ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

အာရမ္မဏပစ္စည်း - ၂(ဂ)

အာရမ္မဏပစ္စည်း - ၂(ဂ)

ဝိပါက်အမှန် ဇောအပြန်ဟု ဆိုရိုးပြုပုံ

အကျိုးပေး ဝိပါက်ကတော့ အနိဋ္ဌာရုံ မကောင်းတဲ့ အကျိုးပေး ဖြစ်တယ်။ မိမိက အခုလို အသိဉာဏ်ရှိတဲ့အတွက်ကြောင့် အသင့်အတင့် နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ဇောတွေကျတော့ ဘာဇောတွေ စောသွားပါသလဲ .. ကုသိုလ်ဇောတွေ စောသွားပါတယ်။ ဒါကြောင့် ဆရာတော်ကြီးများက "ဝိပါက်အမှန်၊ ဇောအပြန်"လို့ ဆိုရိုးပြုကြပါတယ်။

ဝိပေါက်ကတော့ အမှန်အတိုင်း ကိုယ်ဆိုးခဲ့လို့ မကောင်းတဲ့ ဆိုးကျိုးတွေနှင့် လာတွေ့မနေဘူးလား ... တွေ့ရပါတယ်။ ယခု ပစ္စုပ္ပန်ဘဝမှာ ကိုယ်က ကောင်းတဲ့ဘက်ကနေ နှလုံးသွင်းတတ်တဲ့ အတွက်ကြောင့် ဇောတွေကျတော့ လာဇောတွေ စောသွားပါသလဲ .. ကုသိုလ်ဇောတွေ စောသွားပါတယ်။ နေရာကျလိုက်တာ။ နှလုံးသွင်းတတ်ဖို့ လိုအပ်ပါတယ်။ ယောနိသော မနသိကာရ အလွန်ပဲ ယောဂီများအတွက် ကျေးဇူးများပါတယ်။ ကုသိုလ်ဖြစ်ခြင်းရဲ့ နီးစွာသော အကြောင်း၊ အနီးဆုံး အကြောင်းပဲ ဖြစ်ပါတယ်။ ယောနိသောမနသိကာရ အသင့်အတင့် နှလုံးသွင်းမှုတွေလည်း ရှိနေကြရပါတယ်။

နှလုံးသွင်းမှုဆိုတာ တစ်ခါတစ်ခါလည်း ရတယ်။ တစ်ခါတစ်ခါလည်း မရပေဘူး။ အာရုံတွေက သိပ်ပြင်းထန်လာတဲ့အခါ ကြမ်းတမ်းလာတဲ့အခါ စွဲလမ်းစရာ သာယာစရာ အာရုံတွေဖြစ်လို့ သိပ်စွဲလမ်းမှု နှစ်သက်မှုတွေ ဖြစ်လာတဲ့အခါ တစ်ခါတစ်လေ နှလုံးမသွင်းနိုင်တော့ပေဘူး။ အပြင်းအထန် ဝိသမလောဘတွေ ဖြစ်သွားကြတယ်။ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်တွေပေါ့လေ။ ယခု ယောဂီများအနေနဲ့တော့ အဲဒီဣဋ္ဌာရုံတွေကြောင့်တော့ နှလုံးမသွင်းနိုင်တာတော့ မရှိသလောက် နည်းကြပါတယ်။

အထူးသဖြင့်တော့ အနိဋ္ဌာရုံ ဆန့်ကျင်ဖက် အာရုံတွေ မမြင်ချင်တဲ့ အာရုံတွေ၊ မတွေ့ချင်တဲ့ အာရုံတွေ၊ အလွန်ကြမ်းတမ်းတဲ့ အာရုံတွေနဲ့ သွားတွေ့ရတဲ့အခါ တစ်ခါတစ်ခါ နှလုံးသွင်းလို့ မရတော့ပေဘူး။ စိတ်တွေ ဒေါမနဿတွေ မဖြစ်တတ်ပါဘူးလား ... ဖြစ်တတ်ပါတယ်။ နှလုံးသွင်းမှုက တစ်ခါတစ်ခါလည်း နိုင်တယ်။ တစ်ခါတစ်ခါလည်း မနိုင်ပေဘူး။ ဘာနဲ့နိုင်အောင် ကုစားရမလဲဆိုတော့ ရှုမှတ်မှုနဲ့ ကုစားရမယ်။

ရှုမှတ်မှု့က အနိုင်ဆုံးဖြစ်ပုံ

ရှုမှတ်မှုကတော့ အနိုင်ဆုံးပါပဲ။ ရှုမှတ်မှုလေး ဖြစ်သွားတာနဲ့ ဒီဒေါသ ဒေါမနဿတွေ ဖြစ်ခွင့်မရတော့ဘူး။ 'စိတ်ဆိုးတယ်၊ စိတ်ဆိုးတယ်' 'စိတ်ညစ်တယ်၊ စိတ်ညစ်တယ်'ဟု ရှုရတယ်။ သမာဓိဉာဏ် အားကောင်းရင်တော့ စိတ်ဆိုး စိတ်ညစ်တာတွေ ပျက်ပျက်သွားတာ မြင်ရမယ်။ သမာဓိဉာဏ်က အားနည်းလို့ရှိရင်လည်း မမြင်ရပေဘူး။ မမြင်ရတော့ ဘယ်လိုများ ရှုရမလဲဆိုတော့ ကိုယ်ကာယမှာ ရွှေ့ပြီးတော့ ရှုရမယ်။ မိမိက စိတ်ကိုရှုလို့ မနိုင်ရင် ဘယ်ကို ရွှေ့ရှုရပါ့မလဲ ... ကိုယ်ကာယကို ရွှေ့ပြီးတော့ မှတ်ရမယ်။

ထိုင်လျက်ဆိုရင်လည်း 'ထိုင်တယ်၊ ထိတယ်' 'ထိုင်တယ်၊ ထိတယ်' 'ဖောင်းတယ်၊ ပိန်တယ်' 'ဖောင်းတယ်၊ ပိန်တယ်'လို့ အမှတ်ဖြစ်သွားတာနဲ့ ဒီဒေါသ ဒေါမနဿ ဖြစ်မှ ဖြစ်ပါတော့မလား .. မဖြစ်တော့ပါဘူး။ စိတ်ဟာ တစ်ချိန်တည်းမှာ နှစ်ခုပြိုင်ပြီးတော့ ဖြစ်လို့ မရပေဘူး။ အမှတ်ဖြစ်သွားတာနဲ့ ဒေါသ ဒေါမနဿတွေ တဒင်္ဂ တဒင်္ဂ ကင်းပြတ်သွားတယ်။ ပယ်ပြီးသား ဖြစ်မသွားပါတယ်။

သွားလျက်ဆိုလို့ရှိရင်လည်း 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်' 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်' 'ကြွတယ်၊ ချတယ်' 'ကြွတယ်၊ ချတယ်' 'ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီဒေါသ ဒေါမနဿတွေ ဖြစ်နေတာ မရှိတော့ဘူး။ အမှတ်က မပယ်လိုက်ပါဘူးလား ... ပယ်လိုက်ပါတယ်။ ရပ်လျက်နဲ့ ဆိုရင်လည်း 'ရပ်တယ်၊ ရပ်တယ်'လို့ မှတ်လိုက်တာနဲ့ အမှတ်ဖြစ်သွားတာနဲ့ ဒေါသ ဒေါမနဿတွေ ဖြစ်ခွင့် မရတော့ပေဘူး။ ဝိပဿနာကတော့ မနိုင်ပါဘူးလား ... နိုင်ပါတယ်။ အနိုင်ဆုံးပဲ။ ယောဂီများကတော့ ဝိပဿနာကို တကယ်အားကိုးကြတာ ဖြစ်တယ်။ အားကိုးရာအစစ် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်သည်သာ အားကိုးရာ အစစ်ဖြစ်ပုံ

အတ္တာဟိ အတ္တနော နာထော၊
ကောဟိ နာထော ပရော သိယာ။

အတ္တာဟိ = မိမိသည်ပင်လျှင်၊ အတ္တနော = မိမိ၏ ၊ နာထော = ကိုးကွယ်ရာဖြစ်၏ ။ ပရော = သူတစ်ပါးသည်၊ ကောဟိ = အဘယ်မှာလျှင်၊ နာထော = ကိုးကွယ်ရာသည်၊ သိယာ = ဖြစ်နိုင်ပါအံ့နည်း။

ကိုယ့်ကိုယ်သည်သာ အားကိုးရာ အစစ်ဖြစ်တယ်။ သူတစ်ပါးဟာ မိမိရဲ့ အားကိုးရာ ဘယ်မှာ ဟုတ်နိုင်ပါ့မလဲ ... ကိုယ့်ကိုယ်ကို ဘယ်လိုအားကိုးရမလဲ ... မြတ်စွားဘုရားက မိန့်ကြားပါတယ်။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတည်း ဟူသော သတိပဋ္ဌာန်တရား(၄)ပါးက ပွားများနေတာ ကိုယ့်ကိုယ်ကို အားကိုးနေတာ ဖြစ်တယ်။ အားမကိုးရပါဘူးလား ... အားကိုးရပါတယ်။ အကုသိုလ်ဆိုတာ ရန်သူတွေ၊ ကုသိုလ်တွေဆိုတာက မိတ်ဆွေတွေ၊ ဆွေမျိုး မိဘတွေပဲ ဖြစ်တယ်။ အကုသိုလ်တွေ ပယ်နိုင်ဖို့ရာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတွေ မပွားများရပါဘူးလား ... ပွားများရပါတယ်။ အားကိုးရာ အစစ်ဖြစ်တယ်။ ယောဂီများ အားကိုးရာ အစစ်ကိုတော့ ရထားလို့ နေရာကျပြီး ဖြစ်တယ်။

