ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အာရမ္မဏပစ္စည်း - ၂ (င)

အာရမ္မဏပစ္စည်း - ၂ (င)


အရှင်ပေါဋ္ဌိလမထေရ် ရဟန္တာ ဖြစ်ပုံ

ဒွါရ(၆)ပါးလုံး လုံခြုံအောင်၊ ဒွါရ(၆)ပါးလုံး ပိတ်ထားလို့တော့ မရပေဘူး။ (၅)ဒွါရကို ပိတ်ထားပြီး တစ်ဒွါရကနေ ရှုမှတ်ရမယ်။ ရှုမှတ်ရမည့် အကြောင်းကို မြတ်စွာဘုရား လက်ထက်တော်အခါက ပြဿနာတစ်ခုကြောင့် ရဟန္တာကိုရင်လေးက ဟောကြားပါတယ်။

တစ်ချိန်သောအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ ဂိုဏ်းကြီး(၁၈)ဂိုဏ်းကို အုပ်ချူပ်ပြီး စာပေကျမ်းဂန်တွေကို ပို့ချနေတဲ့၊ ပိဋကတ်(၃)ပုံကို နှုတ်ငုံဆောင်ထားတဲ့ အရှင်ပေါဋ္ဌိလ ဆိုတာ ရှိတယ်။ သံဃာတော်တွေကို နေ့စဉ်နဲ့အမျှ နေ့မအား ညမအား စာပေကျမ်းဂန်တွေ ပို့ချပြီး သင်ကြားပေးတယ်။

မကြာခဏလည်း မြတ်စွာဘုရားထံလာပြီး ပူဇော်ကန်တော့တယ်။ မြတ်စွာဘုရားက "တုစ္ဆပေါဋ္ဌိလ"။ "အချည်းနှီး အလကား ပေါဋ္ဌိလ သွားတော့၊ ပြန်တော့" စသည်ဖြင့် မိန့်ကြားတဲ့အခါ "ဘယ်လိုပါလိမ့်မလဲ၊ သာသနာအတွက်လည်း နေ့မအား ညမအား စာပေကျမ်းဂန်တွေကို ပို့ချ သင်ကြားပေးနေရသေးတယ်။ မြတ်စွာဘုရားက 'တုစ္ဆ - အချည်းနှီး အလကားပဲ'လို့လည်း အပြောခံနေရသေးတယ်။ နေရာမကျပါဘူး။ ဘာကြောင့်ပါလဲ'လို့ စဉ်းစားတဲ့အခါ မိမိသန္တာန်မှာ တရားထူး တရားမြတ် မရသေးလို့ မြတ်စွာဘုရား ဒီလိုပြောတာပဲလို့ ပညာရှိပုဂ္ဂိုလ်ဆိုတော့ သိသွားပါတယ်။ သိတော့ မနေတော့ဘူး၊ တောထွက်မယ်ဆိုပြီး တောထွက်သွားပါတယ်။

ယူဇနာ(၁၂၀)ဝေးကွာတဲ့ တောကျောင်းကို ရောက်သွားတယ်။ သံဃာအပါး(၃၀) ရှိပါတယ်။ သံဃာအပါး(၃၀)လုံး ရဟန္တာပုဂ္ဂိုလ်ချည်း ဖြစ်ကြတယ်။ ရှေးဦးစွာ အကြီးဆုံးဖြစ်တဲ့ မထေရ်ကြီးထံသွားပြီး ချဉ်းကပ်တယ်။ ချဉ်းကပ်ပြီး "ဆရာတော်ကြီးဘုရား ... တပည့်တော်ရဲ့ မှီခိုအားထားရာ ဖြစ်တော်မူပါဘုရား၊ ကမ္မဋ္ဌာန်းတရား ပေးသနားတော်မူပါဘုရား"ဟု လျှောက်ထားတော့ ဆရာတော်ကြီးက "အရှင်ပေါဋ္ဌိလဟာ ပိဋကတ်(၃)ပုံကို နှုတ်ငုံဆောင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ မာန်မာနတွေ ရှိနေတယ်။ တရားပေးလို့ ရနိုင်မှာ မဟုတ်ဘူး။" လို့ သိနေသောကြောင့် "အရှင်ပေါဋ္ဌိလထံမှာသာ ဆရာတော်တို့က ဆည်းပူးရမှာပါ၊ အရှင်ပေါဋ္ဌိလဆိုတာ ပိဋကတ်(၃)ပုံကို နှုတ်ငုံဆောင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ တပည့်တော်ကသာ အရှင်ပေါဋ္ဌိလအထံမှာ ကမ္မဋ္ဌာန်း ဆည်းပူးရမှာပါ၊ ကမ္မဋ္ဌာန်းတရား မပေးနိုင်ပါဘူး။ ဒုတိယ အကြီးဆုံး မထေရ်ထံ သွား၍ လျှောက်ထားပါ"ဟု ပြောလိုက်ပေတယ်။

