ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အဓိပတိပစ္စည်း - ၃ (ဃ)

အဓိပတိပစ္စည်း - ၃ (ဃ)

စူဠသောတာပန်ဖြစ်ပုံ

ဣမိနာ ပန ဉာဏေန သမန္နာဂတော
ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော၊
နိယတဂတိကော စူဠသောတာပန္နောနာမ ဟောတိ။ (ဝိသုဒ္ဓိမဂ်)

ဣမိနာ ပန ဉာဏေန = ဤသို့ အကြောင်းနှင့် အကျိုးကိုသာ ပစ္စယပရိဂ္ဂဟဉာဏ်နှင့်၊ သမန္နာဂတော = ပြည့်စုံသော၊ ဝိပဿကော = ဝိပဿနာတရား အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်၊ ဗုဒ္ဓသာသနေ = မြတ်စွာဘုရား၏ သာသနာတော်မြတ်၌၊ လဒ္ဓဿာသော = ရအပ်သော သက်သာရာရှိသည်ဖြစ်၍၊ လဒ္ဓပတိဋ္ဌော = ရအပ်သော ထောက်ရာတည်ရာရှိသည်ဖြစ်၍၊ နိယတဂတိကော = အငယ်စား သောတာပန်မည်သည်၊ ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း ....။
သာဓု ... သာဓု ... သာဓု ။

အကြောင်းနှင့် အကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရောက်အောင် ဝိပဿနာတရား ရှုမှတ်ပွားများ အားထုတ်လိုတဲ့ ယောဂီပုဂ္ဂိုလ်သည် မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ထောက်ရာတည်ရာ ရသွားပြီ ဖြစ်တယ်။ သာသနာနဲ့ တွေ့ရကျိုးနပ်သွားပါပြီ။ လူဖြစ်ရကျိုး နပ်သွားပြီ ဖြစ်တယ်။

"လဒ္ဓဿာသော = ရအပ်သော သက်သာရာရှိသည်ဖြစ်၍၊ လဒ္ဓပတိကော = ရအပ်သော ထောက်ရာတည်ရာရှိသည်ဖြစ်၍၊ နိယတဂတိကော = ကောင်းမြတ်သော သုဂတိဘဝမြဲသော"။ သုဂတိဘဝ မြဲသွားပါပြီ။ ထောက်တည်ရာရသွားပြီ။ ပုထုဇဉ်ဘဝဆိုတာ ထောက်ရာတည်ရာ မရှိပါဘူး။ သူတစ်ပါးတွေ ပြောလို့ရှိရင် ဟုတ်သလိုလို၊ ဟုတ်သလိုလိုနဲ့ ယုံနေတတ်ပါတယ်။

ဝိပဿနာဉာဏ် မရှိတဲ့ပုဂ္ဂိုလ်တွေမှာ တစ်ပါးသောပုဂ္ဂိုလ်တွေက အပြောကောင်း၊ အဟောကောင်းလို့ အပြောကောင်း အဟောကောင်းတာတွေကို ကြားရတော့ ဟုတ်တော့မလိုလို၊ ဟုတ်တော့မလိုလိုနဲ့ ထောက်တည်ရာ မရသလို စိတ်ဟာ မခိုင်မြဲဘူး။ သက်သာရာလည်း မရဘူး။ အခုတော့ အဲဒီလို မဟုတ်တော့ပေဘူး။ ထောက်ရာတည်ရာ ရသွားပြီ။ ဘယ်လောက်ပဲ အပြောကောင်း အဟောကောင်းတဲ့ ပုဂ္ဂိုလ်က ပြောပြော ဟောဟော မြတ်စွာဘုရားဒေသနာနဲ့ မကိုက်ညီရင်တော့ ယုံကို မယုံတော့ပေဘူး။