ဖြစ်ခိုက်သိမှ သဘောသိပုံ

အဲဒီမှာ ရှုမှတ်ဖို့ရာကတော့ မျက်စိကလည်း ရှုမှတ်ရမယ်၊ မြင်သိစိတ် ဖြစ်ခိုက်မှာ။ နားကလည်း ရှုမှတ်ရမယ်၊ ကြားသိစိတ် ဖြစ်ခိုက်မှာ။ နှာခေါင်းကလည်း ရှုမှတ်ရမယ်၊ နံသိစိတ် ဖြစ်ခိုက်မှာ။ လျှာကလည်း ရှုမှတ်ရမယ်၊ စားသိစိတ် ဖြစ်ခိုက်မှာ။ ကိုယ်ကလည်း ရှုမှတ်ရမယ်၊ ထိသိစိတ် ဖြစ်ခိုက်မှာ။ စိတ်ကလည်း ရှုမှတ်ရမယ်၊ ကြံသိစိတ် ဖြစ်ခိုက်မှာ။ အာရုံ(၆)ပါးက ဒွါရ(၆)ပါး အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်၍ ဝိညာဏ်ဖြစ်တဲ့ အခိုက်အတန့်လေးမှာ ရှုရမယ်။ မဖြစ်ဘဲနဲ့ ရှုနေလို့တော့ မရပေဘူး။ ဖြစ်ခိုက်မှာ ရှုမှတ်ရမယ်။

ဆောင်ပုဒ်။ ။ ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိရမည် ။ သဘောသိမှ၊ ဥဒယ၊ ဝယမြင်နိုင်သည်။

သဘောသိမှ၊ ဖြစ်ပျက် မြင်နိုင်ပုံ

ဖြစ်ခိုက်ကိုရှုမှ သဘာဝ - သဘောလေးတွေကို သိရမယ်။ သဘောကို သိမှ ဥဒယ-က ဖြစ်၊ ဝယ-က ပျက်။ "ဖြစ်ပျက်ကို သိမှ အနိစ္စမြင်၊ အနိစ္စမြင်မှ ဒုက္ခထင်၊ ဒုက္ခထင်မှ အနတ္တမြင်၊ အနတ္တမြင် ၊ နိဗ္ဗာန်ခွင် ၊ ပြေးဝင်ဆိုက်ရောက်သည်" ဆိုတဲ့အတိုင်း အနတ္တဉာဏ်တွေ ပိုင်သွားတဲ့အခါ ယောဂီများ ကောင်းမှုတွေ ပြုတိုင်း ပြုတိုင်း ဆုတောင်းခဲ့တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတာပါပဲ။

မျက်စိ နား နှာ လျှာ ကိုယ် စိတ် လို့ဆိုတဲ့အတိုင်း အစဉ်အတိုင်းတော့ မျက်စိကစပြီး ဟောရမှာပါပဲ။ ဝိပဿနာဉာဏ်တွေ ထူထောင်ရတာတော့ ဘယ်ကနေစပြီးတော့ ထူထောင်ရပါသလဲဆိုရင် ကာယကနေစပြီး ထူထောင်နေရတယ်။ ဝိပဿနာဉာဏ်တွေ အားရှိထက်သန်လာတဲ့အခါကျတော့ မျက်စိကလည်း ရှုလို့ရ၊ နားကလည်း ရှုလို့ရ၊ နှာခေါင်းကလည်း ရှုလို့ရ၊ လျှာကလည်း ရှုလို့ရ၊ ကိုယ်ကလည်း ရှုလို့ရ၊ စိတ်ကလည်း ရှုလို့ရတာ ဖြစ်သွားတာပါပဲ။ ဟောကြားတဲ့ အစဉ်အတိုင်း ရှုမှတ်ပုံလေးတွေကို အတိုချူပ်တော့ ထည့်ပြီးတော့ ဟောရမှာဖြစ်တယ်။

မျက်စိမှာ ရူပါရုံအဆင်း လာတိုက်တဲ့အခါ တိုက်ခိုက်လေးမှာ၊ မြင်သိစိတ် ဖြစ်ခိုက်လေးမှာ 'မြင်တယ်၊ မြင်တယ်'လို့ပဲ မရှုမှတ်ရပါဘူးလား ... ရှုမှတ်ရပါတယ်။ သာမန်ပုဂ္ဂိုလ်တွေအနေနဲ့တော့ မြင်တာကို 'မြင်တယ်၊ မြင်တယ်' လို့ရှုတာ ဘာများ ထူးပါလိမ့်မလဲ ... ဝိပဿာနာ အခြေခံမရှိတဲ့ ပုဂ္ဂိုလ်တွေ စိတ်မှာ ဒီလို ဖြစ်သွားနိုင်ပါတယ်။

ဝိပဿနာ အခြေခံရှိတဲ့ ပုဂ္ဂိုလ်များကျတော့ 'မြင်တယ်၊ မြင်တယ်'လို့ ရှုရတာ အလွန် ထူးခြားတာပါပဲ။ မြင်ခါမျှမတ္တမှာ တည်အောင် ရှုရတယ်။ မြင်ခါမျှမတ္တမှာ တည်အောင် ရှုလိုက်တဲ့အခါ ကုသိုလ်တွေ ဖြစ်သွားတာပါပဲ။ ယောဂီများအနေနဲ့ မြင်ခါမျှမတ္တမှာ တည်အောင်ရှုဖို့ရာ မခဲယဉ်းလှပါဘူး။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့တော့ ဘယ်လိုပြောတဲ့ စကားလဲလို့တောင် ထင်သွားကြတယ်။

စင်္ကြံလျှောက်နေတဲ့ ယောဂီမှာ အမှတ်တွေက ကောင်းလို့ ကြွတယ်၊ လှမ်းတယ်၊ ချတယ်လို့ မှတ်နေရာတွင် ကြွလိုက်တဲ့အခါ ပေါ့ပေါ့တက်သွားတာ၊ လှမ်းလိုက်တဲ့အခါ ပေါ့ပေါ့ပြီးတော့ ရွေ့သွားတာ၊ ချလိုက်တဲ့အခါ လေးလေးပြီးတော့ ကျသွားတာ မြင်နေ၍ အမှတ်တွေ ကောင်းနေခိုက်မှာ ယောဂီအနားမှာ လူတစ်ယောက် ဖြစ်သွားလိုက်တဲ့အခါ ယောဂီနားက ဖြစ်သွားတာ ဘယ်သူပါလဲလို့ မေးလိုက်လျှင် လူတစ်ယောက်တော့ ဖြစ်သွားတာပဲ၊ ဘယ်သူလဲတော့ မသိပါဘူး၊ အမျိုးသားလား၊ အမျိုးသမီးလား၊ ကွဲမှ ကွဲပြားပါရဲ့လား ... မကွဲပြားပါဘူး။

မြင်လျှင် မြင်ခါမျှမတ္တမှာ မတည်သွားပါဘူးလား ... တည်သွားပါတယ်။ ရှုမှတ်နေတော့ လူတစ်ယောက် ဖြစ်သွားတာကိုတော့ သိလိုက်တယ်။ အမျိုးသားလား၊ အမျိုးသမီးလား၊ အရပ်က မြင့်သလား၊ နိမ့်သလား၊ အသားက မဲသလား၊ ဖြူသလား၊ သိမှ သိပါရဲ့လား ... မသိပါဘူး။ မြင်ခါမျှမတ္တမှာ တည်သွားတာ ဖြစ်တယ်။ မြင်လျှင် မြင်ခါမျှမတ္တမှာဆိုတာ ယောဂီများလို သမာဓိဉာဏ် အခြေခံရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်တော့ သိပ်တော့ မခက်လှပါဘူး။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။
ဒိဋ္ဌေ = မြင်အပ်သော အဆင်းရူပါရုံ၌၊ ဒိဋ္ဌမတ္တံ = မြင်ကာမျှ ဖြစ်သောစိတ်သည်၊ ဘဝိဿတိ = ဖြစ်လတ္တံ (ဝါ) မြင်ခါမျှမတ္တမှာ တည်အောင်ရှုရမည် ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွားဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ ပါပေသတည်း .... ။
သာဓု ... သာဓု ... သာဓု ။

ရူပါရုံအဆင်း မျက်စိအကြည်မှာ လာတိုက်တဲ့အခါ 'မြင်တယ်၊ မြင်တယ်'လို့ မြင်ခါမျှမတ္တမှာပဲ တည်အောင်ရှုရမယ်လို့ မြတ်စွာဘုရား မိန့်ကြားတော်မူပါတယ်။ မြင်ခါမတ္တမှာ တည်အောင် ရှုဖို့ရာမှာ အဆင့်ဆင့် ရှုရင်တော့ ပိုပြီး မြင်ခါမျှမတ္တ တည်သွားနိုင်ပါတယ်။