ဒုတိယမထေရ်ကြီးကလည်း ဒီအတိုင်းပဲ မိန့်ကြားတယ်။ လက်မခံပေဘူး ကမ္မဋ္ဌာန်းတရား မပေးဘူး။ တတိယမထေရ်ကြီးကလည်း ဒီအတိုင်းပဲ ပယ်လိုက်တယ်။ အဆင့်ဆင့် မထေရ်ကြီးတွေ ပယ်လိုက်တာ ဘယ်ရောက်သွားလဲဆိုတော့ (၇)နှစ်သားအရွယ် ရဟန္တာ ရှင်သာမဏေလေးထံ ရောက်သွားတယ်။ "ကိုရင်ဘုရား... တပည့်တော်ရဲ့ အားထားကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား ကိုရင်တစ်ပါးသာ ကျန်ပါတော့တယ်ဘုရား။ တပည့်တော်ရဲ့ ကိုးကွယ်အားထားရာ ဖြစ်တော်မူပါဘုရား။ ကမ္မဋ္ဌာန်းတရား ပေးသနားတော်မူပါဘုရား"လို့ လျှောက်ထားတယ်။

ကိုရင်လေးက ပြန်လျှောက်ထားပါတယ်။ "အရှင်ဘုရား ... ဘယ်လိုမိန့်ကြားတာပါလဲဘုရား။ တပည့်တော်က အသက်လည်း ငယ်ပါတယ်ဘုရား။ စာမေကျမ်းဂန်လည်း မတတ်ပါဘူးဘုရား။ အရှင်ဘုရားထံမှာသာ တပည့်တော်က ကမ္မဋ္ဌာန်းတရားတွေ ဆည်းပူးဖို့ရာ ဖြစ်ပါတယ်ဘုရား"ဟု ပယ်လိုက်ပြန်တော့ အရှင်ပေါဋ္ဌိလမှာ အားကိုးရာမဲ့ပြီး "ကိုရင်... ကိုရင်မှတစ်ပါး ယခုအချိန်မှာ တပည့်တော် အားကိုးစရာ မရှိတော့ပါဘူးဘုရား။ တပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ကမ္မဋ္ဌာန်းတရား ပေးသနားတော်မူပါဘုရား"လို့ လျှောက်ထားပြန်တယ်။

ထိုအခါ ကိုရင်လေးက 'အရှင်ပေါဋ္ဌိလ မာနတွေကျသွားပေပြီ၊ တရားပေးမှပဲ' ဆိုပြီး -
"အရှင်ဘုရား ... တပည့်တော် ပြောတဲ့စကား နားထောင်နိုင်ပါ့မလား"
"နားထောင်နိုင်ပါတယ်ဘုရား၊ ကိုရင်က အခု မီးပုံထဲ ခုန်ချလိုက်ပါဆိုရင် အခု မီးပုံထဲ ခုန်ချလိုက်ပါမယ်။"
"မီးပုံတော့ မရှိဘူး၊ ဟိုရှေ့မှာ ရေအိုင်ကြီး၊ အရှင်ဘုရား တွေ့ရဲ့လား"
"တွေ့ပါတယ်ဘုရား"
"အဲဒီရေအိုင်ကြီးထဲကို အရှင်ဘုရား အခုဝတ်ထားတဲ့ သင်္ကန်းအသစ်တွေနဲ့ ဆင်းသွားရမယ်။"

တစ်ခွန်းတည်းသော စကားဖြင့် ရေအိုင်ထဲသို့ ဆင်းသွားပါတယ်။ သင်္ကန်းအနားတွေ ရေစိုတဲ့အခါ - "အရှင်ဘုရား၊ ပြန်ကြွလာပါတော့"ဟု ဆိုလိုက်ရာ တစ်ခွန်းတည်းသော စကားနဲ့ပဲ ပြန်ကြွလာတယ်။

