ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အဓိပတိပစ္စည်း - ၃ (င)

အဓိပတိပစ္စည်း - ၃ (င)

အစ္ဆရာဂဏသံဃုဋ္ဌံ ၊ ပိသာစ ဂဏသေဝိတံ။
ဝနန္တံ မောဟနံ နာမ ၊ ကထံ ယာတြ ဘဝိဿတီတိ။
(ဒေဝတာသံယုတ္တ-သံ-၁/၃၀-အစ္ဆရာသုတ္တ)


အစ္ဆရာဂဏသံယုဋ္ဌံ = နတ်သမီးပေါင်း သိန်းသောင်းမက ကြွေးကြော်ဆူရာ နေရာဌာန ဖြစ်သော်လည်း၊ ပိသာစ ဂဏသေဝိတံ = တစ္ဆေ မြေဘုတ် ဘီလူးတို့၏ မှီဝဲရာဌာနနှင့် တူထသော၊ မောဟနံ = နတ်တို့ကို တွေဝေမိုက်မဲစေတတ်သော၊ တံဝနံ = ထိုနန္ဒဝန်ဥယျာဉ်ကို၊ ကထံနာမ = အဘယ်သို့လျှင်၊ ယာတြ = ကျော်လွန်၍ သွားရခြင်းသည်၊ ဘဝိဿတိ = ဖြစ်လတ္တံ့ပါသနည်းဘုရား။

မြတ်စွာဘုရားကို လျှောက်တယ်။ "နန္ဒဝန်ဥယျာဉ်ကြီးဆိုတာ တစ်လောကလုံးမှာ အသာယာဆုံး၊ ကြည်နူးစရာ အကောင်းဆုံး ဖြစ်တယ်။ နတ်သမီးပေါင်း သိန်းသောင်းမက ကြွေးကြော်သီဆိုပြီးတော့ နေတဲ့ဌာန ဖြစ်တယ်။ ဒါပေမယ့်လည်း တပည့်တော် စိတ်ထဲမှာတော့ တစ္ဆေ မြေဘုတ် ဘီလူးတွေ နေရာဌာနလို့ပဲ ထင်နေပါတယ်ဘုရား။ " သံဝေဂဉာဏ်တွေ ပါသွားပါတယ်။ "နတ်တို့ကို အလွန် တွေဝေ မိုက်မဲစေတတ်တဲ့၊ တစ္ဆေ မြေဘုတ်ဘီလူးတို့၏ မှီဝဲရာဌာနလို့ ထင်ပါတယ်ဘုရား။ ဒါကြောင့် ဒီနန္ဒဝန်ဥယျာဉ်ထဲက တပည့်တော် ဘယ်လိုများ ကျော်လွန်အောင် သွားရပါမလဲဘုရား"လို့ လျှောက်ထားပါတယ်။

ဒီတော့ မြတ်စွာဘုရားက မိန့်ကြားတယ်။

ဥဇုကောနာမ သောမဂ္ဂေါ၊ အဘယာနာမသာဒိသာ။
ရထောအကူဇနောနာမ၊ ဓမ္မစက္ကေဟိ သံယုတော။


ဥဇုကောနာမ = ဖြောင့်ဖြောင့်သွားရာ လမ်းမည်သည်၊ သောမဂ္ဂေါ = ထိုသင်ရဟန်းဘဝက သွားခဲ့တဲ့ ဝိပဿနာလမ်းပင်တည်း။ အဘယာနာမ = ဘေးမရှိရာ အရပ်ပင်တည်း။ အကူဇနော = အသံမမြည်သော၊ ရထောနာမ = ရထားမည်သည်၊ ဓမ္မစက္ကေဟိ = ကာယိကဝီရိယ တည်းဟူသောဘီး၊ စေတသိကဝီရိယ တည်းဟူသော ဘီးတို့ဖြင့်၊ သံယုတော = ကောင်းစွာ ယှဉ်တပ်ထားအပ်သော မဂ္ဂင်ယာဉ်ရထားပင်တည်း။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ။

