ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အဓိပတိပစ္စည်း - ၃ (ဂ)

အဓိပတိပစ္စည်း - ၃ (ဂ)

ဝိပဿနာအရာတွင် ပရမတ်ကို ရှုပုံ

ဝိပဿနာအရာတွင် ပရမတ်ကို မှတ်ရပါတယ်။ ပညတ်ကို မှတ်တာများနေရင် သမထဆန်နေလို့ တရားသာမှတ်လို့ ကောင်းနေတယ်။ တရားအတွေ့ နှေးနေတတ်ပါတယ်။ ဝိပဿနာတရားအားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း တရားအတွေ့ မနှေးချင်ကြပေဘူး။ မြန်မြန်တွေ့ချင်ကြပေတယ်။ ပညတ်ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှခွာ၊ ပရမတ်သဘောကိုတော့ သိနိုင်သမျှ သိအောင် စူးစိုက်ရပါတယ်။

ဆောင်ပုဒ်။ ။ ပညတ်ကိုခွာ၊ ပရမတ်သာ၊ မှန်စွာရှုရမည် ။

ပညတ်ပုံသဏ္ဌာန်ဖြစ်တဲ့ ဝမ်းဗိုက်ပုံသဏ္ဌာန်ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ဖောင်းတဲ့အခါ တောင့်တင်း တွန်းကန်တဲ့သဘော၊ ပိန်တဲ့အခါ လျော့သွားတဲ့သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။

ကြွတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ အပေါ်သို့ တစ်ရွှေ့ပြီးတစ်ရွှေ့၊ ရွှေ့တက်သွားတဲ့သဘောကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။ လှမ်းတယ်လို့ မှတ်တဲ့အခါမှာ ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ရှေ့သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့သွားတဲ့သဘောကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။ ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ အောက်သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ကျသွားတဲ့သဘောကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။

ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးက ပညတ်ပဲ။ ဝိပဿနာရှုဖို့ရာ မဟုတ်ဘူး။ ရွေ့နေတဲ့သဘောက ပရမတ်ပဲ။ သူ့ကိုတော့ သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။ ကြွတယ်လို့ မှတ်တဲ့အခါ ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကိုလည်း ခွာလို့ရသွားပြီ၊ အပေါ်ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့တက်တဲ့ သဘောလေးကိုလည်း သိအောင် စူးစိုက်လို့ ရသွားပြီ၊ အဆင့်ဆင့်ရွေ့နေတဲ့အစဉ် သန္တတိပစ္စုပ္ပန်ကိုလည်း မီအောင် မှတ်တတ်သွားပြီဆိုရင်၊ အပေါ်ကို ရွေ့ရွေ့ပြီးတက်သွားတာကို သိပြီးတဲ့အပြင် ပေါ့ပေါ့ပြီး တက်သွားတာကိုလည်း တွေ့ရလိမ့်မယ်။

လှမ်းတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကိုလည်း ခွာလို့ရသွားပြီ၊ ရွေ့နေတဲ့သဘောလေးကိုလည်း သိအောင် စူးစိုက်လို့ ရသွားပြီ၊ ရွေ့နေတဲ့အစဉ် သန္တတိပစ္စုပ္ပန်ကို မီအောင် မှတ်တတ်သွားပြီးဆိုရင်၊ ရှေ့ကို ရွေ့ရွေ့သွားတာကို သိပြီးတဲ့အပြင် ပေါ့ပေါ့ပြီး ရွေ့သွားတာကို တွေ့ရလိမ့်မယ်။

ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ကြီးကို ခွာလို့လည်း ရသွားပြီ။ အောက်ကို ရွေ့ကျသွားတဲ့ သဘောကိုလည်း သိအောင် စူးစိုက်လို့ရသွားပြီ၊ ရွေ့နေတဲ့အစဉ် သန္တတိပစ္စုပ္ပန်ကိုလည်း မီအောင် မှတ်တတ်သွားပြီဆိုရင်၊ အောက်ကို ရွေ့ကျသွားတာကို သိပြီးတဲ့အပြင် လေးလေးပြီကျသွားတာကို ယောဂီများကိုယ်တိုင် တွေ့ရပါတယ်။ တရား စတွေ့သွားပြီ ဖြစ်တယ်။ ဝိပဿနာတရား အားထုတ်တဲ့အခါမှာ တရားစတွေ့ဖို့ အရေးကြီးပါတယ်။ တရားတွေ တွေ့သွားပြီးရင် တရားတက်ဖို့ရာ သိပ်မခက်တော့ပါဘူး။ ယောဂီမှာ စိတ်အားတွေ ထက်သန်ပြီးတော့ တရားတွေ တက်သွားနိုင်ပါတယ်။

