၆။ သဟဇာတ ပစ္စည်း (က)
၁၃၅၃-ခု၊ ဝါခေါင်လကွယ်နေ့၊ နေ့လည်ပိုင်းမှာ ဟောကြားမည့် တရားတော်က မြတ်စွာဘုရား ဟောကြားတော်မူအပ်တဲ့ ပဋ္ဌာန်းပါဠိတော် အစဉ်အားဖြင့် သဟဇာတပစ္စည်းကို ဟောကြားပါ့မယ်။
သဟဇာတပစ္စည်း၌ သဟဇာတ၏ အနက်အဓိပ္ပါယ်
သဟဇာတ -ဆိုတာ သဟ-က = အတူတကွ၊ ဇာတ-က = ဖြစ်လာ။ မိမိနှင့် အတူတကွဖြစ်တဲ့ ပစ္စယုပ္ပန်တရား၊ အကျိုးတရားတွေကို ဖြစ်ပေါ်အောင် ကျေးဇူးပြုတာကို "သဟဇာတပစ္စည်း"လို့ ခေါ်ပါတယ်။ သဟ = အတူတကွ၊ ဇာတ = ဖြစ်တဲ့ ပစ္စယုပ္ပန်တရား၊ အကျိုးတရားတွေကို ဖြစ်ပေါ်အောင် ကျေးဇူးပြုတဲ့ ပစ္စည်းတရား ဖြစ်တယ်။
ပစ္စည်းတရားက အကြောင်းတရား၊ ပစ္စယုပ္ပန်တရားက အကျိုးတရား။ အကြောင်းနဲ့ အကျိုးတရားဆိုတာ အကြောင်းတရားက ရှေ့ကဖြစ်တယ်။ အကျိုးတရားက နောက်ကဖြစ်တယ်။ သာမာန်ပုဂ္ဂိုလ်တွေရဲ့ အသိဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အသိဉာဏ်မှာတော့ သဟဇာတပစ္စည်းတရားအနေနဲ့ ပစ္စည်းအကြောင်းတရားနဲ့ ပစ္စယုပ္ပန်အကျိုးတရားဟာ အတူတကွ တစ်ချိန်တည်းလို ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်လို့ ထင်ရှားပါတယ်။
သာမာန်ပုဂ္ဂိုလ်တွေ ဉာဏ်မှာတော့ မထင်ရှားနိုင်ပေဘူး။ မြတ်စွာဘုရား ဉာဏ်တော်မှာမှ ထင်ရှားတယ်။ မြတ်စွာဘုရားဉာဏ်တော်မှာ ထင်ရှားတဲ့ တရားကို အခု ယောဂီများ ရွတ်ဖတ် သရဇ္ဈယ်ကြရပေတယ်။ သိအောင် လေ့လာကြရပေတယ်။ နက်နဲ ခက်ခဲ သိမ်မွေ့တဲ့ တရားတွေ ဖြစ်ပါတယ်။ သဟဇာတမှာလည်း ပစ္စည်းနဲ့ ပစ္စယုပ္ပန်ကိုတော့ ကြိုတင်ပြီး သိထားကြရမယ်။ ပစ္စည်းဆိုတာ အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာ အကျိုးတရား ဖြစ်တယ်။ မိမိတို့ ရွတ်ဆိုတဲ့အခါ ဒါက ပစ္စည်းအကြောင်းတရားကို ရွတ်ဆိုတာပဲ။ ဒါက ပစ္စယုပ္ပန်အကျိုးတရားကို ရွတ်ဆိုတာပဲလို့ သိသွားတာနဲ့ အကျိုးကျေးဇူးများပါတယ်။
ပစ္စည်း = စိတ် ၈၉-ပါး, စေတသိက် ၅၂-ပါး, စတုဇမဟာဘုတ် ၄-ပါး, ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါး, ဟဒယဝတ္ထု။
ပစ္စယုပ္ပန် = စိတ် ၈၉-ပါး, စေတသိက် ၅၂-ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ အလုံးစုံသော ရုပ် ၂၈-ပါး, ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါး, ပဋိသန္ဓေ ကမ္မဇရုပ်။
ပစ္စယသတ္တိ = ဆီမီးသည် မိမိတောက်သည်နှင့် တစ်ပြိုင်နက် အရောင်အလင်းကို အတူတကွ ဖြစ်စေသကဲ့သို့ အကြောင်းတရားတို့သည် မိမိတို့ ဖြစ်ပေါ်လာကြသည်နှင့် တစ်ပြိုင်နက် အကျိုးတရားတို့အား တစ်ပြိုင်နက် အတူတကွ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုမှုကို သဟဇာတပစ္စယသတ္တိ-ဟု ခေါ်၏ ။
စိတ်စေတသိက်တို့သည် အချင်းချင်းအားလည်းကောင်း၊ မိမိတို့ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကြ၏ ။