ဤနန္ဒဝန်ဥယျာဉ်ကြီးက ဖြောင့်ဖြောင့်ပြေးသွားရမည့် လမ်းဆိုတာ သင်ရဟန်းဘဝက အားထုတ်ခဲ့တဲ့ ဝိပဿနာလမ်းပဲ။ ဘဝတွေက ပြောင်းပြောင်းသွားတော့၊ ဘဝတွေက ခြားသွားတော့ မေ့ကုန်တယ်။ ဘယ်လမ်းက သွားရမှန်း မသိတော့ဘူး။ တကယ်အရေးကျတော့ အာရုံတွေ လွှမ်းမိုးလာပြီး ကြည်နူးစရာ၊ အလွန်မြတ်နိုးစရာ အာရုံတွေက လွှမ်းမိုးလာတော့ မေ့ကုန်ပါတယ်။ လမ်းတွေ ပျောက်သွားပြီ။ မြတ်စွာဘုရားကို ပြန်ပြီးလျှောက်ထားရပါတယ်။

လျှောက်ထားတော့ မြတ်စွာဘုရားက "ဥဇုကောနာမ သောမဂ္ဂေါ" ဥဇုကောနာမ = ဖြောင့်ဖြောင့်သွားရာ လမ်းမည်သည်၊ သောမဂ္ဂေါ = ထို သင်ရဟန်းဘဝက ရည်မှန်းခဲ့တဲ့ ဝိပဿနာလမ်းပင်တည်း။ ဝိပဿနာလမ်းကပဲ သင်ပြေးရလိမ့်မယ်တဲ့။ နန္ဒဝန်ဥယျာဉ်ကြီးထဲက လွတ်မြောက်ချင်တယ်ဆိုရင် ဘယ်လမ်းက သွားရမလဲ။ ဝိပဿနာလမ်းကပဲ သွားရမယ်။

ဆောင်ပုဒ်။ ။ နိဗ္ဗာန်သွားရာ၊ လမ်းဖြောင့်မှာ၊ ဝိပဿနာ ဖြစ်ပေသည်။

သင်ပြေးသွားရမည့် လမ်းဖြောင့်ကတော့ ဝိပဿနာလမ်းပဲလို့ မြတ်စွာဘုရားက မိန့်ကြားတယ်။

"အဘယာနာမ သာဒိသာ"။ အဘယာနာမ = ဘေးမရှိရာ အရပ်မည်သည်၊ သာဒိသာ = သင်ရဟန်းဘဝက ရည်မှန်းခဲ့တဲ့ နိဗ္ဗာန် အရပ်ပင်တည်း။

သင်သွားရမည့် အရပ်ကတော့ ဘေးကင်းတဲ့ အရပ်ဆိုတာ နိဗ္ဗာန်အရပ်ပဲတဲ့။

ဆောင်ပုဒ်။ ။ နိဗ္ဗာန်ရပ်သာ၊ ဘေးကင်းရာ၊ မှန်စွာဖြစ်ပေသည်။

နိဗ္ဗာန်အရပ်သာလျှင် ဘေးကင်းရာ ဖြစ်တယ်။ အာရုံအမျိုးမျိုးတွေရဲ့ ကင်းရာဖြစ်တယ်လို့ မြတ်စွာဘုရား မိန့်ကြားပါတယ်။

ဝိပဿနာရှုသောအခါ ကိုယ်၌ဖြစ်သော ဝီရိယ၊ စိတ်၌ဖြစ်သော ဝီရိယ နှစ်မျိုးလုံးပါရှိနေပုံ

"ရထော အကူဇနောနာမ"အကူဇနော = အသံမမြည်သော၊ ရထောနာမ = ရထားမည်သည်၊ ဓမ္မစက္ကေဟိ = ကာယိကဝီရိယ တည်းဟူသောဘီး၊ စေတသိကဝီရိယ တည်းဟူသောဘီးတို့ဖြင့်၊ သံယုတော = ကောင်းစွာ ယှဉ်စပ်တပ်ဆင်ထားသော မဂ္ဂင်ရထားပင်တည်း။