(၆)ဒွါရ၌ (၅)ဒွါရပိတ်၍ တစ်ဒွါရက ရှုမှတ်ပုံ

"အရှင်ဘုရားကို ကမ္မဋ္ဌာန်းတရား ပေးတော့မယ်။ အရှင်ဘုရား သတိထားပြီးတော့ နားထောင်ပါ။ တောထဲမှာ တောင်ပို့တစ်ခုရှိပါတယ်။ အပေါက်က (၆)ပေါက် ရှိပါတယ်။ အဲဒီတောင်ပို့ထဲမှာ ဖွတ်တစ်ကောင် ဝင်နေပါတယ်။ အဲဒီဖွတ်ကို လိုချင်တဲ့ ယောက်ျားဟာ (၅)ပေါက်က ပိတ်ထားပြီးတော့ တစ်ပေါက်က စောင့်ဖမ်းရပါတယ်။"

"အရှင်ဘုရားသန္တာန်မှာလည်း ဒီအတိုင်းပဲ။ မျက်စိ နား နှာ လျှာ ကိုယ် စိတ်-တည်းဟူသော ဒွါရ(၆)ပါး အပေါက်(၆)ပေါက် ရှိပါတယ်။ (၅)ဒွါရကို ပိတ်ပြီးတော့ တစ်ဒွါရကနေ ရှုရပါမယ်"ဟု ကိုရင်လေး မိန့်ကြားလိုက်တော့ အရှင်ပေါဋ္ဌိလ သဘောတွေကျသွားပါတယ်။ "ကိုရင် .. ဒီမျှနဲ့ပဲ တပည့်တော်အတွက် ကမ္မဋ္ဌာန်းပေးတာ ပြည့်စုံသွားပါပြီ"။ မှောင်မိုက်ထဲမှာရှိတဲ့ အဖိုးတန်ပစ္စည်းကို မီးထွန်းပြလိုက်သလို ချက်ခြင်းသိသွားတယ်။ အားထုတ်လိုက်တာ မကြာမီ အချိန်အတွင်းမှာပဲ ရဟန္တာ ဖြစ်သွားပါတယ်။ ကိုရင်လေးပေးတဲ့ ကမ္မဋ္ဌာန်းနည်း နေရာကျပါတယ်။

ဘယ်နှစ်ပေါက်ကို ပိတ်ထားရပါသလဲ ... (၅)ပေါက်ကို ပိတ်ထားရပါတယ်။ တစ်ပေါက်ကနေ၍ ဖွတ်ကို စောင့်ပြီး ဖမ်းရသလို တစ်ပေါက်ကနေ၍ ရှုမှတ်ရမယ်။ မျက်စိ နား နှာ လျှာ ကိုယ်-ဆိုတဲ့ (၅)ဒွါရကို ပိတ်ထားရမယ်။ ဘယ်ကနေ ရှုနေရပါသလဲ ... မနောဒွါရကနေ ရှုနေရပါမယ်။ ရှုလို့ရှိရင်တော့ (၅)ဒွါရဟာလည်း လုံခြုံနေသကဲ့သို့ ဖြစ်ပါတယ်။

မျက်စိမှာကျလာတဲ့ အာရုံကိုလည်း ဘယ်ကနေရှုရမလဲ ... မနောဒွါရကနေ ရှုရပါမယ်။ နားမှာကျလာတဲ့ အာရုံကိုလည်း ... မနောဒွါရကနေ ရှုရပါမယ်။ နှာခေါင်းမှာ ကျလာတဲ့ အာရုံကိုလဲ ... မနောဒွါရကနေ ရှုရပါမယ်။ လျှာမှာ ကျလာတဲ့ အာရုံကိုလဲ ... မနောဒွါရကနေ ရှုရပါမယ်။ ကိုယ်မှာ ကျလာတဲ့ အာရုံကိုလဲ ... မနောဒွါရကနေ ရှုရပါမယ်။ တစ်ပေါက်ကနေ၍ မရှုရပါဘူးလား ... ရှုရပါတယ်။ တစ်ပေါက်ကနေ၍ စောင့်ပြီး ဖွတ်ကို ဖမ်းနေတဲ့ ယောက်ျားနှင့် တူပေတယ်။