စတုဇမဟာဘုတ် ၄-ပါးတို့သည် အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်တို့အားလည်းကောင်း သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကြ၏ ။
ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါးတို့သည် ပဋိသန္ဓေ ကမ္မဇရုပ်တို့အား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကြ၏ ။
ဟဒယဝတ္ထုသည် ပဉ္စဝေါကာရပဋိသန္ဓေ ၁၅-ပါးအား သဟဇာတသတ္တိဖြင့် ကျေးဇူးပြု၏ ။
သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်
စိတ္တဇရုပ် ၁၅-ပါး
အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ လဟုတာဒိရုပ် ၃-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ သဒ္ဒရုပ်၊ ပရိစ္ဆေဒရုပ်-ဟူ၍ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ၁၅-ပါး ရှိပါတယ်။ ၎င်းတို့အနက် ဝိညတ်ရုပ် ၂-ပါးသည် စိတ်အကြောင်းတစ်ပါးတည်းကြောင့် ဖြစ်သော စိတ္တဇဧကန်ရုပ် ဖြစ်ပါတယ်။ ကြွင်းသည့် ရုပ် ၁၃-ပါးမှာ အခြားအကြောင်းတို့ကြောင့်လည်း ဖြစ်ပေါ်ကြသည့်အတွက် စိတ္တဇအနေကန်ရုပ်များဟု မှတ်ယူရုပါတယ်။ထို့ကြောင့် စိတ္တဇရုပ် ၁၅-ပါး =
စိတ္တဇဧကန် ၂-ပါး(ဝိညတ်ရုပ် ၂-ပါး) + စိတ္တဇအနေကန် ၁၃-ပါး(အဝိနိဗ္ဘောဂ ၈ + လဟုတာဒိ ၃ + သဒ္ဒရုပ် + ပရိစ္ဆေဒရုပ်)
ကမ္မဇရုပ် ၁၈-ပါး
ထို့ကြောင့် ကမ္မဇရုပ် ၁၈-ပါး =
ကမ္မဇဧကန် ၉-ပါး(ဣနြေ္ဒရုပ် ၈ + ဟဒယ ၁) + ကမ္မဇအနေကန် ၉-ပါး(အဝိနိဗ္ဘောဂ ၈ + ပရစ္ဆေဒ ၁)
ပဋိသန္ဓေအခါ ရုပ်ဖြစ်စဉ်
(၁) သံသေဒဇပုဂ္ဂိုလ်နှင့် ဥပပတ်ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေအခါ၌ စက္ခုဒသကကလာပ်၊ သောတဒသကကလာပ်၊ ဃာနဒသကကလာပ်၊ ဇိဝှာဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဝတ္ထုဒသကကလာပ်-ဟူသော ကလာပ် ၇-စည်းတို့သည် ဥက္ကဋ္ဌနည်းအစွမ်းအားဖြင့် တစ်ပြိုင်နက်တည်း ထင်ရှားစွာ ဖြစ်ပေါ်လာကြကုန်၏ ။
သံသေဒဇသတ္တဝါတို့သည် သေးသေးငယ်ငယ်ကလေးမှ တဖြည်းဖြည်း ကြီးထွားလာကြ၏ ။ သြပပါတိကသတ္တဝါတို့ကား တစ်ခါတည်း ကြီးကြီးမားမား အထင်အရှား ဖြစ်ကြ၏ ။ ထို့ကြောင့် ကလာပ် ၇-စည်းဟူရာ၌ ဒသကကလာပ် ၇-မျိုးဟု မှတ်ပါ။ တစ်မျိုးတစ်မျိုးလျှင် ကလာပ်ပေါင်းများစွာ ပါဝင်ကြလိမ့်မည်။
အကုသိုလ်ကံ နှိပ်စက်၍ အာဃတနချို့တဲ့သော ထိုသံသေဒဇသတ္တဝါ၊ ဥပပတ်သတ္တဝါတို့၌ စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ်, ဘာဝဒသကကလာပ်-တို့ကို တစ်ခါတစ်ရံ မရကြကုန်။ ချို့တဲ့သော အာယာတနအတွက် ဆိုင်ရာရုပ်ကလာပ်တို့ ယုတ်လျော့ခြင်းကို သိမှတ်အပ်၏ ။