အမှတ်တွေကောင်းနေတဲ့ စင်္ကြိလျှောက်နေသည့် ယောဂီပုဂ္ဂိုလ်မှာ မြင်စရာ ကြည့်စရာတစ်ခုပေါ်လာ၍ ကြည့်ရတော့မယ် ဆိုလို့ရှိရင် ရှေးဦးစွာ ကြည့်ချင်တဲ့စိတ်တွေ အရင်ဖြစ်နေတာ မထင်ရှားပါဘူးလား ... ထင်ရှားပါတယ်။ ထင်ရှားနေတော့ 'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'လို့ မှတ်လို့မရပါဘူးလား ... မှတ်လို့ရပါတယ်။ ကြည့်ချင်စရာ အာရုံသည် မိမိအတွက် ဘာမျှ အကျိုးမရှိဘူးဆိုရင် မကြည့်တော့ပေဘူး။ 'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'နဲ့ပဲ ရပ်လို့ရသွားတယ်။ မကြည့်ဖြစ်တော့ပေဘူး။

မကြည့်မဖြစ်တဲ့ အာရုံဖြစ်လို့ ကြည့်မှ ဖြစ်မယ်ဆိုရင်တော့ 'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'လို့ ရှေးဦးစွာ ရှုမှတ်ရပါတယ်။ ထို့နောက်မှ ကြည့်တဲ့ မျက်လုံး အမူအရာတွေ ဖြစ်လာတယ်။ အပေါ်မျက်ခွံက အပေါ်သို့တက်၊ အောက်မျက်ခွံက အောက်သို့ကျ၊ အတွင်းက အားယူနေတာကို 'ကြည့်တယ်၊ ကြည့်တယ်'လို့ ရှုမှတ်ရပေတယ်။ (၃)ဆင့် ရှုမှတ်လိုက်လျှင် မြင်ခါမျှမတ္တ တည်အောင် ရှုမှတ်လို့ ရသွားကြပါတယ်။

ရှုမှတ်၍ ကြည့်ရာတွင် ကုသိုလ်(၃)မျိုး ရရှိနိုင်ပုံ

'ကြည့်ချင်တယ်၊ ကြည့်ချင်တယ်'လို့ မှတ်ရတာက ကြည့်ချင်တဲ့ စိတ်ကို မှတ်ရတဲ့အတွက်ကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်အနေနဲ့ ကုသိုလ်တွေ ရပေတယ်။ 'ကြည့်တယ်၊ ကြည့်တယ်'လို့ ရှုမှတ်တဲ့ အခါကျတော့ မျက်လုံးအမူအရာ ကိုယ်ကာယကို ရှုမှတ်ရတဲ့အတွက်ကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်အနေနဲ့ ကုသိုလ်တွေ ရပေတယ်။ 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်ရတဲ့ အခါကျတော့ မြင်ခါမျှမတ္တသဘောကို ရှုမှတ်ရတဲ့အတွက်ကြောင့် ဓမ္မာနုပဿနာ သတိပဋ္ဌာန်အနေနဲ့ ကုသိုလ်တွေရပေတယ်။ ဤကဲ့သို့ တစ်ခါကြည့်လိုက်ရင် ကုသိုလ်တွေ (၃)မျိုး ရရှိသွားနိုင်ပေတယ်။

ဥပ္ပန္နုပ္ပန္နာနံ သင်္ခါရာနံ ခယမေဝ ပဿတိ။
ဥပ္ပန္နုပ္ပန္နာနံ = ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော၊ သင်္ခါရာနံ = သင်္ခါရတရား ရုပ်နာမ် နှစ်ပါးတို့၏ ၊ ခယမေဝ = ကုန်ခြင်းကိုသာလျှင်၊ ပဿတိ = ရှု၏ ။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော် မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ။

ယောဂီများရဲ့သန္တာန်မှာ အကျဉ်းချူပ်အားဖြင့် ရုပ်တရား နာမ်တရား နှစ်ပါးပဲ ရှိပါတယ်။ အဲဒီ ရုပ်တရား နာမ်တရား နှစ်ပါးလုံးသည်လည်း ဖြစ်ပြီးတာနဲ့ ကုန်ပျက်၊ ဖြစ်ပြီးတာနဲ့ ကုန်ပျက်သွားတာပါပဲ။ တစ်ခဏလေးတောင် မတည်ပေဘူး။ အဲဒီ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီးတော့ ရှုမှတ်တတ်တာဟာလည်း ဣနြေ္ဒထက်ကြောင်းတရား တစ်ပါးဖြစ်တယ်။ တရားတွေ မြန်မြန်တွေ့၊ တရားထူး တရားမြတ်တွေ မြန်မြန်ရဖို့ရာ ဖြစ်တယ်။

ဆောင်ပုဒ်။ ။ ဖြစ်တိုင်းရုပ်နာမ်၊ ချူပ်ပျက်ဟန်၊ ဧကန်ရှုရမည်။

ရုပ်တရား နာမ်တရားနှစ်ပါးလုံး ကုန်ပျက် ချူပ်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီး ရှုမှတ်တတ်တာဟာလည်း ဣနြေ္ဒထက်ကြောင်း တရားတွေတက်ကြောင်း တစ်ပါးဖြစ်ပေတယ်။ ဖောင်းတယ်၊ ပိန်တယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဟု ရှုမှတ်နေတဲ့အခါမှာ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ပြီးတော့ ရှုမှတ်ပေးရမယ်။ ဖောင်းတယ်လို့ ရှုမှတ်တဲ့အခါမှာ ရှုမှတ်ပြီးတာနဲ့ ဖောင်းတာလေး မရှိတော့ပေဘူး။ ပိန်တယ်လို့ ရှုမှတ်ရတာ အသစ်လား ... အဟောင်းလား .. အသစ်ပဲ ဖြစ်ပေတယ်။ ရှုမှတ်ပြီးတာနဲ့ ကုန်သွားပြီး ပျက်သွားတာကို သိနိုင်လောက်အောင် စိတ်ကို စူးစိုက်ထားရမယ်။ ကုန်ပျက်တဲ့ဘက်ကို စိတ်ကို ညွတ်ထားရပေတယ်။

ဆက်ရန် .... အာရမ္မဏ ၂(ဃ)သို့

အပြည့်အစုံသို့...

အာရမ္မဏပစ္စည်း - ၂(ခ)

အာရမ္မဏပစ္စည်း - ၂(ခ)

တယောဥပမာ

ဥပမာအားဖြင့် အဋ္ဌကထာဆရာတွေက၊ ထိုထိုဆရာတွေက၊ ပညာရှိပုဂ္ဂိုလ်တွေက ဖွင့်ပြကြတယ်။ အတိုက်ဓာတ်ရယ်၊ အခံဓာတ်ရယ်၊ အပွင့်ဓာတ်ရယ် ဖြစ်ပေါ်နေပုံ ဥပမာနှင့် ပြကြတယ်။ တယောကြိုးရယ်၊ တယောတံရယ်၊ တယော၏ အသံရယ် .ဘယ်နှစ်မျိုးပါလဲ ... သုံးမျိုးပါ။ တယောတံနဲ့ အတိုက်ဓာတ် အာရုံ(၆)ပါးနဲ့ တူတယ်။ တယောကြိုးနှင့် အခံဓာတ် အကြည်ဓာတ် (၆)ဖြာနှင့် တူတယ်။ တယော၏ အသံနှင့် အပွင့်ဓာတ် ဝိညာဏ်(၆)ပါး နှင့်တူတယ်။

တယောကြိုးရယ်၊ တယောတံရယ်၊ တယော၏ အသံရယ် ရှိနေသကဲ့သို့ မိမိတို့ သန္တာန်မှာလည်း ဝိညာဏ်(၆)ပါး ဖြစ်နေတယ်။ အဲဒီဝိညာဏ်(၆)ပါးဖြစ်တဲ့ အခိုက်အတန့်ကလေးမှာ ဝိပဿနာရှုရတာ ဖြစ်တယ်။ ရှုလို့ရတာပါပဲ။ 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ကြားတယ်' 'နံတယ်၊နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' 'ကြံစည်တယ်၊ စိတ်ကူးတယ်'လို့ ရှုလို့မရပါဘူးလား .. ရှုလို့ရပါတယ်။ အဲဒီဝိညာဏ်(၆)ပါး ဖြစ်ခိုက်ကလေးမှာ ပစ္စုပ္ပန်တည့်အောင် ရှုနိုင်တယ်။ ရှုလို့ရသွားပြီးဆိုရင်တော့ ယောဂီများ အောင်မြင်သွားပြီ ဖြစ်တယ်။

နောက်တစ်နည်း ထင်ရှားအောင် ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မီးခြစ်ဆံရယ်၊ မီးခြစ်ဘူးရယ်၊ မီးတောက်ကလေးရယ် ဘယ်နှစ်မျိုးပါလဲ ... သုံးမျိုးပါ။ မီးခြစ်ဆံထဲမှာလည်း မီးတောက်ကလေး မရှိသေးဘူး၊ မီးခြစ်ဘူးထဲမှာလည်း မီးတောက်ကလေး မရှိသေးဘူး၊ မီးခြစ်ဆံနှင့် မီးခြစ်ဘူးကို ခတ်လိုက်တဲ့အခါကျမှ မီးတောက်ကလေး ဖြစ်လာပါတယ်။ မီးခြစ်ဆံက အတိုက်ဓာတ်၊ မီးခြစ်ဘူးက အခံဓာတ်၊ မီးတောက်ကလေးက အပွင့်ဓာတ်ပါ။ သိပ်ထင်ရှားတယ်။

