။ ပုတ်ချင်လည်း ပုတ်ပစ်လိုက်တယ်။ ခိုးချင်လည်း ခိုးပစ်လိုက်တယ်။ ဒါကြောင့် ဒေါသက သီလပျက်ကြောင်းဖြစ်တယ်။ မကောင်းတဲ့ ဒေါသဟိတ်ဖြစ်လာရင် သီလပျက်အောင် ကျေးဇူးပြုတယ်။ ကောင်းတဲ့ အဒေါသဟိတ်ကတော့ သီလနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒီတော့ ကောင်းတဲ့ဟိတ်တွေ များများဖြစ်ဖို့ လိုအပ်ပါတယ်။

အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။

မောဟက တရားအားမထုတ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ တွေတွေဝေဝေနဲ့ မောဟကြီးတဲ့ပုဂ္ဂိုလ်များ တရားအားမထုတ်နိုင်တော့ဘူး။ ဉာဏ်တုံးနေတယ်။ အမောဟဆိုတာ ဉာဏ်ပညာ၊ ဘာဝနာဆိုတာ ဉာဏ်ပညာအရာ၊ ဘာဝနာမှာ မွေ့လျော်နိုင်တဲ့ပုဂ္ဂိုလ်ဟာ သူ့မှာ ဉာဏ်ပညာနဲ့ ပြည့်စုံလို့ပဲဖြစ်တယ်။ မမွေ့လျော်နိုင်ဘူး၊ ဘာဝနာတရားကို အားမထုတ်နိုင်ဘူးဆိုတာ သူ့မှာ ဉာဏ်တုံးနေလို့ မောဟဟိတ်တွေ များနေလို့ ဖြစ်တယ်။ ဟိတ် (၆)ပါးက ကျေးဇူးပြုပုံ ထင်ရှားပါတယ်။

အလောဘက ဒါနနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ လောဘက မလှူနိုင်အောင် ကျေးဇူးပြုတယ်။ အဒေါသက သီလနှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒေါသက သီလပျက်အောင် ကျေးဇူးပြုတယ်။ အမောဟက ဘာဝနာကုသိုလ်နှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ မောဟက ဘာဝနာတရားတွေ အားမထုတ်နိုင် ကျေးဇူးပြုတယ်။ ထင်ရှားသွားပါပြီ။ ဘယ်သူ့သန္တာန် မှာလည်းဆိုတော့ ယောဂီများရဲ့ သန္တာန်မှာ ဖြစ်နေတာပါပဲ။ သတိထားသင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေကို မြန်မြန်ပယ်နိုင်ရအောင် များများပယ်နိုင်ရအောင် အားထုတ်သင့်ပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေ မိမိသန္တာန်မှာ ပြည့်စုံလာရအောင် အားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

သေခြင်း (၆) မျိုး

ဟေတုပစ္စည်း၏ အကြောင်းတရားနှင့် အကျိုးတရားတို့ကို သိထားသင့်ကြပါတယ်။ အကြောင်းတရား အရင်းခံပြီး အကျိုးတရားဖြစ်ပုံကို အဋ္ဌကထာဆရာများက ဆက်လက်ပြီး ဖွင့်ပြထားပါတယ်။

အလောဘေန ပေတ္တိဝိသယေ န ဟောတိ။
အလောဘေန = အလောဘဖြင့်၊ ပေတ္တိဝိသယေ = ပြိတ္တာဘုံ၌၊ ဥပတ္တိ = ဖြစ်ခြင်းသည်၊ န ဟောတိ = မဖြစ်။

အဒေါသေန နိရယေ န ဟောတိ။
အဒေါသေန = အဒေါသဖြင့်၊ နိရယေ = ငရဲပြည်၌၊ ဥပပတ္တိ = ဖြစ်ခြင်းသည်၊ န ဟောတိ = မဖြစ်။

အမောဟေန တိရစ္ဆာန ယောနယံ န ဟောတိ။
အမောဟေန = အမောဟဖြင့်၊ တိရစ္တာနယောနိယံ = တိရစ္ဆာန်မျိုး၌၊ နိဗ္ဗတ္တိ = ဖြစ်ရခြင်းသည်၊ န ဟောတိ = မဖြစ်။

အလောဘက ပြိတ္တာဘုံမှာ မဖြစ်နိုင်ခြင်းရဲ့ အကြောင်း။ အဒေါသက ငရဲဘုံမှာ မဖြစ်နိုင်ခြင်းရဲ့အကြောင်း။ အမောဟက တိရစ္ဆာန်မျိုး၌ မဖြစ်နိုင်ခြင်းရဲ့ အကြောင်း။...ဆိုတာ ထင်ရှားပါတယ်။

လောဘက ပြိတ္တာဘုံမှာ ဖြစ်ခြင်းရဲ့ အကြောင်း။ ဒေါသက ငရဲဘုံမှာ ဖြစ်ခြင်းရဲ့အကြောင်း။ မောဟက တိရစ္ဆာန်ဘုံမှာ ဖြစ်ခြင်းရဲ့ အကြောင်း။...ဆိုတာ ထင်ရှားပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုတာ ထင်ရှားပါတယ်။

လောဘအားကြီးရင် လောဘနဲ့သေရင် ပြိတ္တာပြည်မှာ ဖြစ်လိမ့်မယ်။

ဆောင်ပုဒ်။ ။ လောဘနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ ပြိတ္တာပြည်။