(၂) ဂဗ္ဘသေယျကသတ္တဝါတို့အား ပဋိသန္ဓေ ကလလရေကြည် တည်သောအခါ၌ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက-ဟူသော ကလာပ် ၃-စည်းနှင့် ရုပ် ၃၀ အပေါင်းအစုတို့သည် တစ်ပြိုင်နက် ထင်ရှားစွာ ဖြစ်ကြကုန်၏ ။ တစ်ခါတစ်ရံ အကုသိုလ်ကံနှိပ်စက်၍ ဘာဝဒသက ချို့ငဲ့တတ်၏ ။ ထိုအခါ ကလာပ်နှစ်စည်းနှင့် ရုပ် ၂၀ တို့၏ အပေါင်းအစုသာ ဖြစ်ကြ၏ ။
ကလလရေကြည်-ဟူသည်မှာ ဖွားခါစ သိုးငယ် (သို့) ဧဏီသားကောင်၏ သိမ်မွေ့သော အမွေးတစ်ချောင်းကို ကြည်လင်သည့် ဆီ၌ နှစ်၍ ဆယ်ယူသောအခါ အမွေးဖျား၌ ကပ်ငြိနေသော ဆီပေါက်၏ ပမာဏ ရှိ၏ ။ ထိုသေးငယ်လှသော ကလလရေကြည်၌ ရုပ် ၃၀ နှင့် ပဋိသန္ဓေ စိတ်စေတသိက်တို့ အတူတကွ ဖြစ်၏ ။ နပုန်းဝဏ္ဍုက်တို့၌ကား ဘာဝဒသကကို မရချေ။
(၃) ပဋိသန္ဓေအခါ၌ မရအပ်သော ရုပ်တို့အား သဒ္ဒရုပ်၊ ဝိကာရရုပ် ၅-ခု၊ ဇရနာရုပ်၊ အနိစ္စတာရုပ်-ဟူသော ရုပ် ၈-ပါးတည်း။
ရူပိနော ဓမ္မာ။ ပ။ ယော - စသော စကားကို အဘယ်ကို ရည်၍ ဟောတော်မူရခြင်း။
ပဋိသန္ဓေအခါ၌ ဖြစ်သော ဟဒယဝတ္ထုကို ရည်၍ ဟောပါသည်။ (ကောက်-၆၃၀)
စိတ္တသမုဌာနာနံ ရူပါနံအရ - အဋ္ဌကထာဆရာအလို - စိတ္တဇရုပ်ကိုသာ ကောက်သည်။
အာစရိယဝါဒအလို - စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်ကို ကောက်သည်။
သဟဇာတပစ္စည်းမှာ ရုပ်တရားနဲ့ နာမ်တရားကို အဓိကထားပြီးတော့ ဟောပါတယ်။ "ရူပိနော ဓမ္မာ အရူပိနော ဓမ္မာ" စသည်ဖြင့် ဟောပါသည်။ အရူပိနော = ဆိုတာ နာမ်တရားကို ပြောတာဖြစ်တယ်။ မဟာဘူတာ = စသည်ဖြင့်၊ ရူပိနော ဓမ္မာ = စသည်ဖြင့်က ရုပ်တရားကို ပြောတာ ဖြစ်တယ်။ ရုပ်တရားနဲ့ နာမ်တရား နှစ်ပါးကို အဓိကထားပြီး ဟောကြားတော်မူထားပါတယ်။
သဟဇာတပစ္စည်း၏ နာမ်ရုပ်သဘောတရားအားဖြင့် ကျေးဇူးပြုပုံ
သဟဇာတ ပစ္စယောတိ -
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော။ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။
သဟဇာတပစ္စယောတိ = သဟဇာတပစ္စည်း ဟူသည်ကား၊ စတ္တာရော = (၄)ပါးကုန်သော၊ အရူပိနော = နာမ်ဖြစ်ကြကုန်သော၊ ခန္ဓာ = ခန္ဓာတို့သည်၊ အညမညံ+(အညမညဿ) = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
စတ္တာရော = (၄)ပါးကုန်သော၊ မဟာဘူတာ = မဟာဘုတ်တို့သည်၊ အညမညံ+(အညမညဿ) = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏။
သြက္ကန္တိက္ခဏေ = ပဉ္စဝေါကာရပဋိသန္ဓေခဏ၌၊ နာမရူပံ = နာမ်ရုပ်သည်၊ အညမညံ+(အညမညဿ) = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
စိတ္တစေတသိကာ = စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = တရားတို့သည်၊ စိတ္တသမုဋ္ဌာနာနံ = စိတ်ကြောင့် ဖြစ်ကုန်သော၊ ရူပါနံ = စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
မဟာဘူတာ = မဟာဘုတ် (၄)ပါးတို့သည်၊ ဥပါဒါရူပါနံ = မဟာဘုတ်တို့ကို မှီ၍ ဖြစ်ကုန်သော ရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