ယောဂီများရဲ့သန္တာန်မှာ ဝိညာဏ်(၆)ပါး ဖြစ်နေတာ အဲဒီအတိုင်းပါပဲ။ ဘာကလေးနှင့်တူပါသလဲ .. မီးတောက်ကလေးနှင့် တူပါတယ်။ ပွင့်ပွင့်သွားတာပဲ။ အဲဒီပွင့်သွားတဲ့ အခိုက်အတန့်မှာ 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ကြားတယ်' 'နံတယ်၊နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' 'ကြံစည်တယ်၊ စိတ်ကူးတယ်'လို့ မမှတ်ရပါဘူးလား .. မှတ်ရပေတယ်။ ဝိပဿနာရှုဖို့ရာ အချက်အချာတွေပါပဲ။

အကြည်ဓာတ်(၆)ဖြာကို ဒွါရဟူ၍လည်း ခေါ်ဆိုပုံ

အဲဒီအကြည်ဓာတ်(၆)ဖြာကို စာပေကျမ်းဂန်တွေမှာ ဒွါရလို့လည်း ခေါ်ပါတယ်။ စက္ခုဒွါရ = မျက်စိပေါက်၊ သောတဒွါရ = နားပေါက်၊ ဃာနဒွါရ = နှာခေါင်းပေါက်၊ ဇိဝှါဒွါရ = လျှာပေါက်၊ ကာယဒွါရ = ကိုယ်ပေါက်၊ မနောဒွါရ = စိတ်အပေါက်တို့ကို ဒွါရလို့ ခေါ်ပါတယ်။ ဘာကြောင့် ဒွါရလို့ ခေါ်ရသလဲဆိုတော့ တံခါးနဲ့ တူလို့ပဲ။

ဒွေ ဇနာ အရ န္တိ ဂစ္ဆ န္တိ ဧတ္ထာဟိ ဒွါရံ။

ဒွေ ဇနာ = နှစ်ယောက်ကုန်သော သူတို့သည်၊ ဧတ္ထ = ဤနေရာ၌၊ အရ န္တိ ဂစ္ဆ န္တိပဝတ္တန္တိ = ဖြစ်တတ်ကုန်၏ ။ ဣတိတသ္မာ = ထိုသို့ နှစ်ယောက်သောသူတို့၏ ဖြစ်ရာဋ္ဌာန ဖြစ်တဲ့အတွက်ကြောင့်၊ ဒွါရံ = ဒွါရမည်၏ (ဝါ) တံခါးမည်၏ ။

တံခါးဆိုတာ လူနှစ်ယောက်တို့ရဲ့ ဖြစ်ရာဋ္ဌာန။ ဝင်တဲ့သူကလည်း ဒီတံခါးကပဲ မဝင်ရပါဘူးလား ... ဝင်ရပါတယ်။ ထွက်တော့ကော ဒီတံခါးကပဲ ထွက်တယ်။ ထွက်သူ ဝင်သူ နှစ်ယောက်ဖြစ်ရာ ဋ္ဌာနကို တံခါးလို့ ခေါ်ပါတယ်။

စက္ခုဒွါရ - မျက်စိတည်းဟူသောတံခါး၊ သောတဒွါရ - နားတည်းဟူသောတံခါး၊ ဃာနဒွါရ - နှာခေါင်းတည်းဟူသောတံခါး၊ ဇိဝှါဒွါရ - လျှာတည်းဟူသောတံခါး၊ ကာယဒွါရ - ကိုယ်တည်းဟူသောတံခါး၊ မနောဒွါရ - စိတ်တည်းဟူသောတံခါး။ ဒီတံခါးတွေကလည်း ဒီအတိုင်းပါပဲ။ စိတ်ဝိညာဏ်တွေ ထွက်ရာဝင်ရာ နေရာဋ္ဌာနဖြစ်တယ်။ စက္ခုဒွါရ - မျက်စိတံခါးက မြင်သိစိတ်ကလေး ထွက်ရာဝင်ရာ ဖြစ်တယ်။ မြင်သိစိတ်ကလေး ဖြစ်တာလည်း ဒီမျက်စိအကြည် စက္ခုဒွါရမှာပဲ ဖြစ်လိုက်တယ်။ ပျက်သွားတဲ့ အခါကျတော့လည်း ဒီမျက်စိအကြည် စက္ခုဒွါရမှာပဲ ပျက်သွားတာပဲ ဖြစ်တယ်။ အဲဒါလေးကို မြင်အောင်ရှုနိုင်ရမယ်လို့ ဆိုလိုပါတယ်။ ဖြစ်တာကိုလည်း မြင်အောင် ရှုနိုင်ရမယ်။ ပျက်သွားတာကိုလည်းပဲ မြင်အောင် ရှုနိုင်ရပါမယ်။ ရှုနိုင်မယ်ဆိုရင်တော့ ယောဂီများ အောင်မြင်သွားပါပြီ။ မရှုနိုင်သေးရင်တော့ မအောင်မြင်သေးပေဘူး။ မျက်စိက မအောင်မြင်သေးဘူးလို့ ဆိုရမှာပဲ ဖြစ်တယ်။

နားအကြည်ကလည်း ဒီအတိုင်းပဲ။ ကြားသိစိတ်ကလေး ဖြစ်တဲ့အခါလည်း ဒီနားအကြည် = သောတဒွါရမှာပဲ ဖြစ်တယ်။ ပျက်သွားတဲ့အခါမှာလည်း သောတဒွါရ = နားအကြည်ပေါ်မှာပဲ ပျက်သွားတယ်။ ဖျတ်ခနဲဆို ဖြစ်ပြီးတော့ ဖျတ်ခနဲဆို ပျက်သွားတာပဲ ဖြစ်တယ်။ အဲဒီ ဖြစ်ပြီးတော့ ပျက်သွားတာလေးကို မီအောင် ရှုနိုင်ရင်တော့ ယောဂီများအတွက် အောင်မြင်ပါပြီ။

ဥဒယဗ္ဗယဉာဏ် ရောက်လာတဲ့အခါကျတော့ 'ကြားတယ်၊ ကြားတယ်'လို့ မှတ်လိုက်လို့ရှိရင် ကြားသိစိတ်ကလေးက ဖြစ်ပြီးတော့ ပျောက်သွား၊ ဖြစ်ပြီးတော့ ပျောက်သွားတာ အနည်းငယ် ထင်ရှားလာတယ်။ သမာဓိဉာဏ်များ ရင့်ကျက်လာပြီးတော့ ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းသို့ ရောက်လာရင် ပိုပြီးတော့ ဖြစ်တာ ပျက်တာတွေ ထင်ရှားတယ်။ နောက်ဘင်္ဂဉာဏ်သို့ ရောက်သွားတဲ့အခါကျတော့ ဖြစ်တာကတော့ မထင်ရှားတော့ပေဘူး။ ပျက်ပျက်သွားတာပဲ ထင်ရှားတယ်။ ကြားတယ်၊ ကြားတယ်လို့ မှတ်လိုက်ရင် ကြားသိစိတ်ကလေး ကုန်ပျက်သွားတာ ယောဂီဟောင်းများ သမာဓိဉာဏ် ရင့်ကျက်လာတဲ့ ပုဂ္ဂိုလ်များ မြင်ကြပါတယ်။ မြင်နိုင်ပါတယ်။

ကြားသိစိတ် ဖြစ်ရာ ပျက်ရာ ဌာနဖြစ်လို့ သောတဒွါရလို့ ခေါ်ရတယ်။ တံခါးဟာ လူနှစ်ယောက်တို့၏ ထွက်တဲ့လူနှင့် ဝင်တဲ့လူနှစ်ယောက်တို့၏ ဖြစ်ရာဌာနကို တံခါးခေါ်ရသကဲ့သို့ မြင်သိစိတ်၊ ကြားသိစိတ်တို့၏ ဖြစ်ရာ ပျက်ရာဌာနကို စက္ခုဒွါရ ၊ သောတဒွါရလို့ မခေါ်ရပါဘူးလား ... ခေါ်ရပါတယ်။ ဃာနဒွါရလည်း ဒီအတိုင်း၊ ဇိဝှါဒွါရလည်း ဒီအတိုင်း၊ ကာယဒွါရလည်း ဒီအတိုင်း၊ မနောဒွါရလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အကြည်ဓာတ်(၆)ဖြာ၊ ဒွါရ(၆)ပါးဟာ ဝိညာဏ်(၆)ပါးတို့ရဲ့ ဖြစ်ရာပျက်ရာ နေရာဌာန ဖြစ်တယ်။ ဒါကြောင့် သူတို့ကို ဒွါရလို့လည်း ခေါ်ရတယ်။

ပကတိသော တံခါးကကြီးမှာ လူနှစ်ယောက် ဝင်ရာထွက်ရာဌာန ဖြစ်သလို ဒွါရ(၆)ပါးဟာလည်း ဝိညာဏ်(၆)ပါးရဲ့ ဖြစ်ရာပျက်ရာ နေရာဌာန ဖြစ်တယ်။ အဲဒီ ဖြစ်တာ ပျက်တာကို မီအောင်ရှုနိုင်ရင်တော့ နေရာကျသွားပါပြီ။ အဲဒီ ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတဲ့အခါ နှလုံးသွင်းနိုင်တယ် ဆိုလို့ရှိရင်လည်း ကုသိုလ်ဖြစ်ပါတယ်။ နှလုံးမသွင်းနိုင်ဘူးဆိုလို့ရှိရင် ကုသိုလ် မဖြစ်တော့ ဘာဖြစ်မလဲ .. အကုသိုလ်ဖြစ်တယ်။