သင်ပြေးသွားရမှာတော့ မဂ္ဂင်ရထားဖြင့် ပြေးသွားရလိမ့်မယ်။

ဆောင်ပုဒ်။ ။ မဂ္ဂင်ရှစ်ဖြာ၊ ယာဉ်ဖြင့်သာ၊ မှန်စွာသွားရသည်။

မဂ္ဂင်ရှစ်ဖြာ ယာဉ်ဖြင့်သာ သွားရလိမ့်မယ်။ အဲဒီ မဂ္ဂင်ယာဉ်မှာလည်း အသံမမြည်တဲ့ ဘီးနှစ်ဘီး တပ်ထားတယ်။ အဲဒီ အသံမမြည်တဲ့ ဘီးတပ်ထားတဲ့ မဂ္ဂင်ယာဉ်နဲ့ သွားရလိမ့်မယ်လို့ မြတ်စွာဘုရား မိန့်ကြားတယ်။

ဆောင်ပုဒ်။ ။ မဂ္ဂင်ယာဉ်မှာ၊ ဘီးနှစ်ဖြာ၊ ကောင်းစွာ တပ်ထားသည်။

အဲဒီယာဉ်မှာ ဘီးနှစ်ခု တပ်ထားတယ်။

ဆောင်ပုဒ်။ ။ ကာယ စိတ္တ၊ ဘီးနှစ်ဝ၊ လုံးဝသံ မမြည်။

ကာယစိတ္တ = ကာယိကဝီရိယ-တည်းဟူသော ဘီး၊ စေတသိကဝီရိယ-တည်းဟူသော ဘီးနှစ်ဘီး တပ်ထားတဲ့ အသံမမြည်တဲ့ မဂ္ဂင်ရထားဖြင့် သင်သွားရလိမ့်မယ်။ ယောဂီများ တရားအားထုတ်တဲ့အခါ ကာယိကဝီရိယ၊ စေတသိကဝီရိယ နှစ်မျိုးပါစေရမယ်။ ဒီတော့မှ တရားတွေ မြန်မြန်တွေ့၊ တရားတွေ မြန်မြန်တက်၊ တရားထူး တရားမြတ်တွေ မြန်မြန်ရနိုင်တယ်တဲ့။

ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် မှန်နေတဲ့အခါ ကာယိက ဝီရိယဆိုတာ ခန္ဓာကိုယ်တည့်တည့် မတ်မတ်ရှိအောင်၊ ခေါင်းလေးတည့်တည့် မတ်မတ်ရှိရအောင် ကြောင့်ကြစိုက်ထားရပါတယ်။ အဲဒီ ကြောင့်ကြစိုက်ထားရတာ ကိုယ်ကာယမှာ ကြောင့်ကြစိုက်ထားရတဲ့အတွက် ကာယိကဝီရိယလို့ ခေါ်တယ်။ အဲဒီ ဝီရိယလည်း ရှိစေရမယ်။

စေတသိကဝီရိယဆိုတာ ပေါ်ရာပေါ်ရာ အာရုံလေးတွေ ပေါ်ခိုက်ပေါ်ခိုက်မှာ မှတ်နိုင်ရအောင် ကြောင့်ကြစိုက်ထားရတယ်။ ဖောင်းတာ ပေါ်လာလို့ရှိရင် ဖောင်းတယ်လို့ မှတ်နိုင်ရအောင် ကြောင့်ကြစိုက်ရပါတယ်။ ပိန်တာ ပေါ်လာလို့ရှိရင် မှတ်နိုင်ရအောင် ကြောင့်ကြစိုက်ရပါတယ်။ ထိုင်တာကိုလည်း သိအောင် ကြောင့်ကြစိုက်ရပါတယ်။ ထိတာကိုလည်း သိအောင် ကြောင့်ကြစိုက်ရပါတယ်။