ရူပိနော = ရုပ်ဖြစ်ကြကုန်သော၊ ဓမ္မာ = ဟဒယဝတ္ထုတရားတို့သည်၊ အရူပီနံ = နာမ်ဖြစ်ကုန်သော၊ ဓမ္မာနံ = ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာတို့အား၊ ကိဉ္စိကာလေ = အချို့သော ပဋိသန္ဓေကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။ ကိဉ္စိကာလေ = အချို့သော ပဝတ္တိကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ န ဟောတိ = မဖြစ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ....။
သာဓု ...သာဓု ... သာဓု ။
"စတ္တာရော ခန္ဓာ အရူပိနော"။ အရူပိနော = နာမ်ဖြစ်ကုန်သော၊ စတ္တာရော = (၄)ပါးကုန်သော၊ ခန္ဓာ = ခန္ဓာတို့သည် - ဟုဆိုရာ၌ ရူပိနော = က ရုပ်တရားတွေ ဖြစ်တယ်။ အရူပိနော = က ရုပ်မဟုတ်ဘူးဆိုတော့ နာမ်တရားတွေ ဖြစ်တယ်။ အဲဒီနာမ်တွေဟာ ဘယ်လောက်ရှိသလဲဆိုရင် စတ္တာရော ခန္ဓာ = နာမက္ခန္ဓာ (၄)ပါး ဖြစ်တယ်။
ဝေ = က ဝေဒနာက္ခန္ဓာ၊။ သဉ် = က သညာက္ခန္ဓာ၊ နောက် သင် =က သင်္ခါရက္ခန္ဓာ၊ ဝိဉ် = က ဝိညာဏက္ခန္ဓာ ။
"စတ္တာရော ခန္ဓာ အရူပိနော"အရ ဝေဒနာ = ဝေဒနာက္ခန္ဓာ၊ သညာ = သညာက္ခန္ဓာ၊ သင်္ခါရ = သင်္ခါရက္ခန္ဓာ၊ ဝိညာဏ = ဝိညာဏက္ခန္ဓာလို့ (၄)ပါး ဖြစ်ပေတယ်။ စတ္တာရော = အရ (၄)ပါးတော့ သိကြပြီ ဖြစ်တယ်။ အဲဒါကို နာမက္ခန္ဓာ(၄)ပါးလို့ ခေါ်တယ်။
နာမ်က နာမ်ကို အချင်းချင်း ကျေးဇူးပြုပုံ
"အရူပိနော" ရုပ်မဟုတ်တဲ့ နာမ်တွေဆိုတာ အရကောက်အားဖြင့် ဘယ်လောက်ရှိသလဲဆိုတော့ စိတ် (၈၉)ခု ။ (ပါဠိလိုတော့ စိတ်တစ်ခုယုတ် ကိုးဆယ်တဲ့။ တစ်ခုယုတ်နေတဲ့ (၉၀) ဖြစ်တယ်။) စေတသိက်က (၅၂)ပါး ရရှိပါတယ်။ အရကောက်ကလေး ထင်ရှားသွားပေပြီ။ အဲဒါဟာ ပစ္စည်းဘက်က နာမ်တရားတွေ ဖြစ်ပါတယ်။
ပစ္စယုပ္ပန်ဘက်ကို ကြည့်လိုက်တော့ "အညမညံ = အချင်းချင်းအား"။ အချင်းချင်းအား ကျေးဇူးပြုတယ်ဆိုတော့ ဒီတရားတွေပဲ ပြန်ရနေပါတယ်။ ဝေ = က ဝေဒနာက္ခန္ဓာ ၊ သဉ် = က သညာက္ခန္ဓာ ၊ သင် = က သင်္ခါရက္ခန္ဓာ ၊ ဝိဉ် = က ဝိညာဏက္ခန္ဓာ ပါ။ စိတ်(၈၉)ခု၊ စေတသိက် (၅၂)ခု၊ ပစ္စည်းနဲ့ ပစ္စယုပ္ပန် တရားချင်း တူနေပါတယ်။
"သဟဇာတ = အတူတကွ ဖြစ်တယ်" ဆိုတာ ပစ္စည်းကလည်း ဒီတရားတွေပဲ၊ ပစ္စယုပ္ပန်ကလည်း ဒီတရားတွေပဲ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ သာမာန်ပုဂ္ဂိုလ်တွေရဲ့ ဉာဏ်မှာတော့ အကြောင်းနဲ့ အကျိုး၊ ပစ္စည်းနဲ့ ပစ္စယုပ္ပန်တရားတွေ ဒီလို အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတယ်-ဆိုတာ မထင်ရှားပါဘူး။ မြတ်စွာဘုရားရဲ့ ဉာဏ်တော်မှာ ထင်ရှားတယ်။ ထင်ရှားတဲ့အတွက်ကြောင့် ယခု ယောဂီများ သိကြရပေတယ်။