ဒီဒွါရ - အကြည်ဓာတ်(၆)ဖြာမှာတော့ အာရုံ(၆)ပါးက အမြဲတမ်း တိုက်မနေဘူးလား .. တိုက်နေပါတယ်။ အမြဲတမ်း တိုက်နေတယ်။ တိုက်လိုက်လို့ ဝိညာဏ်(၆)ပါး ဖြစ်ခိုက်မှာ နှလုံးသွင်းမှု ဖြစ်ရင်လည်း ကုသိုလ်ဖြစ်ပါတယ်။ ဝိပဿနာ ရှုနိုင်မယ်ဆိုလို့ရှိရင်လည်း ကုသိုလ်ဖြစ်ပါတယ်။ နှလုံးလည်း မသွင်းနိုင်ဘူး၊ ဝိပဿနာလည်း မရှုနိုင်ဘူးဆိုရင်တော့ ဘာဖြစ်ပါမလဲ ... အကုသိုလ်ဖြစ်မှာပါ။ ကုသိုလ်၊ အကုသိုလ်တွေ ဒီဒွါရတွေကပဲ မဖြစ်နေပါဘူးလား ... ဖြစ်နေပါတယ်။ ဒီဌာနတွေကပဲ ဖြစ်နေပါတယ်။ အကုသိုလ်ချည်းပဲ ဖြစ်တာများနေရင်တော့ နေရာကျမှ ကျပါ့မလား .. နေရာမကျပါ။ လူဖြစ်ရကျိုး မနပ်တော့ပါဘူး။ ကုသိုလ်များများ ဖြစ်ဖို့ရာ သိပ်အရေးကြီးတယ်။ နှလုံးသွင်းမှုလည်း ရှိရမယ်။ ရှုမှတ်မှုလည်း ရှိရမယ်။

နှလုံးသွင်းမှု၊ ရှုမှတ်မှု ပြုပါက ကုသိုလ်ဖြစ်ပုံ

ဆောင်ပုဒ်။ ။ နှလုံးသွင်းမှု၊ ရှုမှတ်မှု၊ ပြုက ကုသလာ။

နှလုံးသွင်းတတ်မယ် ဆိုလို့ရှိရင်လည်း၊ နှလုံးသွင်းမှု ရှိမယ်ဆိုလို့ ရှိရင်လည်း ကုသိုလ်ဖြစ်နိုင်ပါတယ်။ ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတဲ့အခါမှာ ရှုမှတ်မှုရှိမယ်ဆိုလို့ ရှိရင်လည်း ဝိပဿနာကုသိုလ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကုသိုလ်ဖြစ်ကြောင်း အချက်(၂)ပါးကိုတော့ သိထားရပြီ ဖြစ်တယ်။ အကုသိုလ်ဖြစ်ကြောင်း အချက်(၂)ပါးကိုလည်း သိထားသင့်ပါတယ်။

နှလုံးသွင်းမှု၊ ရှုမှတ်မှု မပြုပါက အကုသိုလ် ဖြစ်ပုံ

ဆောင်ပုဒ်။ ။ နှလုံးမသွင်း၊ ရှုမှတ်ကင်း၊ ဖြစ်ခြင်းအကုသာ။

နှလုံးလည်း မသွင်းဘူး၊ နှလုံးလည်း မသွင်းတတ်ဘူး၊ ရှုမှတ်မှုလည်း မရှိဘူး၊ ရှုမှတ်မှုလည်း မတတ်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ဘာတွေဖြစ်တာ များနေပါ့မလဲ ... အကုသိုလ်တွေဖြစ်တာ များနေပါတယ်။ အကုသိုလ်တွေဖြစ်တာ များနေရင်တော့ လူဖြစ်ရကျိုးကော မနပ်တော့ဘူး။

ဒုတိယဘဝအတွက် ယုတ်နိမ့်ရာဘုံဘဝသို့ ရောက်သွားဖို့သာ ရှိတော့တယ်။ ဒါကြောင့် အရေးကြီးပါတယ်။ အာရုံ(၆)ပါးက ဒွါရ(၆)ပါး အကြည်ဓာတ်(၆)ဖြာမှာ လာပြီးတော့ တိုက်တဲ့အခါ ဝိညာဏ်(၆)ပါး ဖြစ်ခိုက်မှာ နှလုံးသွင်းတတ် ရှုမှတ်တတ်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် အားထုတ်ပြီးတော့ နေကြရတာဖြစ်တယ်။

အာရဒ္ဓဝီရိယော ဝိဟရတိ
အကုသလာနံ ဓမ္မာနံ ပဟာနယ
ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ

အာရဒ္ဓဝီရိယော = အားထုတ်အပ်သော လုံ့လဝီရိယရှိသည်ဖြစ်၍၊ ဝိဟရတိ = နေရ၏ ။ အကုသလာနံ ဓမ္မာနံ = အကုသိုလ်တရားတို့ကို၊ ပဟာနာယ = ပယ်ခြင်းငှာ၊ ကုသလာနံ ဓမ္မာနံ = ကုသိုလ်တရားတို့ကို၊ ဥပသမ္ပဒါယ = ပြည့်စုံစေခြင်းငှာ၊ အာရဒ္ဓဝီရိယော = အားထုတ်အပ်သော လုံ့လဝီရိယရှိသည်ဖြစ်၍၊ ဝိဟရတိ = နေရ၏ ၊ (ဝါ) နေရမယ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွားပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ။

မိမိတို့ကို ဒုက္ခပေးတတ်တဲ့ အကုသိုလ်တရားတွေကို ပယ်ဖို့ရာ ကုသိုလ်တရားတွေ ပြည့်စုံလာစေဖို့ရာ၊ ပြည့်စုံစေဖို့ရာ အားထုတ်ပြီးတော့ နေကြရမယ်။ ဘယ်သူ မိန့်ကြားတာပါလဲ .. မြတ်စွာဘုရား မိန့်ကြားတာဖြစ်တယ်။ အင်မတန်ပဲ သတိထားစရာဖြစ်တယ်။ အကုသိုလ်တရားတွေ ပယ်နိုင်ရအောင် ကုသိုလ်တရားတွေကို ပြည့်စုံလာရအောင် အားထုတ်ပြီးတော့ နေကြရမယ်။ ဘယ်လိုနေရမလဲ ဆိုပါလျှင် နှလုံးသွင်းမှု ရှိရမယ်။ ရှုမှတ်မှု ရှိရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

နှလုံးမသွင်းတတ်ဘူး ဆိုလို့ရှိရင် အကုသိုလ်ဖြစ်တာ သိပ်ထင်ရှားတယ်။ ကောင်းတဲ့ဣဋ္ဌာရုံတွေ မျက်စိ နား နှာ လျှာ ကိုယ် စိတ်တည်းဟူသော အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တယ်။ အဆင်းကောင်းကောင်း အနံ့ကောင်းကောင်း အသံကောင်းကောင်း အရသာကောင်းကောင်း အတွေ့အထိကောင်းကောင်း အာရုံကောင်းကောင်းတွေ မျက်စိ နား နှာ လျှာ ကိုယ် စိတ်မှာ လာတိုက်တယ်။ နှလုံးမသွင်းတတ်ဘူးဆိုရင် အလွန်နှစ်သက် သာယာစွဲလမ်းတဲ့ သဘောတွေ မဖြစ်ပါဘူးလား .. ဖြစ်ပါတယ်။ လောဘဆိုတဲ့ အကုသိုလ် အကုသိုလ်တွေ ဖြစ်ကြတယ်။

ဆန့်ကျင်ဖက်ဖြစ်တဲ့အာရုံတွေ မမြင်ချင်တဲ့ အဆင်းတွေ၊ မကြားချင်တဲ့ အသံတွေ၊ မတွေ့ချင်တဲ့ အတွေ့တွေ၊ ဆန့်ကျင်ဘက် အာရုံတွေနဲ့ လာတွေ့ရတဲ့အခါကျတော့ နှလုံးမသွင်းတတ်လို့ရှိရင် ဒေါမနဿ ဒေါသတွေဖြစ်ကြတယ်။ အကုသိုလ်တွေ မဖြစ်ကြပါဘူးလား... ဖြစ်ကြပါတယ်။ နှလုံးမသွင်းတတ်လို့ရှိရင်တော့ ကောင်းတဲ့အာရုံနဲ့ တွေ့တဲ့အခါမှာ လောဘ၊ မကောင်းတဲ့ အနိဋ္ဌာရုံတွေနဲ့ တွေ့တဲ့အခါကျတော့ ဒေါသ ဒေါမနဿ အကုသိုလ်တွေ ဖြစ်ကြရတယ်။