နာတာပေါ်လာရင် နာတာကို ပိုင်းပိုင်းခြားခြားသိအောင် ကြောင့်ကြစိုက်ရပါတယ်။ အဲဒီလို စိတ်ကနေပြီးတော့ ကြောင့်ကြစိုက်နေတာကို စေတသိကဝီရိယလို့ ခေါ်ပါတယ်။ ဝီရိယနှစ်မျိုးလုံး ရှိရပါတယ်။ ရှိမှပဲ။ ဒီတော့မှ မဂ္ဂင်ရထားဖြစ်ပြီးတော့ နိဗ္ဗာန်ချမ်းသာကို ရောက်သွားနိုင်တယ်။ မြတ်စွာဘုရား ဟောကြားတာ နေရာကျပါတယ်။ ယောဂီများ အားထုတ်နေတာနဲ့ ကိုက်ညီနေပါတယ်။ အသံကော မမြည်ပေဘူး။ အသံမမြည်တဲ့ ဘီးနှင့် နိဗ္ဗာန်ကို သွားနေကြတာ ဖြစ်တယ်။ မြတ်စွာဘုရား ညွှန်ပြလိုက်တော့ ရဟန်းဘဝက ရောက်လာတဲ့ နတ်သားကြီး အလွန်သဘောကျသွားပါတယ်။ နောက်တစ်ခါ ဆက်လက်ပြီး မြတ်စွာဘုရားက မိန့်ကြားပါတယ်။

အဓိပတိပစ္စည်းတရား (၄)ပါး ရရှိသွား၍ တစ်ဂါထာပုဒ်အဆုံးမှာ နတ်သား သောတာပန် ဖြစ်သွားပုံ

ဟိရီ တဿ အပါလမ္ဗော၊ သကျဿ ပရိဝါရဏံ။
ဓမ္မာဟံ သာရထိံ ဗြူမိ၊ သမ္မာဒိဋ္ဌိ ပုရေဇဝံ။


ဟိရီ = ဟိရိသည်၊ တဿ = ထိုမဂ္ဂင်ယာဉ်ရထား၏ ၊ အပါလမ္မော = နောက်မှီခုံပင်တည်း။ ဟိရီ သြတ္တပ္ပ-ဆိုတာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ရှိပါတယ်။ ဟိရီ သြတ္တပ္ပတွေဟာ ရထား၊ မော်တော်ကား၊ ယာဉ်ရထားတွေက နောက်မှီခုံနဲ့ တူတယ်။ နောက်မှီခုံ မရှိလို့ရှိရင် လူတွေ နောက်ကို လန်လန်ကျသွားပါတယ်။ ဒုက္ခများကြတယ်။ အဲဒီလိုပါပဲ။ ပုဂ္ဂိုလ်သတ္တဝါတွေမှာ သူတော်ကောင်းတွေမှာ ဟိရီ သြတ္တပ္ပ မရှိလို့ရှိရင် သီလပျက်၊ သီလပျက်လို့ ရှိရင် သမာဓိပျက်၊ သမာဓိပျက်လို့ရှိရင် ဝိပဿနာဉာဏ်လည်း မဖြစ်တော့ဘူး။ ဝိပဿနာဉာဏ်မှ မဖြစ်လို့ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မရောက်နိုင်တော့ပေဘူး။

ဒါကြောင့် ဟိရီ သြတ္တပ္ပဟာ နောက်မှီခုံနဲ့ တူပါတယ်။ မြတ်စွာဘုရားက အဲဒါလည်း မိမိသန္တာန်မှာ ရှိစေရမယ်တဲ့။ နတ်ဘဝရောက်ပြီးတော့ အရှက်အကြောက် မရှိပဲနဲ့ အပျော်ကြီးပဲ လိုက်နေရင်တော့ နေရာမကျပေဘူး။ အဲဒါကို သတိပေးစကား မိန့်ကြားပါတယ်။