ဓမ္မောစ မင်္ဂလော လောကေ၊ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော။
ဓမ္မံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

ဓမ္မောစ = တရားတော်သည်လည်းကောင်း၊ လောကေ = လောက၌၊ မင်္ဂလော = မကောင်းကျိုးတွေပျောက် ကောင်းကျိုးတွေရောက်စေတတ်သော မင်္ဂလာတစ်ပါးပါတည်း။ ဓမ္မော = တရားတော်သည်၊ ဂမ္ဘီရော = နက်နဲ၏ ၊ ဒုဒ္ဒသော = မြင်နိုင်ခဲ၏ ။ ဓမ္မံ = နက်နဲသော မြင်နိုင်ခဲသောတရားကို၊ သရဏံ = ရှုမှတ်သောအားဖြင့် ကိုးကွယ်ရာကို၊ အာဂမ္မ = အကြောင်းပြု၍၊ သဗ္ဗဒုက္ခာ = အလုံးစုံသော ဆင်းရဲဟူသမျှမှ၊ ပမုစ္စတိ = လွတ်ရ၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ။

တရားတော်ဟာ ယောဂီများအတွက် မကောင်းကျိုးတွေပျောက်ပြီး ကောင်းကျိုးအမျိုးမျိုးတွေ ရောက်စေနိုင်တဲ့ မင်္ဂလာတစ်ပါး ဖြစ်တယ်။ တရားတော်ဆိုတာ အလွန်ခက်ခဲ နက်နဲသိမ်မွေ့ပါတယ်။ အဲဒီ ခက်ခဲနက်နဲတဲ့တရားကို မြင်အောင် ရှုနိုင်ပြီဆိုရင် "သဗ္ဗဒုက္ခာ ပမုစ္စတိ" ယောဂီများအတွက် အလုံးစုံသောဒုက္ခမှ လွတ်မြောက်သွားဖို့ရာ ဖြစ်တယ်။

တေဇောနှင့် ဝါယောဓာတ် တို့၏ သဘောကို တွေ့ရပုံ

တရားတွေ စတွေ့သွားပြီ ဖြစ်တယ်။ ပေါ့ပေါ့ပြီးတော့ တက်သွားတာ၊ ပေါ့ပေါ့ပြီးတော့ ရွေ့သွားတာ၊ လေးလေးပြီးတော့ ကျသွားတာ တရားစတွေ့တာပဲ ဖြစ်တယ်။ ဘယ်တရားတွေကို တွေ့ရသလဲဆိုတော့ ပေါ့ပေါ့ပြီးတော့ အပေါ်ကို တက်သွားတာ၊ ပေါ့ပေါ့ပြီးတော့ ရှေ့ကို ရွေ့သွားတာကို တွေ့ရတာက တေဇောနဲ့ ဝါယောရဲ့ သဘောကို တွေ့ရတာဖြစ်တယ်။

ဆောင်ပုဒ်။ ။ တေ နှင့် ဝါမှာ၊ ဓာတ်နှစ်ဖြာ၊ ပေါ့တာ ထင်ရှားသည်။

တေ-က တေဇော၊ ဝါ-က ဝါယော။ တေဇောဓာတ်-က အခိုးဓာတ်၊ မီးဓာတ်၊ ပေါ့တယ် အပေါ်ကိုပဲ ရွေ့တက် လွင့်တက်တယ်။ ဝါယောဓာတ်က လေဓာတ်၊ အပေါ့ဓာတ်။ ဤအပေါ့ဓာတ်နှစ်ပါးကို တွေ့ရတာဖြစ်တယ်။ ယောဂီတို့ရဲ့ ခန္ဓာကိုယ်မှာ ထင်ရှားစွာ ဖြစ်နေတဲ့ ရုပ်တရားတွေ ဖြစ်တယ်။