"အညမည = အချင်းချင်း" ဆိုတာ ဘယ်လိုလဲဆိုတော့ အချင်းချင်း အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေတယ်လို့ ဆိုလိုပါတယ်။ ပစ္စည်းဘက်က ဝေဒနာဟာ ပစ္စည်းဖြစ်လို့ရှိရင် ပစ္စယုပ္ပန်ဘက်က သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့က ပစ္စယုပ္ပန် ဖြစ်နေကြတယ်။ အကျိုး ဖြစ်နေကြတယ်။ ပစ္စည်းဘက်ကနေ ဝေဒနာနဲ့ သညာ ပစ္စည်းဖြစ်နေလို့ရှိရင် ပစ္စယုပ္ပန်ဘက်က သင်္ခါရနဲ့ ဝိညာဏ်က ပစ္စယုပ္ပန် ဖြစ်နေကြတယ်။ အကျိုးတရား ဖြစ်နေကြတယ်။ ပစ္စည်းဘက်က ဝေဒနာ၊ သညာ၊ သင်္ခါရ-တို့က ပစ္စည်း ဖြစ်နေကြတယ် ဆိုရင် ပစ္စယုပ္ပန်ဘက်က ဝိညာဏ်က ပစ္စယုပ္ပန် အကျိုးတရား ဖြစ်တယ်။ အဲဒီလို အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေတာကို ဘယ်လိုခေါ်သလဲဆိုရင် အချင်းချင်းလို့ ခေါ်ပါတယ်။ အချင်းချင်း သဘောပေါက်သွားပြီနော်။
နာမက္ခန္ဓာ(၁)ပါးက နာမက္ခန္ဓာ(၃)ပါးကို၊ နာမက္ခန္ဓာ(၂)ပါးက နာမက္ခန္ဓာ(၂)ပါးကို၊ နာမက္ခန္ဓာ(၃)ပါးက နာမက္ခန္ဓာ(၁)ပါးကို အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေတော့ "အချင်းချင်း"လို့ ဆိုလို့ရပါတယ်။ အချင်းချင်း အဓိပ္ပါယ် သိသွားပါပြီ။ ဒါက နာမ်ကနေ နာမ်ကို ကျေးဇူးပြုတဲ့ အချက်ပဲ ဖြစ်ပေတယ်။
ဆောင်ပုဒ်။ ။ နာမ်က နာမ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေ သဟဇာတ။
သဟဇာတပစ္စည်း ကျေးဇူးပြုပုံ (၁)နံပါတ်အချက် ပြီးသွားပေပြီ။ (၂)နံပါတ်က - "စတ္တာရော မဟာဘူတာ"။ စတ္တာရော = (၄)ပါးကုန်သော၊ မဟာဘူတာ = မဟာဘုတ်တို့သည်၊ အညမညံ+အညမညဿ = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုတတ်သည်၊ ဟောတိ = ဖြစ်၏ ။
ရုပ်က ရုပ်ကို ကျေးဇူးပြုပုံ
ပစ္စည်းတရားဖြစ်တဲ့ မဟာဘုတ်(၄)ပါး-ဆိုတာ ပ = က ပထဝီ၊ အာ = က အာပေါ၊ တေ = က တေဇော၊ ဝါ = က ဝါယော- ဟု (၄)ပါး ဖြစ်ပေတယ်။ "စတ္တာရော"လို့ ခေါ်ပါတယ်။ ပါဠိလို "စတ္တာရော"။ သဘောပေါက်သွားပါပြီ ။
"အညမညံ+မညမညဿ = အချင်းချင်းအား" ဟု ဆိုရာ၌ ပစ္စယုပ္ပန်ဘက်၊ အကျိုးတရားဘက်ကလည်း ပ = က ပထဝီ၊ အာ = က အာပေါ၊ တေ = က တေဇော၊ ဝါ = က ဝါယော-ဟု ဒီ(၄)ပါးပဲ ဖြစ်တယ်။ တူပါတယ်။ ပစ္စည်းနဲ့ ပစ္စယုပ္ပန် အတူတူပဲ ဖြစ်တယ်။ သဟဇာတ = အတူတကွ ကျေးဇူးပြုတယ်-ဆိုတာ ယောဂီများ သဘောပေါက်သွားပြီ။
အချင်းချင်းဆိုတာက ဘာလဲဆိုတော့ ပထဝီက ပစ္စည်းဆိုလို့ရှိရင် အာပေါ၊ တေဇော၊ ဝါယော-တို့က ပစ္စယုပ္ပန်။ ပထဝီ၊ အာပေါက ပစ္စည်းတရားဖြစ်လို့ရှိရင် တေဇောက၊ ဝါယောတို့က ပစ္စယုပ္ပန်။ ပထဝီ၊ အာပေါ၊ တေဇော(၃)ပါးတို့က ပစ္စည်းဖြစ်လို့ရှိရင် ဝါယောက ပစ္စယုပ္ပန် ဖြစ်တယ်။ အပြန်ပြန် အလှန်လှန် လှည့်ပြီး ကျေးဇူးပြုလို့ရတယ်။ တေဇော၊ ဝါယောတို့က ပစ္စည်းတရားဖြစ်မယ်-ဆိုလို့ရှိရင် ပစ္စယုပ္ပန်ဘက်က ပထဝီ၊ အာပေါတို့က ပစ္စယုပ္ပန်တရား ဖြစ်ပါတယ်။ ပြောင်းပြောင်းပြန်ပြန်လည်း ကျေးဇူးပြုနိုင်ပါတယ်။ လှည့်ပြီးတော့လည်း ကျေးဇူးပြုနိုင်ပါတယ်။