သတိ = သတိသည်၊ အဿ = ထိုမဂ္ဂင်ယာဉ်ရထား၏ ၊ ပရိဝါရဏံ = အကာအရံတည်း။

သတိတရားကတော့ အကာအရံနှင့် တူတယ်။ မော်တော်ကား ယာဉ်ရထားတွေမှာ အကာအရံတွေ ရှိပါတယ်။ မိုးဒဏ် လေဒဏ်တွေ ခံနိုင်ရအောင် အကာအရံတွေရှိသလို ယောဂီများ မဂ္ဂင်ရထားနှင့် သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း သတိရှိရပါတယ်။ သတိဟာ အကာအရံပဲ ဖြစ်တယ်။ အာရုံအမျိုးမျိုးတွေ ဝင်ပြီးတော့ မနှောင့်ယှက်နိုင်ရအောင် အကာအရံဆိုတဲ့ သတိရှိရပါတယ်။ အာရုံအမျိုးမျိုးတွေ ဝင်လာတာနဲ့ ရှုမှတ်ကြရပေတယ်။ မြင်တယ်၊ ကြားတယ် စသည်ဖြင့် မှတ်ရပါတယ်။ အာရုံ (၆)ပါး၊ ဒွါရ (၆)ပါးမှာ လာလာတိုက်တဲ့အခါ တိုက်တိုင်း၊ တိုက်တိုင်း ရှုမှတ်ပေးလိုက်တာ အကာအရံ ပြုလုပ်ထားတာနဲ့ တူပါတယ်။ လောဘ ဒေါသ မောဟတွေ မဖြစ်ရအောင် သတိဖြင့် ကာရံထားရတယ်။ ရန်သူတွေ မဝင်နိုင်ရအောင် မော်တော်ကား ရထားတွေမှာ အကာအရံထားသလို သတိကတော့ အကာအရံပဲ။ အကာအရံ သတိလည်း ရှိရမယ်တဲ့။

ဓမ္မာဟံ သာရတိံ ဗြူမိ၊ သမ္မာဒိဋ္ဌိ ပုရေဇဝံ။

သမ္မာဒိဋ္ဌိ ပုရေဇဝံ = ဝိပဿနာ သမ္မာဒိဋ္ဌိ ရှေ့သွားရှိသော၊ ဓမ္မံ = မဂ်သမ္မာဒိဋ္ဌိကို၊ သာရထိံ = ယာဉ်မောင်းသမားဟူ၍၊ အဟံ = ငါဘုရားသည်၊ ဗြူမိ = ဟောကြားတော်မူ၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း...။
သာဓု ... သာဓု ... သာဓု။

သမ္မာဒိဋ္ဌိ ပုရေဇဝံ = ဝိပဿနာ သမ္မာဒိဋ္ဌိက ရှေ့သွားဖြစ်တယ်။ ပကတိသော ယာဉ်ရထားတွေဖြင့် တိုင်းပြည်မှာ အလွန်အကျိုးများတဲ့ ပုဂ္ဂိုလ်ကြီးတွေ သွားမယ်ဆိုရင် ရှေ့ပြေးမော်တော်ကား၊ ရှေ့ပြေးရထားတွေ လွှတ်ရပါတယ်။ ရန်သူတွေကို ဖယ်ရှားထားတော့ နောက်ကသွားကြတဲ့ လူကြီး-သူကြီးတွေ အန္တရယ်ကင်းပြီးတော့ အလိုရှိရာအရပ်သို့ ရောက်သွားပါတယ်။ အဲဒီလိုပါပဲ။ ဝိပဿနာက ရှေ့ပြေးလမ်းရှင်းပဲ ဖြစ်ပေတယ်။ လောဘကြမ်း၊ ဒေါသကြမ်း၊ မောဟကြမ်းတွေ ဝိပဿနာက ပယ်သတ်ထားရပေတယ်။ လမ်းရှင်းထားတော့ မဂ်သမ္မာဒိဋ္ဌိက ဘယ်ကိုရောက်အောင် ပို့ပေးပါသလဲ။ နိဗ္ဗာန်ချမ်းသာသို့ ရောက်အောင် ပို့ပေးတယ်။ ယာဉ်မောင်းသမားနှင့် တူပေတယ်။ မြတ်စွာဘုရား ဟောကြားတာ နေရာကျလိုက်တာ။