မြတ်စွာဘုရားလက်ထက်တော်အခါက အယူအဆ ဝါဒအမျိုးမျိုးတွေ၊ တိတ္ထိအမျိုးမျိုးတွေ ရှိခဲ့ကြတယ်။ အဟေတုကဒိဋ္ဌိ - ဆိုတာ ရှိခဲ့တယ်။ ပုဂ္ဂိုလ်သတ္တဝါတွေ ချမ်းသာတယ်။ ဆင်းရဲတယ်ဆိုတာ အကြောင်းမရှိဘူး။ အလိုလို ချမ်းသာတယ်၊ အလိုလို ဆင်းရဲတယ် - ဟူ၍ အယူရှိကြတယ်။ အဲဒီ အယူဝါဒမျိုးတွေကိုလည်း ဘယ်လောက်ပြောပြော ဘယ်လောက်ဟောဟော မယုံတော့ပေဘူး။

ကိုယ့်ခန္ဓာမှာ အကြောင်းနဲ့ အကျိုးကို ကိုယ်တိုင်တွေ့နေရတယ်။ ကိုယ့်စိတ်က စိတ်ကောင်း စိတ်မြတ်တွေ ဖြစ်နေလို့ရှိရင် ကောင်းတဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေဖြစ်လို့ ကောင်းကျိုးတွေ ခံစားရတာ ဒီဉာဏ်အဆင့်ရောက်တော့ ပိုသိရပါတယ်။ စိတ်ဆိုးစိတ်ညံ့ကြီးတွေ ဖြစ်သွားလို့ရှိရင် မကောင်းတဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေဖြစ်လို့ မကောင်းတဲ့အကျိုးတရားတွေ၊ မကောင်းတဲ့ အပြစ်ဒဏ်တွေ ခံရတာ ကိုယ်ကိုယ်တိုင် တွေ့ရလို့ ပိုပြီးတော့ သိတယ်။ ဒီတော့ ချမ်းသာ ဆင်းရဲတွေ သုခ ဒုက္ခတွေ အလိုလို ဖြစ်တယ်ဆိုတာ မယုံတော့ပါဘူး။ ဘယ်လောက်ပဲ ဟောဟော ပြောပြော မတုန်လှုပ်တော့ပါဘူး။ ထောက်ရာတည်ရာ ရသွားပြီ။ သက်သာရာလည်း ရသွားပြီ။ အို ... မဟုတ်တဲ့ ဝါဒတွေ ဘာမှ အလေးဂရု မပြုတော့ သက်သာပါတယ်။ သက်သာရာ ရနေပြီ၊ ထောက်ရာတည်ရာ ရသွားပြီ ဖြစ်တယ်။

နောက်တစ်ခါ ဝိသမဟေတုဒိဋ္ဌိ - ဆိုတာလည်း ရှိတယ်။ ဝိသမဟေတုဒိဋ္ဌိ-ဆိုတာ အကြောင်းနှင့် အကျိုး မညီမျှတဲ့ အယူဝါဒ ဖြစ်တယ်။ ဖန်ဆင်းဝါဒလို့ ခေါ်တယ်။ လူတွေကို ပုဂ္ဂိုလ်သတ္တဝါတွေကို ဗြဟ္မာ ဗိဿနိုး ကောင်းကင်ဘုံ ဘုရားစတဲ့ ပုဂ္ဂိုလ်တွေက ဖန်ဆင်းထားတယ်လို့ ယူဆတဲ့ အယူဝါဒ ဖြစ်တယ်။