ဒီမှာ သဘာဝကျကျ စဉ်းစားစရာ မျက်စိမှာကျတဲ့ အာရုံကို ဘယ့်နှယ် မနောဒွါရက တစ်ခြားကနေရှုလို့ ရမှ ရပါ့လား။ မျက်စိတွေ နားတွေ နှာခေါင်းတွေ လျှာတွေ ကိုယ်တွေမှာ ကျတာက တစ်ခြား၊ ရှုတာက တစ်ခြား။ ဒီလို မဖြစ်နေဘူးလားလို့ စဉ်းစားစရာ ဖြစ်ပေတယ်။ သဘာဝကျကျ သိပ္ပံနည်းကျကျ စဉ်းစားတဲ့ ပုဂ္ဂိုလ်တွေက ဒီလိုလည်း မေးလာတတ်ကြပေတယ်။ မေးလာတဲ့အခါ အဖြေရှိပါတယ်။

ဒွါရ(၅)ပါးမှာ ကျလာတဲ့ အာရုံတွေဟာ မနောဒွါရသို့ ချက်ချင်းပဲ ရောက်လာတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မွန်းတည့်ချိန်မှာ သစ်ပင်ဖျား၌ ငှက်တွေ လာနားတယ်။ နားလိုက်တာနဲ့ တစ်ပြိုင်နက်တည်း မြေမှာ အရိပ်တွေ သွားပြီး မထင်ပါဘူးလား ... ထင်ပါတယ်။ သစ်ပင်အောက်မှာ ရှိနေတဲ့ ယောက်ျား မသိပါဘူးလား ... သိပါတယ်။ အရိပ်တွေ ထင်လာတာ တွေ့တာနဲ့ အော် .. ငှက်လာနားပြီလို့ သိရပါတယ်။

အဲဒီလိုပဲ ဒွါရ(၅)ပါးမှာ ကျလာတဲ့ အာရုံတွေဟာ မနောဒွါရကို ချက်ချင်းပဲ ရောက်လာတယ်။ မနောကနေ ရှုလို့မရပါဘူးလား ... ရှုလို့ ရပါတယ်။ အဲဒါလေးတွေကို ဥပမာနဲ့ အဋ္ဌကထာဆရာတွေ ဖွင့်ပြထားပါတယ်။

ဆောင်ပုဒ်။ ။ သစ်ပင်ဖျား၌၊ ငှက်နားပမာ၊ အာရုံငါးပါး၊
ထိငြားထင်လာ၊ မြေ၌ ငှက်ရိပ်၊ ခပ်နှိပ်ပမာ၊
မနောပေါက်၊ ဆိုက်ရောက်လေသည်သာ။

သစ်ပင်ဖျားမှာ ငှက်နားလိုက်တာနဲ့ တစ်ပြိုင်နက်တည်း မြေမှာ အရိပ်တွေ သွားထင်တယ်။ အောက်က ယောင်္ကျားက ငှက်တွေ လာနားပြီလို့ သိသလိုပါပဲ။

မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်မှာ အာရုံ(၅)ပါး လာတိုက်တာနဲ့ တစ်ပြိုင်နက်တည်း မနောအကြည်မှာ မနောပေါက်ကို လာပြီးတော့ ထင်တော့တာပါပဲ။ ငှက်ရိပ်ထင်သလို ထင်လာတော့ 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်'လို့ မှတ်လို့ရပါတယ်။ အဲဒီ မနောတစ်ဒွါရက စောင့်ပြီးတော့ ရှုမှတ်နေတာ ဖွတ်ကို လိုချင်တဲ့ ယောင်္ကျားနှင့် အလွန်တူပေတယ်။

ကိုရင်လေးပေးတဲ့ ကမ္မဋ္ဌာန်းသည် အခုယောဂီများ ရှုနေတဲ့ ကမ္မဋ္ဌာန်းနဲ့ မတူပါဘူးလား ... တူပေတယ်။ ရဟန္တာမထေရ် ပေးတဲ့ ကမ္မဋ္ဌာန်းနဲ့ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်း အတူတူပါပဲ။ ဒွါရ(၆)ပါး လုံခြုံသွားတာနဲ့ တစ်ပြိုင်နက်တည်း ယောဂီများ အလိုရှိအပ် တောင့်တအပ်တဲ့ နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားတော့တာပါပဲ။ လုံခြုံလို့ ရောက်သွားတဲ့ သာဓကတွေ မြတ်စွာဘုရား လက်ထက်တော်အခါက အများကြီး ရှိခဲ့ပေတယ်။