ပထဝီနှင့် အာပေါဓာတ် တို့၏ သဘောကို တွေ့ရပုံ

ချလိုက်တဲ့အခါ လေးလေးပြီးကျတာကို တွေ့ရတာက ပထဝီနဲ့ အာပေါရဲ့ သဘောကို တွေ့ရတာ ဖြစ်တယ်။ ပထဝီ-က မြေဓာတ်၊ အလေးဓာတ်။ အာပေါ-က ရေဓာတ်၊ အလေးဓာတ်။ ဒီဓာတ်နှစ်ပါးကို တွေ့ရတာ ဖြစ်တယ်။

ဆောင်ပုဒ်။ ။ ပ နှင့် အာမှာ၊ ဓာတ်နှစ်ဖြာ၊ လေးတာထင်ရှားသည်။

တရား စတွေ့ရပါတယ်။ တရားတွေ တွေ့သွားလို့ရှိရင် တရားရဖို့ရာ မခဲယဉ်းတော့ပါဘူး။ မိမိ၏ ပါရမီအားလျော်စွာ ရသွားနိုင်ကြပါတယ်။

ဆင့်ကာ ဆင့်ကာ ရှုမှတ်လို့ နာမရူပပရိစ္ဆေဒဉာဏ် မှစပြီး ပစ္စယပရိဂ္ဂဟဉာဏ် ရောက်သွားတဲ့အခါ အဓိပတိပစ္စည်းတွေ၊ အဓိပတိပစ္စယုပ္ပန်တရားတွေကို ဝိပဿနာတရားရှုလို့ ရသွားပါပြီ။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရောက်သည်ရှိသော် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်လို့ မှတ်နေတဲ့အခါ ယောဂီက သိသိလာတယ်။ ဖောင်းတာ ပိန်တာတွေက ပေါ်ပေးနေလို့ မှတ်သိစိတ်တွေက ဖြစ်နေရတာပဲ။ ထိုင်တာ ထိတာတွေက ရှိနေလို့ မှတ်သိစိတ်တွေက ဖြစ်နေရတာပဲ။ ဖောင်းတာ ပိန်တာ ထိုင်တာ ထိတာတွေက အကြောင်းပဲ။ မှတ်သိစိတ်က အကျိုးပဲ။

ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတော့ ဖောင်းတာ ပိန်တာတွေကလည်း အမျိုးမျိုး ဖောင်းတာ ပိန်တာ ဖြစ်တယ်။ ကျောဘက်မျာ ကပ်ပြီးတော့ ဖောင်းတာ ပိန်တာ ဖြစ်တယ်။ ဘေးဘက်မှာလည်း ကပ်ပြီးတော့ ဖောင်းတာ ပိန်တာ ဖြစ်တယ်။ ငယ်ထိပ်မှာသွားပြီးတော့လည်း ဖောင်း ပိန်တွေ ဖြစ်နေတတ်တယ်။ အဲဒီလို ဖြစ်နေတော့ ဖောင်း ပိန်တွေ ရွှေ့သွားတိုင်း မှတ်သိစိတ်က လိုက်ပြီးတော့ မှတ်ရပါတယ်။ အော် ... ဖောင်း ပိန်ရွှေ့သွားတိုင်း မှတ်သိစိတ်က လိုက်ပြီး မှတ်သိနေရတာပဲ။ ဖောင်းနေတာ ပိန်နေတာက အကြောင်းပါလား၊ မှတ်သိစိတ်က အကျိုးပါလား။ သိသွားပါတယ်။

နောက်တော့ တစ်ဆင့် သိမ်မွေ့သွားတဲ့အခါ ဖောင်းတာ ပိန်တာတွေ မှတ်လို့ မရတော့ဘူး။ "ဖောင်းတာလည်း မရှိတော့ဘူး။ ပိန်တာလည်း မရှိတော့ဘူးဘုရား၊ ဘယ်လိုများ မှတ်ရပါ့မလဲဘုရား"ဟု လျှောက်ကြတယ်။ "ထိုင်တယ် ထိတယ်" မှတ်ရမယ်။ ဖောင်းတာ ပိန်တာတွေ မရှိတော့ "ဖောင်းတယ် ပိန်တယ်"လို့မှတ်တဲ့ မှတ်သိစိတ်လည်း မရှိတော့ဘူး။ ဖောင်းတာ ပိန်တာတွေက အကြောင်း၊ မှတ်သိစိတ်က အကျိုးဆိုတာ ထင်ရှားပါတယ်။