ဆောင်ပုဒ်။ ။ ဟိရီတရား၊ နောက်မှီကား၊ မခြားတူပေသည်။

ဟိရီဆိုပေမဲ့ ဟိရီနှင့် သြတ္တပ္ပ နှစ်ပါးလုံး ဖြစ်ပါတယ်။ အရှက်အကြောက် ရှိရမယ်။ အရှက်အကြောက် ရှိတာဟာ မော်တော်ကား ယာဉ်ရထားတွေမှာ နောက်မှီခုံရှိသလို ချမ်းချမ်းသာသာနဲ့ မိမိတို့ သွားလိုရာ နိဗ္ဗာန်ချမ်းသာကို ရောက်သွားဖို့ရာဖြစ်တယ်။ ဒါကြောင့် ယောဂီများ၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်များ ဟိရီ၊ သြတ္တပ္ပတွေနဲ့ ပြည့်စုံရပေတယ်။ အခု ယောဂီများ ပြည့်စုံနေတာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။ နောက်မှီခုံ ရှိနေသလိုပါပဲ။

ဆောင်ပုဒ်။ ။ သတိတရား၊ ကာရံများ၊ မခြားတူပေသည်။

သတိကတော့ အကာအရံနှင့် တူတယ်။ မော်တော်ကား ယာဉ်ရထားတွေမှာ အကာအရံရှိတော့ ဘေးရန်အန္တရယ်တွေ ကင်းပြီးတော့ ချမ်းချမ်းသာသာ သွားလိုရာအရပ်ကို သွားနိုင်သလို သတိဖြင့် လောဘ ဒေါသ မောဟတွေကို ကာကွယ်ထားပေတယ်။ အာရုံအမျိုးမျိုးတွေ မဝင်လာရအောင် "မြင်တယ်၊ မြင်တယ်" "ကြားတယ်၊ ကြားတယ်" "နံတယ်၊ နံတယ်" "စားတယ်၊ စားတယ်" "စိတ်ကူးတယ်၊ စိတ်ကူးတယ်" "ကြံစည်တယ်၊ ကြံစည်တယ်"လို့ မှတ်ပေးနေတာ အကာအကွယ် ပြုပေးနေတာပဲ ဖြစ်တယ်။ နိဗ္ဗာန်ချမ်းသာကို ချမ်းချမ်းသာသာနဲ့ ရောက်သွားဖို့ရာ ဖြစ်ပေတယ်။

"ဝိပဿနာကား၊ လမ်းရှင်းများ၊ မခြားတူပေသည်"ဟု ဆိုရာ၌ ဝိပဿနာကတော့ လမ်းရှင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ တူတယ်။ ရှေ့ပြေးယာဉ်ရထားနဲ့ တူတယ်။ လောဘကြမ်း၊ ဒေါသကြမ်း၊ မောဟကြမ်းတွေ ပယ်သတ်ထားပေတယ်။ မဂ်သမ္မာဒိဋ္ဌိ မဂ္ဂင်ယာဉ်ကို နိဗ္ဗာန်ချမ်းသာတိုင်အောင် မောင်းပို့ဖို့ရာ ဝိပဿနာက ရှေ့ကနေပြီးတော့ လမ်းရှင်းပေးရပေတယ်။

"မဂ်ပညာကား၊ ယာဉ်မောင်းသမား၊ မခြားတူပေသည်"ဟု ဆိုရာ၌ မဂ်ပညာကို ဝိပဿနာက လမ်းရှင်းပေးထားတော့ နိဗ္ဗာန်ချမ်းသာတိုင်အောင် ယာဉ်မောင်းသမားကဲ့သို့ မောင်းပြီးတော့ ပို့လိုက်တာပဲ။ နေရာကျပါတယ်။ အဲဒီ တရားတော်ကို ဟောကြားပြီးတော့ မြတ်စွာဘုရားက ဂါထာတစ်ပုဒ် ဆက်လက် ဟောကြားတော်မူပါတယ်။