ဖန်ဆင်းတာက မေတ္တာ၊ ကရုဏာရှင်တွေ ဖြစ်တော့ အကောင်းချည်းပဲ ဖန်ဆင်းလိုက်တာပါပဲ။ လူတွေဖြစ်လာတော့ အကုန်လုံး အကောင်းချည်းပဲ ဖြစ်လာပါသလား ... မဖြစ်လာပေဘူး။ အမျိုးမျိုး ဖြစ်လာတယ်။ သူတို့ ဖန်ဆင်းတာကတော့ အဖက်ဖက်က ပြည့်စုံအောင် ဖန်ဆင်းတာပဲ။ မေတ္တာရှင် ကရုဏာရှင်ဆိုတော့ မကောင်းအောင်တော့ မဖန်ဆင်းပေဘူး။ ကောင်းအောင် ဖန်ဆင်းတယ်။ ဖန်ဆင်းတာက အကြောင်း၊ လူတွေ ပုဂ္ဂိုလ်သတ္တဝါတွေ လာဖြစ်တာက အကျိုး။ အကျိုးတရားတွေကျတော့ အကြောင်းက ဖန်ဆင်းတဲ့အတိုင်း မဖြစ်ကြပါဘူး။

တချို့ကတော့ သိပ်ပြည့်စုံတာပဲ။ ပစ္စည်းပစ္စယတွေကလည်း ပြည့်စုံ၊ စိတ်နေစိတ်ထားကလည်း ပြည့်စုံ၊ ရုပ်ရည် အဆင်းကလည်း ပြည့်စုံ။ ဒီလို ပုဂ္ဂိုလ်မျိုးလည်း ရှိကြပါတယ်။

တချို့တချို့သော ပုဂ္ဂိုလ်တွေက အသင့်အတင့်ပဲ ပြည့်စုံတယ်။ ပစ္စည်းပစ္စယတွေကလည်း အသင့်အတင့်ပဲ။ စိတ်နေစိတ်ထားကလည်း အသင့်အတင့်ပဲ။ ရုပ်ရည်အဆင်းကလည်း အသင့်အတင့်ပဲ။ အဲဒီလို ပုဂ္ဂိုလ်လည်း ရှိတတ်ပါတယ်။

တချို့တချို့သော ပုဂ္ဂိုလ်များကျတော့ လုံးဝ မပြည့်စုံရှာပေဘူး။ ပစ္စည်းပစ္စယတွေကလည်း အလွန်ရှားပါး။ စိတ်နေစိတ်ထားကလည်း မမြင့်မြတ်ပေဘူး။ ရုပ်ရည်အဆင်းကလည်း မတင့်တယ်ပေဘူး။ ဒီလို ပုဂ္ဂိုလ်တွေလည်း ရှိတတ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် (၃)မျိုး၊ အနုစိတ်အားဖြင့်တော့ မတူတာတွေ အများကြီးပဲ။ အကျိုးတွေကျတော့ မတူပါဘူး။ မတူတော့ ဒီဝါဒကို ဝိသမဟေတုဒိဋ္ဌိ၊ အကြောင်းနှင့် အကျိုး မညီမျှတဲ့ ဒိဋ္ဌိတစ်မျိုးပဲလို့ ဆိုရပါတယ်။

အခုလို ပစ္စယပရိဂ္ဂဟဉာဏ်သို့ ရောက်တော့ လုံးဝမယုံကြည်တော့ပေဘူး။ ဘယ်လောက်ပဲ ပြောပြော၊ ဘယ်လောက်ပဲ ဟောဟော ဖန်ဆင်းတယ် ဆိုတာ မယုံတော့ပါဘူး။ ကိုယ်ကိုယ်တိုင် အကြောင်းနှင့် အကျိုးကို မြင်ထားတော့ ကိုယ့်စိတ်က ကောင်းရင် ကောင်းတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေဖြစ်လို့ ကောင်းကျိုးတွေ ခံစားရတာဖြစ်တယ်။

ကိုယ့်စိတ်က မကောင်းသည့် စိတ်ဆိုးစိတ်ညံ့တွေ ဖြစ်သွားတဲ့အခါ မကောင်းတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေ ဖြစ်လို့ မကောင်းတဲ့ အပြစ်ဒဏ်တွေ ခံရတာ၊ ကိုယ်ကိုယ်တိုင် တွေ့ရပါတယ်။