ဒွါရ(၆)ပါးကို လုံခြုံအောင် စောင့်စည်းနိုင်၍ ရဟန္တာဖြစ်ပုံ

တစ်ချိန်သောအခါ ရဟန်းတော်တော်များများ မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်းတရားတွေ ယူပြီး တရားအားထုတ်ဖို့ရာ ဒေသစာရီ ကြွချီပြီးတော့ ဝါဆိုရန် နေရာရှာကြတယ်။ တိုင်းစွန်မြို့ဖျားတစ်ခုသို့ ရောက်သွားတဲ့အခါ အဲဒီမှာ ဝါဆိုကြတယ်။ တိုင်းစွန်တိုင်းဖျား မြို့သူမြို့သားတို့သည် ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်နေတဲ့ ရဟန်းတွေ ရောက်လာတော့ အလွန်ပဲ ဂရုစိုက်ပြီး ပြုစုကြတယ်။ ဝါလယ်လောက်ရောက်တဲ့အခါ တိုင်းစွန်တိုင်းဖျား ဖြစ်သည့်အားလျောစွာ သူပုန်သူကန် သူခိုးဓားပြတွေ မြို့ကိုဝင်ပြီး လုယက်ဖျက်ဆီး မီးရှို့ လူတွေသတ်ဖြတ်၊ ပစ္စည်းတွေလုယူသွားကြတယ်။ မြို့သူမြို့သားတွေ ရဟန်းတော်များကို ဂရုမစိုက်နိုင်တော့ပဲ ဖြစ်ကြပေတယ်။

မြို့အပြင်က ကျုံးတွေတူးကြရ၊ မြို့အတွင်းက တံတိုင်းတွေ တံခါးတွေ ဆောက်လုပ်ကြရနဲ့ ရဟန်းတော်တွေကို ဂရုမစိုက်နိုင်တဲ့အခါ ရဟန်းတော်တွေ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းနဲ့ နေခဲ့ကြရတယ်။ ဝါကျွတ်တာနဲ့ တစ်ပြိုင်နက်တည်း မြတ်စွာဘုရားထံသို့ ပြန်လာကြတယ်။ ရောက်တဲ့အခါ "ချစ်သားရဟန်းတို့ ... သင်တို့ ဝါဆိုခဲ့တဲ့နေရာမှာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါရဲ့လား၊ ဆွမ်းခဲဘွယ်ဘောဇဉ်တွေ လုံလုံလောက်လောက် ရှိကြပါရဲ့လား" စသည်ဖြင့် မြတ်စွာဘုရားက နှုတ်ဆက်စကား မိန့်ကြားတော်မူပါတယ်။

ရဟန်းတော်တွေက ပြန်ပြီးတော့ လျှောက်ထားကြတယ်။ "မြတ်စွာဘုရား ... တပည့်တော်တို့ တိုင်းစွန်တိုင်းဖျားမြို့ကို အမှီပြုပြီးတော့ တရားအားထုတ်ခဲ့ရပါတယ်ဘုရား။ တရားတော့ မရခဲ့ပါဘူးဘုရား။ ဝါဆိုဦးကနေ ပြီးတော့ ဝါလယ်လောက်ထိအောင် ချမ်းချမ်းသာသာ အားထုတ်ခဲ့ရပါတယ်ဘုရား။ ဝါလယ်ရောက်တော့ မြို့ကို သူပုန်သူကန်တွေ ဝင်စီးတဲ့အတွက်ကြောင့် မြို့သူမြို့သားတွေ တပည့်တော်များကို မစောင့်ရှောက်နိုင်ကြတော့ပါဘုရား။ ဒါကြောင့် ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း နေခဲ့ကြရပါတယ်ဘုရား"လို့ လျှောက်ထားတယ်။