ယဿ ဧတာဒိသံ ယာနံ၊ ဣတ္ထိယာ ပုရိဿဝါ။
သ-ဝေ ဧတေန ယာနေန၊ နိဗ္ဗာနေဿဝ သန္တိကေ။


ယဿ ဣတ္ထိယာဝါ = အကြင်အမျိုးသမီးအားလည်းကောင်း၊ ယဿ ပုရိသဿဝါ = အကြင်အမျိုးသားအားလည်းကောင်း၊ ဧတာဒိသံယာနံ = ဤမဂ္ဂင်ယာဉ်ရထားသည်၊ အတ္ထိ = ရှိ၏ ။ သ သော = ထိုအမျိုးကောင်းသား၊ အမျိုးကောင်းသမီးသည်၊ ဝေ = စင်စစ်၊ ဧတေန ယာနေန = ဤမဂ္ဂင်ယာဉ်ရထားဖြင့်၊ နိဗ္ဗာနေဿဝ = နိဗ္ဗာန်၏ သာလျှင်၊ သန္တိကေ = အထံသို့၊ ဂတော = ရောက်ရ၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ...။
သာဓု ... သာဓု ... သာဓု ။

ဝိပဿနာက လမ်းရှင်းပေးပြီး၊ မဂ္ဂသမ္မာဒိဋ္ဌိက ယာဉ်မောင်းသဖွယ် မဂ္ဂင်ယာဉ်ကို မောင်းပြီးတော့ နိဗ္ဗာန်သို့ ပို့လိုက်တယ်။ အဲဒီ ယာဉ်ရထားရှိတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ဧကန်မုချ နိဗ္ဗာန်သို့ ရောက်ရတော့မယ်။ ဘယ်သူမိန့်ကြားပါသလဲ .. မြတ်စွာဘုရား မိန့်ကြားတာပါ။ မိန့်ကြားလိုက်တော့ နတ်သားကြီး သဘောတွေ ကျပြီးတော့ ရှုမှတ်လိုက်တာ ချက်ခြင်း တစ်ခဏအတွင်းမှာပဲ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ် ရောက်သွားပြီးတော့ သောတာပန် ဖြစ်သွားတယ်။

နတ်ပြည်ဆိုတာ ကံအဟုန်ကြီးမားတဲ့ ဘုံဘဝဖြစ်တော့ ဉာဏ်တွေက အလွန် ထက်မြက်တယ်။ (တစ်ကွေးတစ်ဆန့်) အတွင်းမှာ တရားထူး တရားမြတ်တွေ ရသွားနိုင်တယ်။ နှလုံးသွင်း ဆင်ခြင်ရှုမှတ်လိုက်လို့ရှိရင် လူ့ပြည်မှာလို တစ်လ၊ နှစ်လ၊ သုံးလ အကြာကြီး အားမထုတ်နေရတော့ဘူး။ တစ်ဂါထာပုဒ် အဆုံးမှာပင် တရားရသွားနိုင်တယ်။ နေရာကျပေတယ်။ လူ့ပြည်က တရားတွေ ပါသွားဖို့ရာသာ လိုအပ်ပေတယ်။ တရားပါသွားရင်တော့ တစ်ဂါထာပုဒ် အဆုံးမှာ တရားထူး တရားမြတ်တွေ ရသွားနိုင်ကြတယ်။