ကောင်းတဲ့ ဣဋ္ဌာရုံ၌ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းပုံ

ကောင်းတဲ့ဣဋ္ဌာရုံတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုနှလုံးသွင်းရမလဲ .. မလိုအပ်ပါဘူးလား ... လိုအပ်ပါတယ်။ ကောင်းတဲ့ဣဋ္ဌာရုံတွေနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်လိုနှလုံးသွင်းရပါ့မလဲဆိုရင် ကောင်းတဲ့အာရုံတွေနဲ့ မိမိလာတွေ့နေတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား ... မကောင်းခဲ့လို့လား ... ကောင်းခဲ့လို့ပါ။ ကောင်းတဲ့ ကုသိုလ်တရားတွေ ပြုခဲ့လို့၊ ကောင်းတဲ့ ကုသိုလ်ကံတွေ ပြုခဲ့လို့ ကောင်းတဲ့ အာရုံ အမျိုးမျိုးတွေနဲ့ လာတွေ့နေရတာ ဖြစ်တယ်။

နောင်တစ်ချိန် အနာဂတ်ဘဝတွေမှာလည်း ဒီလို ကောင်းတဲ့ အာရုံတွေနဲ့ တွေ့ပြီးတော့ အကောင်းမြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရောက်သွားဖို့ရာ မလိုအပ်ပါဘူးလား ... လိုအပ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ကုသိုလ်တရားတွေ ကောင်းမှုကုသိုလ်တွေကို ရှေ့ကထက်ပိုပြီး ကြိုးစားအားထုတ်ရမယ်။ အားထုတ်မှ တော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ ကုသိုလ်ဖြစ်မသွားပါဘူးလား .... ဖြစ်သွားပါတယ်။ ရှေ့က မိမိကောင်းခဲ့လို့ ကောင်းတဲ့အာရုံတွေနဲ့ တွေ့ရတာဖြစ်တယ်။ နောင်တစ်ချိန်မှာလည်း ကောင်းတဲ့အာရုံတွေနဲ့ တွေ့ဖို့ရာ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားဖို့ရာ ကောင်းတဲ့ကုသိုလ်တွေ ပြုမှတော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်မဖြစ်သွားပါဘူးလား ... ကုသိုလ်ဖြစ်သွားပါတယ်။

မကောင်းတဲ့ အနိဋ္ဌာရုံ၌ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းပုံ

မကောင်းတဲ့ အနိဋ္ဌာရုံနဲ့ တွေ့ရတဲ့အခါ မမြင်ချင်တာတွေ၊ မကြားချင်တာတွေ၊ မတွေ့ချင်တာတွေနဲ့ တွေ့ရတဲ့အခါ ကုသိုလ်ဖြစ်အောင် ဘယ်လိုများ နှလုံးသွင်းရပါ့မလဲဆိုတော့ ဒီမကောင်းတဲ့ အနိဋ္ဌာရုံတွေနဲ့ မိမိတွေ့နေရတာ မိမိအတိတ်ဘဝများက ကောင်းခဲ့လို့လား ... မကောင်းခဲ့လို့လား ... မကောင်းခဲ့လို့ပါ။ မကောင်းခဲ့လို့ ဒီလို အနိဋ္ဌာရုံတွေ၊ မကောင်းကျိုးတွေနဲ့ လာတွေ့နေရတာလို့ ဒီလိုသိသွားတာနဲ့ တစ်ပြိုင်နက် မသက်သာသွားပါဘူးလား ... သက်သာသွားပါတယ်။

မကောင်းတဲ့ အနိဋ္ဌာရုံတွေကို ဘာနဲ့များ ကျော်လွန်နိုင်ပါ့မလဲ .. မကောင်းတာတွေနဲ့တော့ မကျော်လွန်နိုင်ပေဘူး။ စိတ်တွေ ညစ်နွမ်းပြီး အကုသိုလ်တရားတွေနဲ့ ကျော်မှ ကျော်လွန်နိုင်ပါ့မလား .. မကျော်လွန်နိုင်ပါဘူး။ ဘာနဲ့ ကျော်လွန်နိုင်သလဲဆိုတော့ ကုသိုလ်တရားတွေနဲ့ ကျော်လွန်နိုင်တယ်။ ကုသိုလ်တရားနဲ့မှ ကျော်လွန်နိုင်တယ်လို့ သိတဲ့အတွက်ကြောင့် ကုသိုလ်တရားတွေကို ရှေးကထက် ဆထက်ထမ်းပိုး တိုးပြီးတော့ ပြုလုပ်မှ တော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားပါသလဲ ... ကုသိုလ်ဖြစ်သွားပါတယ်။

ဆက်ရန် .... အာရမ္မဏ - ၂(ဂ) သို့

အပြည့်အစုံသို့...

အာရမ္မဏပစ္စည်း - ၂(က)

အာရမ္မဏပစ္စည်း - ၂(က)

၁၃၅၃-ခု၊ ဝါခေါင်လဆန်း(ဂ)ရက်နေ့၊ နေ့လည်ပိုင်းမှာ ဟောကြားမည့် တရားတော်က ပစ္စယနိဒ္ဒေသပါဠိတော်လာ အာရမ္မဏပစ္စည်း တရားတော်ဖြစ်တယ်။

အာရမ္မဏပစ္စယောတိ -
  • ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • သဗ္ဗေ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
  • ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ = အကြင်အကြင် အာရုံ(၆)ပါး ပစ္စည်းတရားကို၊ အာရဗ္ဘ = အာရုံပြု၍၊ ယေ ယေ ဓမ္မာ = အကြင်အကြင်သို့သော သဘောရှိကုန်သော အာရမ္မဏိက ပစ္စယုပ္ပန်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိ = ဖြစ်ကုန်၏ ။ စိတ္တ စေတသိကာ = စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = အာရမ္မဏ ပစ္စယုပ္ပန်တရားတို့သည်၊ ဥပ္ပဇ္ဇန္တိ = ဖြစ်ကုန်၏ ။ တေ တေ ဓမ္မာ = ထိုထိုအာရုံ(၆)ပါး ပစ္စည်းတရားတို့သည်၊ တေသံ တေသံ ဓမ္မာနံ = ထိုထို အာရမ္မဏိက ပစ္စယုပ္ပန်တရားတို့အား၊ အာရမ္မဏပစ္စယေန = အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည၊် ဟောတိ = ဖြစ်၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ဂရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု ပါဘုရား။

ပစ္စည်း = ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်သော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ပညတ်ဟူသော အာရုံ (၆)ပါး။

ပစ္စယုပ္ပန် = စိတ် ၈၉-ပါးနှင့် စေတသိက် ၅၂-ပါး။

ပစ္စယသတ္တိ = ကြိုးတန်းနှင့် တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သောသူတို့အား ဆွဲတွယ်ထေက်တည်ရန် ကျေးဇူးပြုသကဲ့သို့ အတိတ်, အနာဂတ်, ပစ္စုပ္ပန် အာရုံ (၆)ပါးတို့သည် အသီးသီး မိမိတို့နှင့်ဆိုင်ရာ စိတ်၊ စေတသိက်တို့အား ဖြစ်ပေါ်လာစေရန် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။

(သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်)

အာရမ္မဏသတ္တိ - ဟူသည် ... ဖူးပွင့်ဝေဆာသော ပန်းဥယျာဉ်ကြီးထဲ၌ လူတို့ပျော်မွေ့ဖွယ်ရာ ဖြစ်သကဲ့သို့ ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ် စေတသိက်တို့၏ နှစ်သက်ပျော်မွေ့ဖွယ်ရာ ဖြစ်ကြပါတယ်။ အာရုံနှင့်ကင်း၍ ဖြစ်ကြသော စိတ် စေတသိက်တရား မည်သည် မရှိကြပါ။ စိတ် စေတသိက်တိုင်း ရူပါရုံစသော အာရုံတစ်ခုခုကို အမှန်ပင် အာရုံပြုကြရပါတယ်။ အဲဒီလို စိတ် စေတသိက်တရားတို့က ရူပါရုံစသော အာရုံတို့အပေါ်၌ မခွဲနိုင်၊ မခွါနိုင်လောက်အောင် မွေ့လျော်ဖွယ်ရာကို ဆောင်တတ်သော ဆွဲငင်အား သတ္တိထူးကို "အာရမ္မဏသတ္တိ" လို့ ခေါ်ပါတယ်။
ထိုအာရမ္မဏ-ဟူသော ပါဠိသဒ္ဒါမှ 'အာရုံ' ဟူသည့် မြန်မာဝေါဟာရ ဖြစ်ပေါ်လာပါတယ်။