ယခုလို လူဖြစ်လာရတာ၊ ကောင်းကျိုးတွေနဲ့ တွေ့ရတာလည်း ဘဝါဘဝက ကောင်းတဲ့ ကုသိုလ်ကံတွေ ပြုလုပ်ခဲ့လို့ဆိုတာ မှန်းဆပြီးတော့ သိနိုင်ပါတယ်။

ဘယ်လောက်ပဲဟောဟော၊ ဘယ်လောက်ပဲပြောပြော ဖန်ဆင်းတယ်ဆိုတာ မယုံတော့ပါဘူး။ သာသနာတော်မှာ ထောက်ရာ တည်ရာ ရသွားပါပြီ။ အဲဒီလို တုန်တုန်လှုပ်လှုပ်ကို မရှိတော့ဘူး။ ဒီလို ပစ္စယပရိဂ္ဂဟဉာဏ်သို့ မရောက်သေးဘူး၊ အကြောင်းနှင့် အကျိုးကို ပိုင်ပိုင်နိုင်နိုင် မသိသေးဘူးဆိုရင် သူတို့ပြောတာ ဟုတ်များဟုတ်နေမလား၊ ဟုတ်များဟုတ်နေမလားနဲ့ တုန်တုန်လှုပ်လှုပ် ဖြစ်နေတော့ သက်သာပါရဲ့လား ... မသက်သာပေဘူး။ အခုတော့ ထောက်ရာတည်ရာ ရသွားပြီ၊ သက်သာရာ ရသွားပြီ ဖြစ်တယ်။

"လဒ္ဓဿာသော = ရအပ်သော သက်သာရာရှိသည် ဖြစ်၍၊ လဒ္ဓပတိဋ္ဌော = ရအပ်သော ထောက်ရာ တည်ရာရှိသည် ဖြစ်၍၊ နိယတဂတိကော = ကောင်းမြတ်သော သုဂတိဘဝမြဲသော၊ စူဠသောတာပန္နောနာမ = အငယ်စား သောတာပန်မည်သည်၊ ဟောတိ = ဖြစ်၏ ။" အငယ်စား သောတာပန် ဖြစ်သွားပြီ။ အကြောင်းနှင့် အကျိုးကို သိထားတော့ ကောင်းတဲ့အကြောင်းကိုပဲ ပြုလုပ်မယ်။ မကောင်းတဲ့ အကြောင်းကို မပြုလုပ်တော့ဘူး။ မကောင်းတဲ့ အကြောင်းတွေကို ရှောင်နိုင်သမျှ ရှောင်တော့ ကုသိုလ်တရားတွေက တိုးပွား၊ အကုသိုလ်တရားတွေက နည်းပါးတော့ ထိုပုဂ္ဂိုလ် အပါယ်ငရဲ မကျနိုင်တော့ပေဘူး။ စူဠသောတာပန် ဖြစ်သွားပြီ။

"လဒ္ဓဿာသော = ရအပ်သော သက်သာရာရှိသည် ဖြစ်၍၊ လဒ္ဓပတိဋ္ဌော = ရအပ်သော ထောက်ရာတည်ရာရှိသည် ဖြစ်၍" ထောက်ရာတည်ရာ သာသနာတော်မှာ ရသွားပြီလို့ အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ တကယ်တမ်း ထောက်ရာတည်ရာတွေကတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေမှ ထောက်ရာတည်ရာ ဖြစ်တယ်။ သာသနာတော်မှာ၊ သံသရာမှာ ထောက်ရာတည်ရာ ရတာဖြစ်တယ်။ အဘယ်ကြောင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ထောက်ရာတည်ရာ ရပြီဟု အဋ္ဌကထာဆရာတွေက ဖွင့်ပြရသလဲဆိုတော့ အကျိုး၏ အမည်ကို အကြောင်းမှာ တင်စားပြီး ဖွင့်ပြတာ ဖြစ်တယ်။