အဲဒီဉာဏ်ရောက်သွားတော့ ယောဂီက အမှတ်တွေလည်း စိတ်လို့ရသွားပြီ ဖြစ်တယ်။ ကမ္မဋ္ဌာန်းဆရာများကတော့ မိမိရဲ့ တာဝန်အရ တရားစဝင်ကတည်းက "ယောဂီ - အထွေထွေ အသေးစိတ်များလည်း မှတ်နိုင်သမျှ မှတ်ပါ။ ဒီတော့မှ တရားမြန်မြန်တက်မယ်။"လို့ သတိပေးစကား မိန့်ကြားရပါတယ်။ မိန့်ကြားပင် မိန့်ကြားငြားသော်လည်း တရားလာလျှောက်တဲ့အခါ "ယောဂီ ... အထွေထွေ အမှတ်တွေ မှတ်လို့ရပြီလား" "မရသေးပါဘုရား"ဟု လျှောက်ထားတယ်။ နာမရူပပရိစ္ဆေဒဉာဏ်မှာ မရသေးဘူး။ မှတ်အားက နည်းနေသေးတယ်။ သမာဓိဉာဏ် အားနည်းတော့ မှတ်လို့ မရသေးဘူး။ နောက်တစ်ဆင့်တက်ပြီး မှတ်လိုက်တဲ့အခါ ပစ္စယပရိဂ္ဂဟဉာဏ်သို့ ရောက်သွားတယ်။ အခုပြောခဲ့တဲ့ အကြောင်းနှင့် အကျိုးသိတဲ့ဉာဏ်သို့ ရောက်သွားတဲ့အခါ ယောဂီ အထူးသတိထားလို့ရှိရင် အကြောင်းနှင့် အကျိုးတွေ ကွဲနေတော့ ဘယ်လိုနေရာတွေမှာ ပိုထင်ရှားလဲဆိုရင် ဣရိယာပုထ်လေးပါးမှာ ပိုထင်ရှားတယ်။

ယခုလို တရားထိုင်ရာက ထရတော့မယ်ဆိုရင် အမြန်မထလိုက်ပါပဲနဲ့ မျက်စိကို မှိတ်ထားပြီး စိတ်က အာရုံပြုကြည့်လိုက်ရင် ထချင်တဲ့စိတ် ဖြစ်နေတာ ထင်ရှားနေပါတယ်။ အထူးသတိထားရင်တော့ ထင်ရှားတယ်။ သာမန် သတိထားရင်တော့ မထင်ရှားဘူး။ အမှတ်မပါပဲနဲ့ ထခဲ့တဲ့ အကြိမ်ပေါင်းက မြောက်များစွာ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် သာမန်သတိထားရင်တော့ မထင်ရှားပေဘူး။ အထူးသတိထားရင်တော့ ထင်ရှားပေတယ်။ "ထချင်တယ်၊ ထချင်တယ်"ဟု ရှေးဦးစွာ မှတ်ရတယ်။