မဟာဘုတ်(၁)ပါးက မဟာဘုတ်(၃)ပါးကို၊ မဟာဘုတ်(၂)ပါးက မဟာဘုတ်(၂)ပါးကို၊ မဟာဘုတ်(၃)ပါးက မဟာဘုတ်(၁)ပါးကို အပြန်ပြန်အလှန်လှန် ကျေးဇူးပြုနေတာကို "အချင်းချင်း= အညမည" လို့ ခေါ်ပါတယ်။ အညမညအဓိပ္ပါယ်လေး သိသွားပါတယ်။
လောကမှာ ဝေါဟာရတွေ အညမည - အညမညလို့ တော်တော့ကို သုံးနေကြတာပဲ။ ဘယ်က အညမညကို ယူပြီး သုံးနေသလဲတော့ မပြောတတ်ဘူး။ ပဋ္ဌာန်းပါဠိတော်က ယူပြီးတော့ သုံးနေတာနဲ့ တူပါတယ်။ အပြန်ပြန် အလှန်လှန် သူက ကိုယ့်ကို ကျေးဇူးပြု၊ ကိုယ်က သူ့ကို ကျေးဇူးပြုတာကို အညမည-လို့ ခေါ်ပါတယ်။
ဆောင်ပုဒ်။ ။ ရုပ်က ရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
စတ္တာရော မဟာဘူတ = ထဲက မဟာဘုတ်ကြီး (၄)ပါးကလည်း ရုပ်တရားပဲ။ အညမည = ထဲက မဟာဘုတ်ကြီး (၄)ပါးကလည်း ရုပ်တရားပဲ ဖြစ်ပေတယ်။ "ရုပ်က ရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ" ကိုက်ညီပါတယ်။ မဟာဘုတ်ကြီး (၄)ပါး ရုပ်တရားတွေက မဟာဘုတ်ကြီး (၄)ပါး ရုပ်တရားတွေ ဖြစ်အောင် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါတယ်။
နာမ်ရုပ် (၂)ပါးက နာမ်ရုပ် (၂)ပါးကို အချင်းချင်း ကျေးဇူးပြုပုံ
ပဉ္စဝေါကာရ ပဋိသန္ဓေ ခဏ - လို့ ပြောပါတယ်။ စတုဝေါကာရ - ဆိုတာ နာမ်ကြီးသက်သက်ရှိသော ဘုံဘဝ ဖြစ်တယ်။ အဲဒီဘုံကတော့ မရပေဘူးတဲ့။ ရုပ်၊နာမ် (၂)ပါးလုံး ရှိတဲ့ဘုံကို ပဉ္စဝေါကာရဘုံ-ဟု ခေါ်ရပေတယ်။ "နာမရူပံ" ၌ နာမ-အရက ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ပါး ဖြစ်တယ်။ ရူပ-အရက ဟဒယဝတ္ထု ဖြစ်တယ်။ အဲဒါ ပဋိသန္ဓေခဏမှာ သူတို့ အချင်းချင်း အပြန်ပြန် အလှန်လှန် ကျေးဇူးပြုကြတယ်။
ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ပါးကလည်း ဟဒယရုပ်ကို ဖြစ်ပေါ်လာရအောင်၊ တည်တံ့နေရအောင် ကျေးဇူးပြုတယ်။ ဟဒယဝတ္ထု ရုပ်ကလည်း ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ပါးကို ဖြစ်ပေါ်လာရအောင်၊ တည်တံ့နေရအောင် ကျေးဇူးပြုတယ်။ ဘယ်အခိုက်အတန့်မှာလည်းဆိုရင် ပဋိသန္ဓေ အခိုက်အတန့်မှာ ဖြစ်ပေတယ်။
ဟဒယဝတ္တုရုပ်ကလည်း ပဉ္စဝေါကာရ ပဋိသန္ဓေစိတ်နဲ့ အတူတကွ ဥပါဒ်ရသောကြောင့် အချင်းချင်း အပြန်ပြန်အလှန်လှန် ကျေးဇူးပြုလို့ ရကြပေတယ်။ နာမ-အရ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ခုက ရူပ - အရ ဟဒယကို အချင်းချင်းအားဖြင့် ကျေးဇူးပြုပေတယ်။ ရူပ-က ဟဒယဝတ္ထုရုပ်က နာမ-အရ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာကို အချင်းချင်း ကျေးဇူးပြုပေတယ်။ အပြန်အလှန် ကျေးဇူးပြုတယ်လို့လည်း ဆိုနိုင်ပါတယ်။