အာရုံ (၆)ပါးဟူသည်ကား ...
  • ၁။ ရူပါရုံ = အဆင်း ။ တရားကိုယ်မှာ 'ဝဏ္ဏ' အဆင်း ဖြစ်ပါတယ်။
  • ၂။ သဒ္ဒါရုံ = အသံ ။ တရားကိုယ်မှာ 'သဒ္ဒ' အသံ ဖြစ်ပါတယ်။
  • ၃။ ဂန္ဓာရုံ = အနံ့ ။ တရားကိုယ်မှာ 'ဂန္ဓ' အနံ့ ဖြစ်ပါတယ်။
  • ၄။ ရသာရုံ = အရသာ ။ တရားကိုယ်မှာ 'ရသ' အရသာ ဖြစ်ပါတယ်။
  • ၅။ ဖောဋ္ဌဗ္ဗာရုံ = အထိအတွေ့ ။ တရားကိုယ်မှာ ပထဝီ, တေဇော, ဝါယော-ဟူသော ဓာတ် ၃-ပါးသာလျှင်ဖြစ်သော အထိအတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ဖြစ်ပါတယ်။
  • ၆။ ဓမ္မာရုံ = ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ နိဗ္ဗာန်၊ ပညတ်တို့ ဖြစ်ကြပါတယ်။
အာရုံ နှင့် ကာလ
  • ရူပါရုံ, သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကား မြင်နိုင်၊ ကြားနိုင်၊ နံနိုင်၊ စားသိနိုင်၊ ထိသိနိုင်လောက်အောင် ကြမ်းတမ်းသည့် သြဠာရိကရုပ် (ရုပ်ကြမ်း)များ ဖြစ်ကြပါတယ်။
  • ဓမ္မာရုံ ပါဝင်သော ပသာဒရုပ် (ဝါ) အကြည်ဓာတ် ၅-ပါးနှင့် သုခုမရုပ် (ဝါ) သိမ်မွေ့သောရုပ် ၁၆-ပါးတို့ကား မမြင်နိုင် မထိတွေ့နိုင်သော ရုပ်နုများ ဖြစ်ကြပါတယ်။
  • ရုပ်တရား၊ နာမ်တရားတို့ကား 'ဥပါဒ်-ဌီ-ဘင်' (ဖြစ်-တည်-ပျက်) အစီအစဉ်အရ ခဏဖြစ်၍ ခဏပျက်လျက် ရှိကြပါတယ်။
  • ဖြစ်ပေါ်၍ မချူပ်ခင် 'ဥပါဒ်-ဌီ-ဘင်' အားဖြင့် အထင်အရှားရှိခိုက် အာရုံကို 'ပစ္စုပ္ပန်' အာရုံဟု ခေါ်တယ်။
  • 'ဥပါဒ်-ဌီ-ဘင်' စေ့၍ ချူပ်လေပြီးသော အာရုံကို 'အတိတ်' အာရုံဟု ခေါ်ပါတယ်။
  • အကြောင်းညီညွတ်လျှင် ဧကန် ဖြစ်ပေါ်မည့် အာရုံကို 'အနာဂတ်' အာရုံဟု ခေါ်ပါတယ်။
  • ထို့ကြောင့် ဆိုခဲ့ပြီးသော ရုပ်-စိတ်-စေတသိက်တို့သည် အတိတ်-ပစ္စုပ္ပန်-အနာဂတ် ဟူ၍ ကာလ ၃-ပါးစီ ရှိကြပါတယ်။
  • ဓမ္မာရုံ၌ အကျုံးဝင်သော ပညတ်အာရုံနှင့် နိဗ္ဗာန်အာရုံတို့မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသည့် ကာလ ၃-ပါးမှ ကင်းလွတ်နေသော 'ကာလဝိမုတ်' အာရုံများ ဖြစ်ကြပါတယ်။
----------
မနောဓာတ် - အရကား ... ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်း ၂-ပါး၊ ပေါင်း ၃-ပါးတို့ ဖြစ်ကြပါတယ်။
  • ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ပဉ္စဒွါရ (တံခါးငါးပေါက်)ဟု ခေါ်ဆိုအပ်သော မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့၌ ထင်လာသည့် အာရုံ (၅)ပါးကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ် ဖြစ်ပါတယ်။
  • သမ္ပဋိစ္ဆိုန်းစိတ် = အာရုံ (၅)ပါးကို လက်ခံယူနိုင်သောစိတ် ဖြစ်ပါတယ်။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ် ၁-ပါး၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ် ၁-ပါး၊ ပေါင်း ၂-ပါး ရှိပါတယ်။ သမ္ပဋိစ္ဆိုန်းဒွေ-ဟုလည်း ခေါ်ပါတယ်။
ဓမ္မာနဉ္စ - အရကား ... သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးနှင့် ဝိတက်, ဝိစာရ, အဓိမောက္ခ - ပေါင်း ၁၀-ပါးတို့ ဖြစ်ကြပါတယ်။

သဗ္ဗစိတ္တဓာရဏစေတသိက် = အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသည့် စေတသိက် ၇-ပါး။ (စိတ်ဖြစ်တိုင်း အမြဲပါဝင်ကြသော စေတသိက်များ ဖြစ်ကြပါတယ်။)
၁။ ဖဿ = စိတ်နှင့် အာရုံကို တွေ့ထိပေးခြင်းသဘော။
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်း သဘော။
၃။ သညာ = အာရုံကို မှတ်သားခြင်း သဘော။
၎။ စေတနာ = ယှဉ်ဖက်တရားတို့ကို (ယှဉ်ဖက်စိတ် စေတသိက်တို့ကို) ဆိုင်ရာ ကိစ္စတို့၌ ဆောင်ရွက်ကြဖို့ရာ စေ့ဆော် တိုက်တွန်းခြင်း သဘော။
၅။ ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ တည်တံ့ခြင်း တည်ကြည်ခြင်း သဘော။
၆။ ဇီဝိတိနြေ္ဒ = ယှဉ်ဖက်တရားတို့ကို သက်တမ်းပြည့် တည်တံ့အောင် စောင့်ထိန်းခြင်း သဘော။
၇။ မနသိကာရ = စိတ်၌ အာရုံပေါ်လာအောင် ပြုပေးခြင်း သဘော။ (အာရုံကို နှလုံးသွင်းခြင်း သဘော)
ဆောင်။ ။"ဖသ်, ဝေ, သဉ်, စေ၊ ဧ, ဇီ, မန၊ ဤသတ္တ သဗ္ဗ စိတ်တိုင်းဖြစ်"

ဝိတက် = ယှဉ်ဖက်စိတ် စေတသိက်တို့ကို အာရုံသို့ တင်ပေးခြင်း သဘော။
ဝိစာရ = အာရုံကို သုံးသပ်ခြင်းသဘော (ဝါ) အာရုံကို ထပ်၍ ထပ်၍ ယူခြင်း သဘော။
အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ခြင်း သဘော။ ... တို့ ဖြစ်ကြပါတယ်။
-------

မနောဝိညာဏဓာတ် - အရကား ... သန္တီရဏ ၃-ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ သဟိတ်စိတ် ၇၁-ပါး၊ ပေါင်း ၇၆-ပါးတို့ ဖြစ်ကြပါတယ်။
  • သန္တီရဏစိတ် = သမ္ပဋိစ္ဆိုန်းစိတ် ခံယူထားသော အာရုံကို စုံစမ်းသောစိတ် ဖြစ်ပါတယ်။ ဥပေက္ခာသန္တီရဏ ၂-ပါးနှင့် သောမနဿသန္တီရဏ ၁-ပါးဟု ခွဲခြားထားပါတယ်။
  • မနောဒွါရာဝဇ္ဇန်းစိတ် = မနောဒွါရတည်းဟူသော စိတ်တံခါးဝ၌ ထင်လာသော အာရုံကို ဆင်ခြင်နှလုံးသွင်းတတ်သောစိတ် ဖြစ်ပါတယ်။
  • ဟသိတုပ္ပါဒ်စိတ် = မြတ်စွာဘုရားနှင့် ရဟန္တာအရှင်မြတ်တို့၏ ပြုံးရယ်သောစိတ် ဖြစ်ပါတယ်။
  • သဟိတ်စိတ် = ဟိတ်ပါဝင်သောစိတ်များကို သဟိတ်စိတ်များ ဟုခေါ်ပါတယ်။ (ဟေတုပစ္စည်းမှာ ရှင်းထားပြီးပါပြီ။)
ဓမ္မာနဉ္စ - အရကား ... စေတသိက် ၅၂-ပါး တို့ ဖြစ်ကြပါတယ်။
-------

အာရမ္မဏမျိုး (၈) ပစ္စည်း
၁။ အာရမ္မဏ
၂။ အဓိပတိ - အာရမ္မဏာဓိပတိ
၃။ နိဿယ - ဝတ္တာရမ္မဏပုရေဇာတ နိဿယ
၎။ ဥပနိဿယ - အာရမ္မဏူပနိဿယ
၅။ ပုရေဇာတ - အာရမ္မဏ ပုရေဇာတ
၆။ ဝိပ္ပယုတ္တ - ဝတ္ထာရမ္မဏ ပုရေဇာတ ဝိပ္ပယုတ္တ
၇။ အတ္ထိ - အာရမ္မဏ ပုရေဇာတတ္ထိ
၈။ အဝိဂတ - အာရမ္မဏ ပုရေဇာတ အဝိဂတ

ဆောင်။ ။ အာ-အဓိ-နိသ်၊ ဥ-ပု-ဝိပ်၊ နောက်ပိတ် အတ်-အဝိ။ အာရမ္မဏ၊ ပစ္စယ၊ ရှစ်ဝ ရစေဘိ။

မှတ်ချက်။ ။ ရုပ်တရားမှန်သမျှကို လောဘမူစိတ် ၈-ပါးကသာ အလေးအမြတ် အာရုံပြု၍၊ ရုပ်ပွား ဆင်းတုများကို အာဓိ-မဟာ ကုသိုလ်စိတ်ဖြင့် မကြည်ညိုနိုင်သည်ကို အရကောက်နှင့် အာဓိသရုပ်ခွဲတို့က ဖော်ညွှန်းထားပါတယ်။ အာရုံသာမာန်ဖြင့်ကား ကြည်ညိုနိုင်ကြပါတယ်။