ထို့နောက်မှ ထချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ လေတွေက တွန်းကန်လို့ ခန္ဓာကိုယ် အပေါ်သို့ ရွေ့ရွေ့တက်သွားတာကို "ထတယ်၊ ထတယ်"လို့ ရှုမှတ်ရပေတယ်။ လက်ထောက်တော့ "ထောက်တယ်၊ ထောက်တယ်"လို့ မှတ်ရပါတယ်။ အားတွေ ပြည့်သွားတဲ့အခါ ခန္ဓာကိုယ်အမူအရာ အပေါ်ကို ရွေ့ရွေ့တက်သွားတာကိုတော့ မြန်မာဝေါဟာရဖြင့် ဘယ်လို ခေါ်သလဲ။ "ထတယ်"လို့ ခေါ်တယ်။ ခေါင်း ကိုယ် ခြေ လက်ပုံ သဏ္ဌာန်များကိုတော့ ခွာနိုင်သမျှခွာ၊ အပေါ်သို့ ရွေ့ရွေ့တက်သွားတဲ့ သဘောကိုတော့ သိနိုင်သမျှ သိအောင် စူးစိုက်ရပါတယ်။ စူးစိုက်လို့ရသွားပြီ၊ ရွေ့နေတဲ့ အစဉ်လေးကိုလည်း မီအောင် မှတ်နိုင်သွားပြီဆိုရင် "ထတယ်၊ ထတယ်လို့ မှတ်လိုက်တဲ့အခါ အပေါ်ကို ရွေ့ရွေ့ပြီး တက်သွားတာကို သိပြီးတဲ့အပြင် ပေါ့ပေါ့ပြီး တက်သွားတာကို တွေ့သိရပါတယ်။ ထချင်တဲ့ စိတ်ကြောင့် ထရတာပဲလို့ သိသွားပါတယ်။ ထချင်တဲ့ စိတ်ကြောင့် ထရတာပဲလို့ သိသွားပါတယ်။

ထရာကနေ သွားရတော့မယ်ဆိုတော့ အမြန်မသွားလိုက်ပဲနဲ့ ခေတ္တရပ်ပြီးတော့ မျက်စိလေးမှိတ်ပြီး မိမိစိတ်ကို အာရုံပြုကြည့်တဲ့အခါ သွားချင်တဲ့ စိတ်တွေ ထင်ရှားနေတတ်ပါတယ်။ ထင်ရှားနေတော့ "သွားချင်တယ်၊ သွားချင်တယ်"လို့ ရှုမှတ်ရပါတယ်။ ထို့နောက်မှ သွားချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ လေတွေက တွန်းကန်နေလို့ သွားတဲ့ ကိုယ်အမူအရာတွေ ဖြစ်လာမှ "ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ကြွတယ်၊ ချတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်"ဟု မှတ်ပြီး သွားရပါတယ်။ သွားချင်တဲ့ စိတ်ကြောင့် သွားရတာပဲလို့ ယောဂီ သိသွားပါတယ်။ အမှတ်လည်း စိတ်လို့ရသွားပြီ ဖြစ်တယ်။

သွားရာကနေ၊ စင်္ကြံလျှောက်ရာကနေ ရပ်ရတော့မယ်ဆိုရင် အမှတ်သတိက ရှိနေတဲ့အတွက်ကြောင့် အထူးသတိထားလိုက်မယ်ဆိုရင် စင်္ကြံဆုံးခါနီးမှာ လေး-ငါးလှမ်း၊ သုံး-လေးလှမ်းကစပြီး ရပ်ချင်တဲ့ စိတ်တွေ ဖြစ်နေတာ ထင်ရှားနေတတ်ပါတယ်။ ထင်ရှားနေတော့ ရှေးဦးစွာ "ရပ်ချင်တယ်၊ ရပ်ချင်တယ်"လို့ မှတ်ရတယ်။ ထို့နောက် ရပ်ချင်တဲ့ စိတ်ကြောင့် ဖြစ်တဲ့ လေတွေက တွန်းကန်လိုက်လို့ ရပ်တဲ့ ကိုယ်အမူအရာ ဖြစ်လာမှ "ရပ်တယ်၊ ရပ်တယ်"လို့ မှတ်ရတယ်။ ရပ်ချင်တဲ့ စိတ်ကြောင့် ရပ်ရတာပဲ။ သိသွားပါတယ်။ ရပ်ချင်တဲ့ စိတ်က အကြောင်း ရပ်တဲ့ အမူအရာများက အကျိုးတရားလို့ သိသွားပါတယ်။