သူကတော့ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာက နာမ်ဖြစ်ပြီး ဟဒယက ရုပ်ဖြစ်သောကြောင့် နာမ်၊ရုပ် (၂)ပါးက နာမ်၊ရုပ် (၂)ပါးကို အချင်းချင်း ကျေးဇူးပြုပုံ ဖြစ်ပေတယ်။
ဆောင်ပုဒ်။ ။ ရုပ်၊နာမ်နှစ်ထွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
ရုပ်၊နာမ် (၂)ပါးက ရုပ်၊နာမ် (၂)ပါး ဖြစ်ပေါ်အောင် ကျေးဇူးပြုတဲ့ တစ်ချက်ပဲ ဖြစ်ပေတယ်။
နာမ်က နာမ်ကို အချင်းချင်း ကျေးဇူးပြုတာက တစ်ချက်။ ရုပ်က ရုပ်ကို အချင်းချင်း ကျေးဇူးပြုတာက တစ်ချက်။ ရုပ်နာမ် (၂)ပါးက ရုပ်နာမ် (၂)ပါးကို အချင်းချင်း ကျေးဇူးပြုတာက တစ်ချက်။ အချင်းချင်း (၃)ချက် ရှိသွားပေပြီ။
နာမ်က ရုပ်ကို အတူတကွ ဖြစ်ဖက်အဖြစ်ဖြင့် ကျေးဇူးပြုပုံ
စိတ္တစေတသိကာ = စိတ်၊ စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = စိတ် (၇၅)ခု၊ စေတသိက် (၅၂)ခု နာမက္ခန္ဓာတို့သည်၊ စိတ္တသမုဋ္ဌာနာနံ = စိတ်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနံ = စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
ပစ္စည်းဘက်က စိတ်၊ စေတသိက်တရားတွေ နာမ်တရားတွေ ဖြစ်ကြပေတယ်။ ပစ္စယုပ္ပန်ဘက်က စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တွေဆိုတော့ ရုပ်တရားတွေ ဖြစ်ကြပေတယ်။ နာမ်ကနေပြီးတော့ ရုပ်ကို သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ၊ နာမ်တရားတွေကနေပြီးတော့ ရုပ်ကို ဖြစ်ပေါ်စေသောအားဖြင့်၊ တည်တံ့စေသောအားဖြင့် ကျေးဇူးပြုပုံပဲ ဖြစ်ပေတယ်။
ဆောင်ပုဒ်။ ။ နာမ်ကရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
နာမ်တရားတွေက နာမ်တရား (၇၅)ပါး၊ စေတသိက် (၅၂)ပါးတို့က ရုပ်တွေကို ဖြစ်စေတယ်။ သဟဇာတ = အတူတကွဖြစ်ဖက် အဖြစ်ဖြင့် ကျေးဇူးပြုတယ်။ ဘယ်သူ့ သန္တာန်မှာလဲလို့ မေးလိုက်ရင်တော့ အခု တရားနာနေတဲ့ အခိုက်အတန့်မှာတော့ တရားနာပုဂ္ဂိုလ်များရဲ့ သန္တာန်မှာ ဖြစ်ပါတယ်။ နောက် (ဝိပဿနာ ရှုကွက်၌ ပေါ်လာပါလိမ့်မယ်။) ဒီအချက်ကတော့ ဝိပဿနာရှုကွက်ပဲ ဖြစ်ပေတယ်။
ရုပ်က ရုပ်ကို အတူတကွ ဖြစ်ဖက် အဖြစ်ဖြင့် ကျေးဇူးပြုပုံ
မဟာဘူတာ = မဟာဘုတ် (၄)ပါးတို့သည်၊ ဥပါဒါရူပါနံ = မဟာဘုတ်ကို မှီ၍ဖြစ်ကုန်သော (၂၄)ပါးကုန်သော ရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
"မဟာဘူတာ" အရ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော-တည်းဟူသော ရုပ်(၄)ပါးကနေပြီး သူတို့ကို မှီပြီးဖြစ်တဲ့ ဥပါဒါရုပ် (၂၄)ပါးကို ကျေးဇူးပြုတာ ဖြစ်တယ်။ ရုပ် (၂၈)ပါး ရှိတယ်။ မဟာဘုတ် (၄)ပါးက မှီရာရုပ်ဖြစ်တယ်။ ဥပါဒါရုပ် (၂၄)ပါးက မှီတတ်တဲ့ ရုပ်တွေ ဖြစ်ကြတယ်။ မဟာဘုတ် (၄)ပါးကို မှီပြီးတော့မှ ဖြစ်နိုင်တဲ့အတွက်ကြောင့် မဟာဘုတ်တွေကနေ ဥပါဒါရုပ်တွေအား ကျေးဇူးပြုနိုင်ပေတယ်။