ဟေတုပစ္စည်း-လောဘက ကျေးဇူးပြုတာ ပြိတ္တာပြည်ရောက်သွားပါတယ်။

ဆောင်ပုဒ်။ ။ အလောဘနှင့်သေ၊ ထိုသူတွေ၊ ရောက်လေလူ နတ်ပြည်။

အလောဘတည်းဟူသော ဟိတ်ဟေတုပစ္စည်းက ကျေးဇူးပြုလိုက်တာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ထိ ရောက်နိုင်ပါတယ်။ "လူ့ပြည်၊ နတ်ပြည်" ဆိုတာ ဥပလက္ခဏနည်းပါပဲ။ ဗြဟ္မာပြည်လည်း ရောက်ကြတာပါပဲ။

ဆောင်ပုဒ်။ ။ ဒေါသနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ ငရဲပြည်။

ဟေတုပစ္စည်း ဒေါသကနေ ကျေးဇူးပြုတာ ငရဲကို ရောက်တယ်။ ဒီတော့ ဒေါသကင်းအောင် နေသင့်ပါတယ်။

ဆောင်ပုဒ်။ ။ အဒေါသနှင့်သေ၊ ထိုသူတွေ၊ ရောက်လေလူ နတ်ပြည်။

ဟေတုပစ္စည်းမှ အဒေါသက ကျေးဇူးပြုလို့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်သို့ ရောက်သွားနိုင်တယ်။

ဆောင်ပုဒ်။ ။ မောဟနှင့်သေ၊ ထိုသူတွေ၊ ဖြစ်လေ တိရစ္ဆာန်။

မောဟတည်းဟူသော ဟေတုပစ္စည်းက ကျေးဇူးပြုလို့ တိရစ္ဆာန်ပြည် ရောက်သွားပါတယ်။ တိရစ္ဆာန်ဆိုတာ တွေတွေဝေဝေဖြစ်တယ်။ တွေတွေဝေဝေဖြစတော့ ကောင်းမှုကုသိုလ်တွေ မဖြစ်နိုင်ကြတော့ဘူး။ လူ့ပြည် ပြန်ရောက်ဖို့က အလွန်ခဲယဉ်းသွားကြပေတယ်။ မောဟ မိမိတို့သန္တာန်မှာ ကင်းနိုင်သမျှ ကင်းအောင် အားထုတ်သင့်ပါတယ်။

ဆောင်ပုဒ်။ ။ အမောဟနှင့်သေ၊ ထိုသူတွေ၊ ရောက်လေ နိဗ္ဗာန်ပြည်။

အမောဟဆိုတာ ပညာ၊ ပညာဉာဏ်နှင့် သေသွားရင် အမြတ်ဆုံး အထွပ်အထိပ် အကျိုးကတော့ နိဗ္ဗာန်ပြည်ဖြစ်တယ်။ လူ့ပြည်လည်း ရောက်နိုင်တယ်။ နတ်ပြည်လည်း ရောက်နိုင်တယ်။ ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ အမောဟနှင့် သေနိုင်ဖို့က သိပ်အရေးကြီးတယ်။ အမောဟ အထုံဝါသနာတွေ ပါပြီးတော့ ကွယ်လွန်ခါနီးမှာ အမောဟနဲ့ သေရင်တော့ သူ့ရဲ့ပါရမီအားလျော်စွာ မြင့်မြတ်ရာ ဘုံဘဝတွေ ရောက်နိုင်ပါတယ်။ နိဗ္ဗာန်သို့လည်း ရောက်သွားနိုင်တယ်။ ပညာနဲ့ သေဖို့က အမှတ်တရားနဲ့သေမှ။ မှတ်နေတုံးမှာ ဝိပဿနာဉာဏ်တွေ ဖြစ်နေပါတယ်။

အဲဒီ ဝိပဿနာဉာဏ်ဖြင့် ကွယ်လွန်ရမယ်ဆိုရင်တော့ အထက်တန်းတန်းကျကျ ဘုံဘဝတွေကို ရောက်သွားမှာပါပဲ။ ကွယ်လွန်ခါနီးတော့ ကွယ်လွန်လောက်တဲ့ ရောဂါဝေဒနာတွေနှင့် ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း တွေ့ကြရပါတယ်။ အဲဒီရောဂါဝေဒနာ ဒုက္ခဝေဒနာတွေကို လွှမ်းမိုးနိုင်အောင် မှတ်နိုင်မယ်ဆိုလို့ရှိရင်၊ အဲဒီလို မှတ်ရင်း မှတ်ရင်း ကွယ်လွန်သွားလို့ရှိရင် .. အမောဟဉာဏ်ပညာနဲ့ သေတယ်လို့ ခေါ်ပါတယ်။ ဟေတုပစ္စည်းက ကျေးဇူးပြုလိုက်တော့ မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားနိုင်ပါတယ်။

ဆက်ရန် ... ဟေတု ၁(ဂ)သို့

1 comments:

Anonymous said... @ August 22, 2009 at 9:40 AM

သာဓု သာဓု သာဓုပါ။
တန်ဖိုးထား လေးစားစွာဖြင့် ဖတ်ရှုမှတ်သားသွားပါတယ်။

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်