ရပ်ရာကနေ ထိုင်ရတော့မယ်အခါမှာလည်း အထူးသတိထားလို့ရှိရင် ထိုင်ချင်တဲ့ စိတ်တွေ ထင်ရှားနေလို့ "ထိုင်ချင်တယ်၊ ထိုင်ချင်တယ်" ဟု မှတ်ရပါတယ်။ ပြီးတော့မှ ထိုင်ချင်တဲ့စိတ်ကြောင့် ဖြစ်တဲ့ လေတွေက တွန်းကန်ချလိုက်လို့ ထိုင်တဲ့ ကိုယ်အမူအရာ ဖြစ်လာမှ "ထိုင်တယ်၊ ထိုင်တယ်"လို့ မှတ်ရတယ်။ မှတ်တဲ့အခါမှာလည်း ခေါင်း ကိုယ် ခြေ လက် ပုံသဏ္ဌာန်များကိုတော့ ခွာနိုင်သမျှခွာ၊ အောက်သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့ကျသွားတဲ့ သဘောကို သိနိုင်သမျှ သိအောင် စူးစိုက်ရပါတယ်။ ခေါင်း ကိုယ် ခြေ လက် ပုံသဏ္ဌာန်တွေက ပညတ်တွေ ဖြစ်တယ်။ ဝိပဿနာရှုဖို့ရာ မဟုတ်ဘူး။ တစ်ရွေ့ပြီး တစ်ရွေ့ အောက်သို့ ရွေ့ကျသွားတဲ့ သဘောလေးကတော့ ပရမတ်ပဲ။ သူ့ကိုတော့ သိနိုင်သမျှ သိအောင် စူးစိုက်ရတယ်။ ရွေ့နေတဲ့အစဉ်လေးတွေကိုလည်း မီအောင် မှတ်တတ်လာပြီဆိုရင် ထိုင်ချလိုက်တဲ့အခါ လေးလေးပြီးတော့ ကျသွားတာ ကိုယ်တိုင် တွေ့ရပါတယ်။ ထိုင်ချင်တဲ့ စိတ်က အကြောင်း။ ထိုင်တဲ့ ကိုယ်အမူအရာများက အကျိုးတရား ဖြစ်တယ်။

ထိုင်ရာကနေ လျောင်းချရတော့မယ် ဆိုရင်လည်း အထူးသတိထားလိုက်တဲ့အခါ လျောင်းချင်တဲ့ စိတ်တွေက ရှေးဦးစွာ ဖြစ်နေလို့ "လျောင်းချင်တယ်၊ လျောင်းချင်တယ်"ဟု မှတ်ရတယ်။ နောက်ပြီးမှ လျောင်းချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ လေတွေက တွန်းချလိုက်လို့ ခန္ဓာကိုယ်အမူအရာ လျောင်းကျသွားတဲ့အခါကျမှ "လျောင်းတယ်၊ လျောင်းတယ်"ဟု မှတ်ရတယ်။ လျောင်းချင်တဲ့ စိတ်က အကြောင်း၊ လျောင်းနေတဲ့ ကိုယ်အမူအရာများက အကျိုးဖြစ်တယ်။

ပစ္စယပရိဂ္ဂဟဉာဏ်တွင် စိတ္တာဓိပတိနှင့် ဆန္ဒာဓိပတိ တို့ကို ရှုမှတ်လို့ရပုံ

ပစ္စယပရိဂ္ဂဟဉာဏ်ရောက်တော့ မှတ်လို့ရလာပါတယ်။ ထချင်တဲ့ စိတ်နဲ့ ထချင်တဲ့ဆန္ဒက စိတ္တာဓိပတိနဲ့ ဆန္ဒာဓိပတိတို့ ဖြစ်ကြတယ်။ အဓိပတိပစ္စည်းနှစ်ပါး တွေ့ရပါတယ်။ ထတဲ့ ကိုယ်အမူအရာများက ဆန္ဒကြောင့် စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေပဲ ဖြစ်တယ်။ "စိတ္တသမုဋ္ဌာနာနံ ရူပါနံ" ပါလာပါတယ်။ အဓိပတိ ပစ္စယုပ္ပန်တရားတွေကို မှတ်နေရတာပဲ ဖြစ်တယ်။ ပစ္စည်းကိုလည်း မှတ်ရတယ်။ ပစ္စယုပ္ပန်ကိုလည်း မှတ်ရတယ်။