ပစ္စယပရိဂ္ဂဟဉာဏ်ရပြီးတဲ့ပုဂ္ဂိုလ် ဆက်ကာ ဆက်ကာ အားထုတ်လိုက်တဲ့အခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့လည်း ရောက်တော့မှာ ဧကန်စင်စစ် ဖြစ်တဲ့အတွက်ကြောင့် အကျိုးဖြစ်သည့်၊ ထောက်ရာတည်ရာ အစစ်ဖြစ်တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ရဲ့ အမည်ကို အကြောင်းပစ္စယပရိဂ္ဂဟဉာဏ်မှာ တင်စားပြီးတော့ ပစ္စယပရိဂ္ဂဟဉာဏ်ကိုပဲ ထောက်ရာတည်ရာ ရပြီလို့ ဖလူပစာအားဖြင့် မိန့်ကြားတဲ့ စကားဖြစ်တယ်။ နေရာကျပါတယ်။ အားရှိစရာပါပဲ။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက်ဖို့ရာ သေချာသလောက် ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

ပစ္စယပရိဂ္ဂဟဉာဏ်ပြီးတော့ သမ္မသနဉာဏ်ရောက်၊ ဥဒယဗ္ဗယဉာဏ်ရောက်၊ ဘင်္ဂဉာဏ်၊ ဘဝဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခဉာဏ်ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ၊ ယောဂီများ ကောင်းမှုတွေပြုတိုင်း ပြုတိုင်း ဆုတောင်းခဲ့တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရောက်သွားတယ်။ အပ္ပါယ်တံခါးပိတ် နိဗ္ဗာန်ကို မြင်သွားပါတယ်။ ဘယ်တရားအားထုတ်လို့ မြင်သွားတာပါသလဲ ... ဝိပဿနာတရားအားထုတ်လို့ မြင်သွားပါပေတယ်။ အဓိပတိထိုက်တဲ့ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်လို့ နိဗ္ဗာန်ကို မျက်မှောက်ပြုသောအားဖြင့် ရောက်သွားပါတယ်။ တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ် ဖြစ်တယ်။

မြတ်စွာဘုရားက -
"ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ
ယဒိဒံ စတ္တာရော သတိပဋ္ဌာန"

ယဒိဒံ = ယေဣမေ စတ္တာရော သတိပဋ္ဌာနာ = အကြင် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ-တည်းဟူသော သတိပဋ္ဌာန်တရားလေးပါးတို့သည်၊ သန္တိ = ရှိကြကုန်၏ ။ အယံ = ဤကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ-တည်းဟူသော သတိပဋ္ဌာန်တရားလေးပါး အကျင့်လမ်းစဉ်သည်၊ ဉာယဿ = အပါယ်တံခါးကို ပိတ်စေတတ်သော အရိယာမဂ် အရိယာဖိုလ်ကို၊ အဓိဂမာယ = ရစေခြင်းငှာ၊ ဧကာယနော မဂ္ဂေါ = နှစ်ကြောင်းမကွဲ တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ်ပေတည်း။ နိဗ္ဗာနဿ = နိဗ္ဗာန်ချမ်းသာကို၊ သစ္ဆိကိရိယာယ = မျက်မှောက်ပြုခြင်းငှာ၊ ဧကာယနော မဂ္ဂေါ = နှစ်ကြောင်းမကွဲ တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ်ပေတည်း။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ။

ယခုယောဂီတို့ ကျင့်ကြံ အားထုတ်နေတဲ့ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ-တည်းဟူသော သတိပဋ္ဌာန်တရားလေးပါး အကျင့်လမ်းစဉ်သည် အပါယ်တံခါး ပိတ်စေနိုင်တဲ့ အရိယာမဂ်တွေ ရဖို့ရာ တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ် ဖြစ်တယ်။ ကောင်းမှုတွေ ပြုတိုင်း ပြုတိုင်း ဆုတောင်းခဲ့တဲ့ ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်ဖို့ရာလည်း တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ် ဖြစ်တယ်။ လမ်းကွဲ လမ်းမွှာ မရှိတော့ပါဘူး။