မြတ်စွာဘုရားက -
အလံ ဘိက္ခဝေ မာ စိန္တယိတ္ထ ဖာသုဝိဟာရောနာမ နိစ္စကာလံ ဒုလ္လဘော။

ဘိက္ခဝေ = သံသရာဘေး လာမည့်ရေးကို မျှော်တွေးထောက်ဆ သိမြင်ကြတဲ့ အို-ချစ်သားရဟန်းတို့၊ အလံ မာ စိန္တယိတ္ထ = ဟိုဟိုဒီဒီ မကြံစည်ကြကုန်လင့်။ ဖာသုဝိဟာရောနာမ = ချမ်းသာစွာ နေရခြင်းမည်သည်၊ နိစ္စကာလံ = အမြဲမပြတ်၊ ဒုလ္လဘော = ရခဲ၏ - ဟု မိန့်ကြားတော်မူပါတယ်။

ဟိုဟိုဒီဒီ ချမ်းသာတာ ဆင်းရဲတာတွေကို မကြံစည်နေနဲ့တော့၊ ကိုယ်တရားရဖို့ရာ အဓိကဖြစ်တယ်။ မြို့သူမြို့သားတွေ မိမိတို့ရဲ့ မြို့ကို လုံခြုံအောင် စောင့်ရှောက်ကြသကဲ့သို့ ကိုယ့်ရဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ်-တည်းဟူသော ကိုယ့်ခန္တာကို လုံခြုံအောင် စောင့်ရှောက်ဖို့ရာ အရေးကြီးတယ်လို့ မိန့်ကြားပြီး မြတ်စွာဘုရား ဂါထာတစ်ပုဒ် ဟောကြားပါတယ်။

နဂရံ ယထာ မစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။
ဧဝံ ဂေါပေထ အတ္ထာနံ၊ ခဏော ဝေ မာ ဥပစ္စဂါ။
ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

ပစ္စန္တံ = တိုင်းစွန်တိုင်းဖျား၌ ဖြစ်သော၊ နာဂရံ = မြို့ကို၊ သန္တရဗာယိရံ = အတွင်းအပနှင့်တကွ၊ ဂုတ္ထံယထာ = လုံခြုံအောင် စောင့်ရှောက်ရသကဲ့သို့၊ ဧဝံ = ဤအတူ၊ အတ္ထာနံ = မိမိကိုယ်ကို (ဝါ) မျက်စိ နား နှာ လျှာ ကိုယ် စိတ်-တည်းဟူသော မိမိကိုယ်ကို၊ ဂေါပေထ = လုံခြုံအောင် စောင့်ရှောက်ကြကုန်လော့။ ခဏော = ဘုရားပွင့်တော်မူလာသော အခွင့်ကောင်း အခါကောင်းသည်၊ ဝေ = စင်စစ်၊ မာ ဥပစ္စဂါ = မလွန်သွားစေလင့်။ ခဏာတီတာ = ဘုရားပွင့်တော်မူလာသော အခွင့်ကောင်း အခါကောင်းကို လွန်စေကြကုန်သောသူတို့သည်၊ နိရယမှိ = ငရဲ၌၊ သမပ္ပိတာ = ကျရောက်ကုန်သည်ဖြစ်၍၊ သောစန္တိ အနုသောစန္တ = အဖန်တလဲလဲ စိုးရိမ်ကြရကုန်၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော် မူခဲ့ပါပေသတည်း ...။
သာဓု ... သာဓု ... သာဓု ။

ချစ်သားရဟန်းတို့ ... ဆင်းရဲတာတွေ ချမ်းသာတာတွေကို မကြံစည်နေကြနဲ့။ တိုင်းစွန်တိုင်းဖျားမှာရှိတဲ့ မြို့သူမြို့သားတွေ သူတို့ရဲ့ မြို့ကို လုံခြုံအောင် စောင့်ရှောက်ကြသကဲ့သို့ မျက်စိ နား နှာ လျှာ ကိုယ် စိတ်-တည်းဟူသော ကိုယ့်ခန္ဓာကိုယ်ကို လုံခြုံအောင် စောင့်ရှောက်ရမယ်။

လုံခြုံအောင် စောင့်ရှောက်နိုင်တယ် ဆိုတာဟာလည်း ဘုရားပွင့်တော်မူလာတဲ့ အခါနှင့် ကြုံမှသာ စောင့်ရှောက်နိုင်တယ်။ ဘုရားပွင့်တဲ့ အခွင့်ကောင်းအခါကောင်း လွန်သွားကြပြီဆိုရင် ဘဝသံသရာမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးတွေနဲ့ တွေ့ကြုံကြရလိမ့်မယ်။ ငရဲမှာ ကျရောက်ပြီး ပူပန်လို့မဆုံး ဖြစ်ကြရလိမ့်မယ်လို့ မြတ်စွာဘုရား မိန့်ကြားတော်မူပြီး အလုပ်ပေးတရားတွေ ဟောကြားတာကို နာကြားပြီး ရဟန်းတော်တွေ တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်ကြတာ ရဟန္တာ ဖြစ်သွားကြပေတယ်။