နိဗ္ဗာန်သည် (အကျိုးတရားမဟုတ်) အကြောင်းအာရုံတရား ဖြစ်ကြောင်းကို "နိဗ္ဗာနံ ပစ္စဝေက္ခန္တိ၊ နိဗ္ဗာနံ ဂေါတြဘုဿ" ပါဠိတော်တို့က ညွှန်ပြပြီး၊ ထိုပါဠိကပင် ပုထုဇဉ်တို့ နိဗ္ဗာန်ကို အာရုံပြုနိုင်ပုံကိုလည်း ပြဆိုထားပါတယ်။
(ဓမ္မာစကြာ၌ နိဗ္ဗာန်ကို အကျိုးသစ္စာ သဘောဖြင့် ဟောကြားထားပါတယ်။)
(*အသေးစိတ်သိလိုပါက နီးစပ်ရာ ဆရာတော်များထံမှာ လေ့လာ မေးမြန်း သင်ယူကြပါ။ နက်နဲလွန်း၍ ဖြစ်ပါတယ်။)

အာရမ္မဏာဓိပတိသတ္တိ
- ဟူသည်ကား .. သာမာန်အာရုံထက်ပင် စိတ်ကို အလွန်အကဲတမ်းတမ်းစွဲ ဖြစ်အောင် ဆွဲဆောင်နိုင်သော စွမ်းအားဖြင့် အလေးအမြတ် ကျေးဇူးပြုခြင်း အစိုးရခြင်း သဘောသတ္တိ မည်ပါတယ်။

  • ရူပါယတနံ အစရှိသော ပါဠိတော်များဖြင့် အာရုံ + အာရမ္မဏိကအဖြစ် ပြီးပြီးပါလျက် "ယံ ယံ ဓမ္မံ" အစရှိသော ပါဌ်ကို ထပ်၍ ဟောတော်မူရခြင်း။
ရူပါယတနံ ..စသော ပါဌ်ဖြင့် အာရုံ + အာရမ္မဏိက အဖြစ်ပြီးသည်ကား မှန်သော်လည်း အာရုံပြုသော ခဏ၌သာ အာရုံ (၆)ပါးတို့သည် သတ္တဝိဉာဏဓာတ်တို့အား အာရမ္မဏပစ္စည်း ဖြစ်ကြပါတယ်။
ထိုသို့ ဖြစ်ရာတွင်လည်း အတူတကွ မဖြစ်ကြ၊ သူ့အာရမ္မဏိကတရားနှင့် သူ့အာရုံတရားတို့ အသီးသီး ဖြစ်ကြသည်ကို ပြတော်မူခြင်းငှာ - ယံ ယံ ဓမ္မံ စသောပါဌ်ကို ထပ်၍ ဟောတော်မူရပါတယ်။

  • ရုပ်/သံ ကြည့်ရှုနားထောင်ရာ၌ မြင်စိတ်နှင့် ကြားစိတ်တို့ ပြိုင်တူ မဖြစ်နိုင်ပုံ
ယံ ယံ ဓမ္မံ အာရဗ္ဘ" စသော ပါဌ်ကို ထောက်၍ မြင်စိတ်နှင့် ကြားစိတ်တို့ ပြိုင်တူ မဖြစ်ကြပါ။ အာရုံ (၆)ပါးတို့သည် ၇-ပါးသော ဝိညာဏဓာတ်တို့အား အာရမ္မဏပစ္စည်း ဖြစ်ကုန်သော်လည်း အတူတကွ မဖြစ်ကြကုန်။ အသီးသီးသာ ဖြစ်ကြကုန်ပါတယ်။
၎င်း ယံ ယံ ဓမ္မံ အာရဗ္ဘ စသည်ဖြင့် အာရမ္မဏနိဂုံး ကိုလည်းကောင်း၊ အာရမ္မဏမျိုး ၈-ပစ္စည်းလုံး ပစ္စည်း ပစ္စယုပ္ပန် ဖြစ်နိုင်ပုံကို ပြပါတယ်။ (အရကောက်-၈၊ ၁၄)

အာရုံ(၆)ပါးကြောင့် ဝိညာဏ်(၆)ပါး ဖြစ်ပုံ

အာရုံ(၆)ပါးက ပစ္စည်းတရား ဖြစ်တယ်။ သတ္တဝိညာဏဓာတ် လို့ခေါ်တဲ့ ဝိညာဏ်(၆)ပါးက ပစ္စယုပ္ပန်တရား ဖြစ်တယ်။ ထိုထိုပုဂ္ဂိုလ်တွေရဲ့ သန္တာန်၊ ယောဂီတို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အာရုံ(၆)ပါးကြောင့် ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတယ်။ အာရုံ(၆)ပါးက အာရမ္မဏ အကြောင်းပစ္စည်းတရား ဖြစ်တယ်။ ဝိညာဏ်(၆)ပါးက အာရမ္မဏိက ပစ္စယုပ္ပန်တရား ဖြစ်တယ်။ အကျိုးတရား ဝိညာဏ်(၆)ပါး ဖြစ်တာဟာလည်း အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တဲ့ အခိုက်အတန့်မှာသာ ဖြစ်တယ်။ မတိုက်ရင် မဖြစ်ဘူး။

မျက်စိအကြည်မျာ ရူပါရုံ အဆင်းလာတိုက်တဲ့အခါမှာ မြင်သိစိတ် ဖြစ်တယ်။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ကြားသိစိတ် ဖြစ်တယ်။ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါ နံသိစိတ် ဖြစ်တယ်။ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါ စားသိစိတ် ဖြစ်တယ်။ ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါကျတော့ ထိသိစိတ် ဖြစ်တယ်။ မနောအကြည်မှာ သဘောဓမ္မာရုံ လာတိုက်တဲ့အခါကျတော့ ကြံသိစိတ် ဖြစ်တယ်။

ဘယ်သူ့သန္တာန်မှာ ဖြစ်နေတာလဲဆိုတော့ ယောဂီများရဲ့သန္တာန်မှာ ဖြစ်နေတာပဲ ဖြစ်တယ်။ ထိုထိုပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်း ဖြစ်နေတာပဲဖြစ်တယ်။ အာရုံ(၆)ပါးက အကြည်ဓာတ်(၆)ဖြာမှာ လာတိုက်တဲ့ အခိုက်အတန့် မှာသာလျှင် မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိသိ၊ ကြံသိဆိုတဲ့ ဝိညာဏ်(၆)ပါး ဖြစ်ပေါ်လာတယ်။ ယောဂီများရဲ့သန္တာန်မှာ ကျေးဇူးပြုနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

အဲဒီမှာ အာရုံ(၆)ပါးက အတိုက်ဓာတ်၊ အကြည်ဓာတ်(၆)ပါးက အခံဓာတ်၊ ဝိညာဏ်(၆)ပါးက အပွင့်ဓာတ် ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ အတိုက်ဓာတ်ရယ်၊ အကြည်ဓာတ်ရယ်၊ အခံဓာတ်ရယ်လို့ ဖြစ်နေတယ်။ အဲဒီ အပွင့်ဓာတ်ရယ်လို့ ဖြစ်လာတဲ့အခိုက်အတန့်မှာ ဝိပဿနာတရားတွေ ရှုကြရပါတယ်။

အတိုက်ဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ ဆင်း သံ နံ့ သာ၊ တွေ့ ဓမ္မာ၊ ခြောက်ဖြာ တိုက်ဓာတ်မည်။

အဆင်း ရူပါရုံ၊ အသံ သဒ္ဒါရုံ။ အနံ့ ဂန္ဓရုံ၊ အရသာ ရသာရုံ၊ အတွေ့ ဖောဋ္ဌဗ္ဗာရုံ၊ သဘော ဓမ္မာရုံ ဒီ(၆)ဖြာဟာ အတိုက်ဓာတ် ဖြစ်ပါတယ်။ လာလာပြီးတော့ တိုက်ပါတယ်။

အခံဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ မျက်စိ နား နှာ၊ လျှာ ကိုယ် စိတ်ပါ၊ ဤခြောက်ဖြာ၊ မှန်စွာ ခံဓာတ်မည်။

မျက်စိ အကြည်၊ နား အကြည်၊ နှာခေါင်း အကြည်၊ လျှာ အကြည်၊ ကိုယ် အကြည်၊ စိတ် အကြည်လို့ ယောဂီများ သန္တာန်မှာ ရှိပါတယ်။ အခံဓာတ် ဖြစ်ပါတယ်။ အာရုံ(၆)ပါးက လာလာတိုက်တဲ့ အခါကျမှ ဝိညာဏ်(၆)ပါး ဖြစ်တယ်။ မတိုက်ရင်တော့ မဖြစ်ပါဘူး။

အပွင့်ဓာတ် (၆)ပါး ဖြစ်ပုံ

ဆောင်ပုဒ်။ ။ ဝိညာဏ်ခြောက်ဖြာ၊ ဖြစ်ပေါ်လာ၊ မှန်စွာ ပွင့်ဓာတ်မည်။

မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်လို့ ဒီဝိညာဏ်(၆)ပါးကတော့ အပွင့်ဓာတ် ဖြစ်တယ်။ အတိုက်ဓာတ်၊ အခံဓာတ်၊ အပွင့်ဓာတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်နေပါတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကိုသိရင် ဝိပဿနာရှုလို့ ရသွားပြီ။

ဆက်ရန် ... အာရမ္မဏ - ၂(ခ) သို့

အပြည့်အစုံသို့...

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်