သတိပဋ္ဌာန်ဝိပဿနာတရားတွေ အားထုတ်နေလို့ အပါယ်သံသရာမှ လွတ်မှလွတ်ပါ့မလား၊ အပါယ်ဘုံဘဝများ ပြန်ရောက်သွားရဦးမလား၊ စိတ်ထဲမှာကို သံသယ မရှိပါနဲ့တော့။ သတိပဋ္ဌာန်ဝိပဿနာတရား အားထုတ်နေရတာ နိဗ္ဗာန်ချမ်းသာသို့ ရောက်မှရောက်နိုင်ပါ့မလား၊ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်သို့များ ပြန်ပြီးတော့ ရောက်နေဦးမလား၊ စိတ်ထဲမှာ ယုံမှား သံသယ မရှိပါနဲ့တော့တဲ့။ တစ်ကြောင်းတည်းသော အကျင့်လမ်းစဉ် ဘယ်သူမိန့်ကြားတာပါလဲ၊ မြတ်စွာဘုရား မိန့်ကြားတာဖြစ်တယ်။ တစ်ခွန်းတည်းသော စကားဖြစ်တယ်။ ယုံယုံကြည်ကြည် အားထုတ်ပေတော့။

ဆောင်ပုဒ်။ ။ အရိယာမဂ်တွေ၊ ရလိုပေ၊ ကျင့်လေသတိပဋ္ဌာန်။
နိဗ္ဗာန်မသွေ၊ ရောက်လိုပေ၊ ကျင့်လေသတိပဋ္ဌာန်။

ယောဂီတို့သည် ယုံကြည်အားကိုးလို့ အချိန်ရသမျှ သတိပဋ္ဌာန်ဝိပဿနာတရားတွေ ကျင့်ကြံအားထုတ်နေတာဖြစ်တယ်။ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။ အဓိပတိထိုက်တဲ့တရားတွေ ကျင့်ကြံ အားထုတ်နေရတာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။ အဲဒီလို အားထုတ်လို့ နိဗ္ဗာန်ချမ်းသာကို ရောက်သွားတဲ့ သာဓကလေးတစ်ခုကို ဟောကြားပြီးတော့ တရားအဆုံးသတ်ပါ့မယ်။

လူ့ပြည်က စိတ္တာဓိပတိထိုက်နေတဲ့စိတ် နတ်ပြည်ထိအောင် ပါသွားပုံ

တစ်ချိန်သောအခါ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတယ်။ သာဝတ္ထိပြည်သား အမျိုးကောင်းသားတစ်ယောက် သံသရာရဲ့ အပြစ်တွေ မြင်ပြီးတော့၊ လူ့ဘောင်လူ့လောကရဲ့ အပြစ်တွေမြင်ပြီးတော့ သာသနာ့ဘောင်ဝင်၍၊ ရဟန်းတရားတွေ အားထုတ်ဖို့ရာ ဝိနည်းသိက္ခာပုဒ်တွေ သင်ကြားတယ်။ တတ်မြောက်သွား၍ ငါးဝါရတဲ့အခါ တောထွက်ပြီးတော့ တရားအားထုတ်တယ်။ မြတ်စွာဘုရားထံက ကမ္မဋ္ဌာန်းတရားတွေ တောင်းယူပြီးတော့ တရားအားထုတ်တယ်။