မျက်စိ နား နှာ လျှာ ကိုယ် စိတ်-တည်းဟူသော ဣနြေ္ဒ(၆)ပါး၊ ဒွါရ(၆)ပါးကို လုံခြုံအောင် စောင့်စည်းနိုင်သွားတဲ့ အတွက်ကြောင့် ဘာဖြစ်သွားကြပါသလဲ ... ရဟန္တာ ဖြစ်သွားကြပေတယ်။
အဲဒီမှာ မြတ်စွာဘုရား ဥပမာနဲ့ ဟောကြားပါတယ်။ မြို့နယ်မြေရယ်၊ သူပုန်သူကန် ခိုးသားဓားပြတွေရယ်၊ အစောင့်စစ်သားတွေရယ်လို့ ဘယ်နှစ်မျိုး ရှိပါသလဲ ... သုံးမျိုးရှိပေတယ်။ အဲဒီလို့ပါပဲ။ မိမိတို့ရဲ့ သန္တာန်မှာလည်း မြို့နယ်မြေနဲ့တူတဲ့ အတွင်း အဇ္ဈတ္တိ ကာယတန(၆)ပါး။ သူခိုး သူပုန် ဓားပြတွေနဲ့တူတဲ့ အဆင်းရူပါရုံ၊ အသံသဒ္ဒါရုံ၊ အနံ့ဂန္ဓာရုံ၊ အရသာရသာရုံ၊ အတွေ့အထိဖောဋ္ဌဗ္ဗာရုံ၊ သဘောဓမ္မာရုံ-ဆိုတဲ့ ဗာဟိရာယတနာ (၆)ပါး။ အစောင့်စစ်သားတွေနဲ့တူတဲ့ သတိပဋ္ဌာန်တရား(၄)ပါး ရှိနေပေတယ်။

ယောဂီများမှာ ရှိနေတဲ့ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ စိတ်အကြည်ဆိုတဲ့ အကြည်ဓာတ်(၆)ဖြာကတော့ သူပုန်သူကန်တွေ လုယက်ဖျက်ဆိးရာ မြို့နယ်မြေတွေနဲ့ တူပေတယ်။

ဆောင်ပုဒ်။ ။ အတွင်းခြောက်ထွေ၊ မြို့နယ်မြေ၊ တူလေဥပမာ။

မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ စိတ်အကြည်-ဆိုတဲ့ အကြည်ဓာတ်(၆)ဖြာက သူပုန်သူကန်တွေ လုယက်ဖျက်ဆီးရာ မြို့နယ်မြေနဲ့ တူတယ်ဟု ဆိုလိုပါတယ်။

အဆင်းရူပါရုံ၊ အသံသဒ္ဒါရုံ၊ အနံ့ဂန္ဓာရုံ၊ အရသာရသာရုံ၊ အတွေ့အထိဖောဋ္ဌဗ္ဗာရုံ၊ သဘောဓမ္မာရုံဆိုတဲ့ ဗာဟိရာတန(၆)ပါးကတော့ ခိုးသား ဓားပြ သုပုန် သူုကန်တွေနဲ့ တူပေတယ်။

ဆောင်ပုဒ်။ ။ အပြင်ခြောက်ထွေ၊ ခိုးသားတွေ၊ တူလေဥပမာ။

အာရုံ(၆)ပါးကတော့ ခိုးသားဓားပြတွေနဲ့ တူတယ်။ ခိုးသားဓားပြတွေ မြို့နယ်မြေ ဝင်လာပြီးတော့ လုယက်ဖျက်ဆီး၊ လူတွေကို သတ်ဖြတ်၊ မီးတွေရှို့သွား၊ ဖျက်ဆီးသွားကြသလို အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာမှာ ရောက်လာပြီး တိုက်တဲ့အခါ ကုသိုလ်တွေ ဖြစ်ခွင့်မရအောင် ကုသိုလ်တွေကို လုယက်ဖျက်ဆီးသွားကြတယ်။ မရှုမှတ်နိုင်လို့ရှိရင် ဘာတွေလာဖြစ်သလဲ ... အကုသိုလ်တွေ ဖြစ်လာပေတယ်။ ဒါကြောင့် အာရုံ(၆)ပါးဟာ ဘာနဲ့တူသလဲဆိုရင် ခိုးသားဓားပြတွေနဲ့ တူတယ်။