အဓိပတိပစ္စည်းကိုလည်း မှတ်လို့ရတယ်။ "ထချင်တယ်၊ ထချင်တယ်"ဆိုတာ ဆန္ဒနှင့် စိတ္တနှစ်ခုကို မှတ်လို့ရနေတာ ဖြစ်တယ်။ ထတဲ့ ကိုယ်အမူအရာတို့သည် စိတ္တဇရုပ်တို့ ဖြစ်ကြတယ်။ ဆန္ဒ စိတ္တကြောင့် ဖြစ်တဲ့ "စိတ္တသမုဋ္ဌာနာနံ"အရ တစ်ရွေ့ပြီးတစ်ရွေ့ ခန္ဓာကိုယ်အမူအရာ အပေါ်ကို ရွေ့ရွေ့တက်သွားတာ စိတ္တဇရုပ်များပဲ ဖြစ်တယ်။ သာဓိပတိ စိတ္တဇရုပ်ကို မှတ်လို့ ရသွားပါတယ်။ ဆန္ဒ စိတ္တ ပစ္စည်းတရားကိုလည်း မှတ်လို့ရပါတယ်။ စိတ္တဇရုပ်ကိုလည်း မှတ်လို့ရပါတယ်။

ထို့နောက် ရပ်ရာမှ သွားရတော့မယ်ဆိုတော့ သွားချင်တဲ့ စိတ်တွေ၊ သွားလိုတဲ့ ဆန္ဒတွေကို "သွားချင်တယ်၊ သွားချင်တယ်"လို့ မှတ်ရတာက ဆန္ဒာဓိပတိ စိတ္တာဓိပတိ ပစ္စည်းတရားတွေကို မှတ်နေရတာ ဖြစ်တယ်။ ကိုယ်အမူအရာ ပေါ်လာတော့ "သွားတယ်၊ သွားတယ်"လို့ မှတ်တာက သာဓိပတိစိတ္တဇရုပ်ကို မှတ်တာဖြစ်တယ်။

သွားရာကနေ ရပ်ရတော့မယ်ဆိုတော့ ရပ်ချင်တဲ့ စိတ်တွေ၊ ရပ်ချင်တဲ့ဆန္ဒတွေ ထင်ရှားနေတော့ အဲဒီ "ရပ်ချင်တယ်၊ ရပ်ချင်တယ်" ဆိုတာက အဓိပတိပစ္စည်းလား .. ပစ္စယုပ္ပန်တရားလား ... ပစ္စည်းတရားတွေဖြစ်တယ်။ ပစ္စယုပ္ပန်တရား မဟုတ်ပေဘူး။ ရပ်တဲ့ ကိုယ်အမူအရာများက ပစ္စည်းတရားလား ... ပစ္စယုပ္ပန်တရားလား... ပစ္စယုပ္ပန်တရား ဖြစ်တယ်။ "ရပ်တယ်၊ ရပ်တယ်"လို့ မှတ်နေရပါတယ်။

ပဋ္ဌာန်းတရားတွေကို မိမိခန္ဓာကိုယ်မှာ တွေ့နေရတာ၊ ရှုနေရတာ နေရာကျပါတယ်။ အခုလို ရှုမှတ်နေရင် ယောဂီများ ဘယ်ကို ရောက်သွားမယ် ထင်ပါသလဲ ... မြတ်စွာဘုရား တရားဒေသနာတော်အတိုင်း မှတ်နေရတော့ နိဗ္ဗာန်ပဲ ရောက်သွားမှာဆိုတာ သေချာပါတယ်။

ရပ်ရာမှ ထိုင်ရတော့မယ်ဆိုတာ ပစ္စယပရိဂ္ဂဟဉာဏ် ရောက်နေတဲ့ ယောဂီပုဂ္ဂိုလ် အထူးသတိထားလိုက်တဲ့အခါ ထိုင်ချင်တဲ့ စိတ်တွေ ရှေးဦးစွာ ထင်ရှားနေပါတယ်။ ထိုင်ချင်တဲ့ စိတ်နှင့် ထိုင်ချင်တဲ့ဆန္ဒဟာ အဓိပတိပစ္စည်းတရားလား .. ပစ္စယုပ္ပန်တရားလား .... ပစ္စည်းတရား ဖြစ်တယ်။ ပစ္စည်းတရားကို "ထိုင်ချင်တယ်၊ ထိုင်ချင်တယ်"လို့ မှတ်ရပါတယ်။ ဆန္ဒစိတ္တကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်အမူအရာများမှာ သာဓိပတိစိတ္တဇရုပ်တွေပဲ ဖြစ်တယ်။