မြတ်စွာဘုရားက ဣရိယာပုထ်လေးပါး - သွားခြင်းဣရိယာပုထ်၊ ရပ်ခြင်းဣရိယာပုထ်၊ ထိုင်ခြင်းဣရိယာပုထ်၊ လျောင်းခြင်းဣရိယာပုထ်နှင့် အားထုတ်ရမယ်လို့ မှာကြားလိုက်တယ်။ အားထုတ်တဲ့အခါကျတော့ လျောင်းတဲ့ဣရိယာပုထ်နဲ့ အားထုတ်ရင် တရားတွေ အတွေ့နှေးတယ်။ တရားတွေ အတက်နှေးတယ်ဆိုပြီးတော့ ရဟန်းတော်က လျောင်းခြင်း (အိပ်ခြင်း) ဣရိယာပုထ်ကို မထားတော့ဘူး။ ကျန်တဲ့ ဣရိယာပုထ်တွေနဲ့ ကြိုးကြိုးစားစား အားထုတ်တယ်။ မအိပ်ပဲနဲ့ အားထုတ်တော့ အားအင်တွေ ကုန်ခန်းပြီး တစ်နေ့သောအခါ လေဖြတ်ပြီးတော့ ပျံလွန်တော်မူသွားတယ်။

ပျံလွန်တော်မူသွားတော့ ဘယ်ရောက်သွားသလဲဆိုတော့ နတ်ပြည်ရောက်သွားတယ်။ တာဝတိံသာ ရောက်သွားတယ်။ တာဝတိံသာနတ်ပြည် ရောက်သွားပြီး သူ့နတ်ဗိမာန်ထဲမှာ နတ်သားကြီး သွားဖြစ်နေတယ်။ နတ်သားသွားဖြစ်နေတာ သူမသိပါဘူး။ နတ်သမီးတစ်ထောင်လာပြီး နတ်တူရိယာတွေ ကိုင်ပြီး လာဝန်းရံတော့ လူ့ဘဝ၊ ရဟန်းဘဝမှာပဲ ရှိနေသေးတယ်လို့ ထင်ပြီးတော့ နတ်ရဲ့ အပေါ်ရုံကို သင်္ကန်းလို ပြင်ခြုံတယ်။ စက္ခုနြေ္ဒကို အထူးချထားလိုက်တယ်။

အမျိုးသမီးတွေ ကျောင်းစဉ်လှည့်လည်ပြီး လိုက်ကြည့်နေကြတယ် ထင်တာနဲ့ သူ့ရဲ့ ကမ္မဋ္ဌာန်းအမှတ်တွေ ပျက်သွားမှာစိုးတာနဲ့ နတ်ရဲ့ ကိုယ်ရုံကြီးကို သင်္ကန်းလိုခြုံ၊ စက္ခုနြေ္ဒကို ပိုပြီးတော့ ချထားတယ်။ နတ်သမီးတွေက သိသွားတယ်။ အင်း... ဒီနတ်သားကြီးကတော့ ရဟန်းဘဝက ရောက်လာတာပဲ။ သိအောင်တော့ ပြောမှ ဖြစ်တော့မယ်။

"အမောင်နတ်သား ... နတ်ပြည်ဆိုတာ ရဟန်းတရားအားထုတ်ဖို့ရာ နေရာမဟုတ်ပါဘူး။ နတ်ရဲ့စည်းစိမ်တွေကို ခံစားစံစားဖို့ရာ နေရာဖြစ်ပါတယ်။" "အို ... ဒီအမျိုးသမီးတွေ ဘာတွေပြောနေတာလဲ၊ အနှောင့်အယှက်တွေ ဖြစ်တယ်"လို့ ထင်ပြီးတော့ စက္ခုနြေ္ဒကို ပိုပြီး ချထားလိုက်တယ်တဲ့။

နတ်ပြည်ရောက်သွားတာတောင်မှ ရဟန်းရဲ့စိတ်၊ တရားအားထုတ်တဲ့ စိတ်တွေ မပျောက်ပါဘူး။ စိတ္တာဓိပတိ ထိုက်နေပါတယ်။ မအိပ်မနေ အားထုတ်တာ ဆန္ဒပြင်းပြပါတယ်။ ဆန္ဒာဓိပတိ ထိုက်နေပါတယ်။ စိတ္တာဓိပတိ - ဘဝပြောင်းသွား၊ နတ်ဖြစ်သွားတာတောင်မှ ဒီစိတ်ဟာ ဆောင်တည်ထားတာ ရှိနေပါတယ်။ ယောဂီများလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ နတ်သမီးတွေကို မြင်ရပေမယ့် မမြင်တဲ့ပုဂ္ဂိုလ်လို ဖြစ်သွားပါတယ်။ နတ်သမီးတွေလိုတော့ မသိပါဘူး။