စင်စစ်တော့ အာရုံ(၆)ပါးက တကယ်လုယက်ဖျက်ဆီးနိုင်တာ မဟုတ်ဘူး။ အာရုံ(၆)ပါးကြောင့် မိမိသန္တာန်မှာ ဖြစ်တဲ့ လောဘ ဒေါသ မောဟတွေက ကုသိုလ်တွေကို ဖျက်ဆီးလိုက်တာပဲ ဖြစ်ပေတယ်။

အာရုံ(၆)ပါးကြောင့် ဖြစ်တဲ့ လောဘ ဒေါသ မောဟတွေက ဖျက်ဆီးတာကိုပဲ အာရုံ(၆)ပါးမှာ တင်စားပြီး မိန့်ကြားတဲ့ တရားတော်ဖြစ်တယ်။ အကျိုး လောဘ ဒေါသ မောဟတို့ရဲ့ အမည်ကို အကြောင်းအာရုံ(၆)ပါး၌ တင်စားပြီးတော့ အကြောင်းအာရုံ(၆)ပါးကိုပင် ခိုးသားဓားပြလို့ ဖလူပစာအားဖြင့် မိန့်ကြားတဲ့ တရားတော်ဖြစ်တယ်။

သတိပဋ္ဌာန်တရား(၄)ပါးကတော့ ဘာနဲ့တူပါသလဲ ... မြို့စောင့်စစ်သားတွေ၊ လက်နက်ကိုင် စစ်သားတွေနဲ့ တူပေတယ်။ အာရုံ(၆)ပါးက ဒွါရ(၆)ပါး အကြည်ဓာတ်(၆)ဖြာကို လာတိုက်တဲ့အခါ 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' 'ကြံစည်တယ်၊ စိတ်ကူးတယ်'လို့ မရှုမှတ်ပါဘူးလား .... ရှုမှတ်ရပေတယ်။ ဘာနဲ့ရှုမှတ်ရတာလဲ ... သတိပဋ္ဌာန်တရားနဲ့ ရှုမှတ်ရပေတယ်။ သတိပဋ္ဌာန်တရား(၄)ပါးက အစောင့်စစ်သား မြို့စောင့်တွေနဲ့ တူပေတယ်။

ဆောင်ပုဒ်။ ။ သတိပဋ္ဌာန်ပေ၊ မြို့စောင့်တွေ၊ တူလေ ဥပမာ။

ဤကဲ့သို့ အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာဟူသော ဒွါရ(၆)ပါး၌ လာတိုက်သောအခါ သတိပဋ္ဌာန်တရား(၄)ပါးဖြင့် 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' 'ကြံစည်တယ်၊ စိတ်ကူးတယ်'ဟု ရှုမှတ်နိုင်၍ ဒွါရ(၆)ပါးလုံး လုံခြုံသွားသောအခါ မိမိတို့ အလိုရှိအပ် တောင့်တအပ်သော ဆင်းရဲခပ်သိမ်း ချူပ်ငြိမ်းရာဖြစ်သည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြမည် ဖြစ်ပေတယ်။

ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ အာရမ္မဏပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း..။

ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။

သာဓု ... သာဓု ... သာဓု ။

ဆက်ရန် ... အဓိပတိပစ္စည်းသို့...

2 comments:

madduxnabers said... @ March 5, 2022 at 6:02 AM

The titanium vs steel - TITanium Art
I made a piece of copper, called the tionerium, titanium bolts that made titanium band rings it look more titanium solvent trap monocore and 2020 escape titanium more beautiful than titanium chloride the tionerium. It has a solid titanium core that is ideal for

Unknown said... @ August 12, 2022 at 4:31 AM

l624x6affws366 bulk sex dolls,horse dildo,dildos,wolf dildo,women sexy toys,couples sexy toys,women sexy toys,sex toys,dog dildo q650l8hhizq815

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်