"တံသမုဋ္ဌာနာနဉ္စ ရူပါနံ"ဆိုတဲ့ စိတ္တဇရုပ်တွေပဲ ဖြစ်တယ်။ "ထိုင်တယ်၊ ထိုင်တယ်"လို့ မှတ်ရတာက အဓိပတိပစ္စည်းတရားလား၊ ပစ္စယုပ္ပန်တရားလား ... ပစ္စယုပ္ပန်တရားပါ။ ပဋ္ဌာန်းတွေ ရွတ်ဖတ်နေရတာ ယခုမှပဲ ကိုယ့်ခန္ဓာနထဲမှာ ပဋ္ဌာန်းတွေ ပြန်တွေ့နေရပါတယ်။ အို .. နေရာကျလိုက်တာ၊ ဒီလို သိပြီးတော့ ရွတ်ဆိုရရင် ပိုနေရာကျပါတယ်။ ကိုယ့်ခန္ဓာ ကိုယ်ထဲမှာ ရှိတဲ့ ပစ္စည်း၊ ပစ္စယုပ္ပန်တွေကိုပဲ ရွတ်ဆိုနေရတာပဲ ဖြစ်တယ်။

ထိုင်ချင်တဲ့စိတ်၊ ထိုင်ချင်တဲ့ဆန္ဒက အဓိပတိပစ္စည်းတရား ဖြစ်တယ်။ ထိုင်တဲ့အမူအရာ ရုပ်များက အဓိပတိပစ္စယုပ္ပန်တရား ဖြစ်တယ်။ အကြောင်းနဲ့ အကျိုးပဲ ဖြစ်တယ်။ ထိုင်ချင်တဲ့ စိတ်၊ ထိုင်ချင်တဲ့ဆန္ဒတို့ကြောင့် ထိုင်တဲ့ ကိုယ်အမူအရာများ ဖြစ်လာပါတယ်။ ထိုင်ချင်တဲ့စိတ်၊ ထိုင်ချင်တဲ့ ဆန္ဒတို့က အကြောင်းပစ္စည်းတရား ဖြစ်တယ်။ ထိုင်တဲ့ ရုပ်အမူအရာများက အကျိုးပစ္စယုပ္ပန်တရား ဖြစ်တယ်။ တော်တော်တော့ ထင်ရှားသွားပြီ။

လျောင်းတဲ့အမူအရာလေးမှာ ရှင်းပြပါဦးမယ်။ ယောဂီများ လျောင်းချတော့မယ်ဆိုတော့ အထူးသတိထားနေရင် လျောင်းချင်တဲ့ စိတ်ဆန္ဒ ဖြစ်လာပါတယ်။ "လျောင်းချင်တယ်၊ လျောင်းချင်တယ်" မှတ်ရပါတယ်။ အဓိပတိ ပစ္စည်းတရားကို မှတ်တာလား .. ပစ္စယုပ္ပန်တရားကို မှတ်တာလား ..... ပစ္စည်းတရားကို မှတ်တာပါ။ လျောင်းတဲ့ စိတ်ဆန္ဒကြောင့် ဖြစ်တဲ့ လေတွေက တွန်းချလိုက်လို့ လျောင်းတဲ့ ကိုယ်အမူအရာ ရုပ်တရားတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျမှ "လျောင်းတယ်၊ လျောင်းတယ်"လို့ မှတ်ရတယ်။ အဓိပတိပစ္စည်းတရားကို ပစ္စည်းတရားကို မှတ်တာလား ... ပစ္စယုပ္ပန်တရားကို မှတ်တာလား ... ပစ္စယုပ္ပန်တရားကို မှတ်တာပါ။ ကွဲပြားသွားပါတယ်။ မိမိ ခန္ဓာကိုယ်ထဲမှာ အဓိပတိပစ္စည်း၊ ပစ္စယုပ္ပန်တရားတွေ ကျေးဇူးပြုနေတာ ဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကောင်းပါတယ်။ ဒီလိုသိပြီး ရွတ်ဆိုရရင် အကျိုးများပါတယ်။

ဆက်ရန် ... အဓိပတိ ၃(ဃ) သို့ ....

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်