ဆောင်ပုဒ်။ ။ မျက်စိအမြင်၊ ကောင်းသူပင်၊ မမြင်ကန်းပမာ။

နတ်သမီးတွေပဲလို့ မသိဘူး၊ ကန်းနေတဲ့သူနဲ့ တူနေပါတယ်။ လူ့ပြည်က ဆောက်တည်သွားတဲ့စိတ်၊ စိတ္တာဓိပတိ ထိုက်နေပါတယ်။ိ"အမောင်နတ်သား ... နတ်ပြည်ဆိုတာ ရဟန်းတရားအားထုတ်ဖို့ရာ နေရာမဟုတ်ပါဘူး။ နတ်ရဲ့စည်းစိမ်တွေကို ခံစားစံစားဖို့ရာ နေရာဖြစ်ပါတယ်။" ဆိုတာလည်း ကြားမှကြားရဲ့လား။ ကွဲကွဲပြားပြား မကြားဘူးတဲ့။

ဆောင်ပုဒ်။ ။ နားအကြားတွင်၊ ကောင်းသူပင်၊ နားလျှင် ပင်းပမာ။

လူ့ပြည်က စိတ္တာဓိပတိထိုက်နေတဲ့စိတ် နတ်ပြည်ထိအောင် ပါသွားပါတယ်။ ယောဂီများလည်း ပါသွားအောင် ကြိုးစားရပါမယ်။ နတ်သမီးတွေက မဖြစ်ချေဘူး၊ ဒီအတိုင်းတော့ နားမလည်ဘူး။ တူရိယာတွေနဲ့ တီးကြ၊ မှုတ်ကြ၊ ကကြ အဲဒီလို လုပ်ပြန်တော့လည်း ပိုပြီးတော့ စက္ခုနြေ္ဒ ချပြန်တယ်တဲ့။

ဒီတော့ မဖြစ်ချေတော့ဘူး၊ သိအောင်တော့ လုပ်ရမယ်ဆိုပြီးတော့ ကိုယ်လုံးပေါ်မှန်ကြီးကို ယူသွားပြီးတော့ နတ်သားရှေ့မှာ သွားချပေးလိုက်တယ်။ ကြည့်လိုက်တဲ့အခါကျမှ အို ... နတ်သားကြီး ဖြစ်နေပါပကော- ရဟန်းလည်း မဟုတ်တော့ပေဘူး။ စိတ်ဓာတ်တွေ အလွန်ကျဆင်းသွားတယ်။ နိဗ္ဗာန်ကို လိုချင်လို့ သတိပဋ္ဌာန်ဝိပဿာနာတရားတွေ ကြိုးကြိုးစားစား အားထုတ်တာ ဘာကြောင့် နတ်ပြည်ရောက်လာတာပါသလဲဟု အလွန်စိတ်ဓာတ်တွေ ကျသွားပါတယ်တဲ့။

ရွှေတံဆိပ်လိုချင်လို့ လက်ဝှေ့ပွဲ ဝင်ပြီးတော့ လက်ဝှေ့ထိုးလိုက်တာ ရတော့ မုန်လာဥတစ်စည်း ရသလောက်ပဲ။ အဲဒီလို ဖြစ်သွားတယ်။ ဗိမာန်ထဲလည်း မဝင်တော့ပေဘူး။ မြတ်စွာဘုရားရှိရာသို့ နတ်ပြည်မှ ဆင်းလာခဲ့တယ်။ မြတ်စွာဘုရားထံ ရောက်လာတဲ့အခါ မြတ်စွာဘုရားကို လျှောက်ထားပါတယ်။

ဆက်ရန် ... အဓိပတိ - ၃ (င) သို့

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်