ယောဂီများလည်း ယခုလို တရားတွေ အားထုတ်နေတာ ဒါန သီလ သမထတွေ ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ကွယ်လွန်သွားရင်တော့ ဈာန်မဂ်ဖိုလ် မရလို့ရှိရင် ဘယ်ရောက်ကြပါမည်လဲ ... နတ်ပြည်သို့ ရောက်မှာက များပါတယ်။ အဲဒီ နတ်ပြည်ကျတော့ မမေ့သွားဖို့ရာ အဓိကပဲ။ အာရုံအမျိုးမျိုးတွေက အလွန်ဆန်းကြယ်၊ အလွန်ထူးခြား၊ အလွန်ကောင်းမြတ်တဲ့ အတွက်ကြောင့် မေ့သွားတတ်ပေတယ်။ ဒီလူ့ပြည်ကနေပြီး တရားတွေ ပါသွားတော့ မမေ့တော့ပေဘူး။ တစ်ဂါထာပုဒ် အဆုံးမှာ တရားထူး တရားမြတ်တွေ ရသွားနိုင်တယ်။ အခု နတ်သားကို ထောက်ထားသောအားဖြင့် သိရပါတယ်။ တရားပါသွားဖို့ရာသာ အဓိကပါပဲ။

ဒီနတ်သားမှာ အဓိပတိပစ္စည်းတရား (၄)ပါး ရရှိသွားတယ်။ လူ့ပြည်မှာ တရားအားထုတ်တဲ့အခါမှာ တရားထူး တရားမြတ်တွေ ရအောင် အားထုတ်မယ်ဆိုတဲ့ ဆန္ဒ ပြင်းပြပါတယ်။ အဲဒါဆန္ဒာဓိပတိ ဖြစ်တယ်။ မအိပ်မနေ အားထုတ်တဲ့ လုံ့လဝီရိယက ဝီရိယာဓိပတိ ဖြစ်တယ်။ စွဲစွဲမြဲမြဲ စိတ်ဖြင့်လည်း အားထုတ်တယ်။ နတ်ပြည် ရောက်တာတောင်မှ နတ်သားလို့ မထင်။ ဘာလို့ထင်နေပါသလဲ ... တရားအားထုတ်နေတဲ့ ရဟန်းလို့ပဲ ထင်နေတယ်။ စိတ္တာဓိပတိ ထိုက်ပါတယ်။ စိတ်ကလည်း ခိုင်မြဲလိုက်တာ ဘဝပြောင်းသွားတောင်မှ ဒီစိတ်ပဲ ရှိနေသေးတော့ စိတ္တာဓိပတိ ထိုက်တယ်။

မြတ်စွာဘုရား ဟောကြားလိုက်တော့ ဝိပဿနာတရား အားထုတ်လိုက်တဲ့အခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ဖြစ်သွားတာက ဝီမံသာဓိပတိ ထိုက်ပေတယ်။ အဓိပတိတရား (၄)ပါးလုံး အဲဒီလိုပုဂ္ဂိုလ်တွေ သန္တာန်မှာ တရားထူး တရားမြတ်တွေ ရအောင် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ သန္တာန်မှာ ဖြစ်ကြပါတယ်။

အဓိပတိထိုက်တဲ့ တရားတွေ ဖြစ်လို့ရှိရင် တရားထူး တရားမြတ်တွေ ရရှိဖို့ရာ ဖြစ်တယ်လို့ သိရပါတယ်။ မိမိတို့ သန္တာန်မှာလည်း ဝိပဿနာတရား အားထုတ်နေတဲ့ အခိုက်အတန့်မှာ အဓိပတိတရားတွေ ရှိနေကြတယ်ဆိုတာ သိရတော့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာကောင်းပါတယ်။ တရားထူး တရားမြတ် ရရှိဖို့ရာပါပဲ။ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာပါပဲ။

ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ အဓိပတိပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း..။

ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။

သာဓု ... သာဓု ... သာဓု ။


ပစ္စည်း=အကြောင်း

ပစ္စယုပ္ပန်=အကျိုး
နာမ်










ဆန္ဒာဓိပတိ


ဝီရိယာဓိပတိ


စိတ္တာဓိပတိ



ဝီမံသာဓိပတိ
နာမ်
ရုပ်









ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ
တံသမုဋ္ဌာနာနဉ္စ ရူပါနံ

ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ


စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ


ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ


ဆက်ရန် .. အနန္တရပစ္စည်းသို့ ...

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်