ဆောင်ပုဒ်။ ။ ရုပ်ကရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
မဟာဘုတ်အချင်းချင်းလည်း ရုပ်က ရုပ်ကို ဖြစ်စေတာ ဖြစ်တယ်။ မဟာဘုတ်က ဥပါဒါရုပ်ကိုလည်း ရုပ်က ရုပ်ကို ဖြစ်စေတာ ဖြစ်တယ်။ ထို့ကြောင့် ရုပ်က ရုပ်ကို ဖြစ်စေတာ (၂)ချက် ရှိသွားပြီ။ (၂)ချက်မှာ - (၁) "စတ္တာရော မဟာဘူတာ အညမညံ"ကလည်း ရုပ်က ရုပ်ကို ကျေးဇူးပြုတာပဲ ဖြစ်တယ်။ (၂) "မဟာဘူတာ ဥပါဒါ ရူပါနံ" ဆိုတာကလည်း ဘယ်ကို ကျေးဇူးပြုနေတာပါလဲ ... ရုပ်က ရုပ်ကို ကျေးဇူးပြုတာပါ။ ရုပ်က ရုပ်ကို ကျေးဇူးပြုတာ (၂)ချက်ပါ။ အဲဒါလည်း သတိထားရမှာပါပဲတဲ့။
နာမ်ရုပ် (၂)ပါးက နာမ်ရုပ် (၂)ပါးကို အချို့သော ပဋိသန္ဓေကာလ၌ အချင်းချင်း ကျေးဇူးပြုပုံ
ရူပိနော = ရုပ်ဖြစ်ကုန်သော၊ ဓမ္မာ = ဟဒယဝတ္ထုတရားတို့သည်၊ အရူပီနံ = နာမ်ဖြစ်ကုန်သော၊ ဓမ္မာနံ = ပဉ္စဝေါကာရ ပဋိသန္ဓေ (၁၅)ပါး တို့အား၊ ကိဉ္စိကာလေ = အချို့သော ပဋိသန္ဓေ ကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတ ပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။ ကိဉ္စိကာလေ = အချို့သော ပဝတ္ထိကာလ၌၊ သဟဇာတ ပစ္စယေန = သဟဇာတ ပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ န ဟောတိ = မဖြစ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း...။
သာဓု ... သာဓု ... သာဓု ။
ပစ္စည်းတရားက ဟဒယဝတ္ထုရုပ်တရား ဖြစ်တယ်။ ပစ္စယုပ္ပန်တရားက ပဋိသန္ဓေ နာမက္ခန္ဓာ နာမ်တရား ဖြစ်တယ်။ "သြက္ကန္တိက္ခဏေ နာမရူပံ" ဆိုတဲ့အချက် နာမ်ရုပ် (၂)ပါးကနေ နာမ်ရုပ် (၂)ပါးကို သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံအချက်ကို မရှင်းလို့ ရှင်းပြရတယ်။ ဘယ်လိုရှင်းပြသလဲဆိုရင် မြတ်စွာဘုရားက "ကိဉ္စိကာလေ = အချို့သော ပဋိသန္ဓေကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။ " ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထုရုပ်က ပဋိသန္ဓေခဏမှာ တစ်ပြိုင်နက်ထဲ ဥပါဒ်ကြတော့ အချင်းချင်း အပြန်အလှန်လှန် ကျေးဇူးပြုလို့ ရပါတယ်။
နောက်တစ်ခါ ပဋိသန္ဓေနောင် ဘဝင် (၁၅)ချက်၊ (၁၆)ချက် ပဋိသန္ဓေ နေပြီးတာနဲ့ နောက်က ဘဝင်တွေ ကျသွားတယ်။ ပထမ ဘဝင်ကစပြီးတော့ ပဋိသန္ဓေ အခိုက်အတန့် မဟုတ်တော့ပေဘူး။။ ပဝတ္ထိအခါ ပဝတ္ထိအခိုက်အတန့် ဖြစ်သွားပေပြီ။ အဲဒီအခါကျတော့ ဟဒယဝတ္ထုရုပ်က ရှေ့က ရှိနေပြီး ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာတွေဟာ နောက်က ဖြစ်သွားပေပြီ။ ပဝတ္တိကာလမှာတော့ တစ်ပြိုင်နက် သဟဇာတအနေနဲ့ ကျေးဇူးပြုလို့ မရတော့ပေဘူး။ ပုရေဇာတသတ္တိဖြင့်သာ ကျေးဇူးပြုလို့ ရပေတယ်။ ဟဒယဝတ္ထုက ရှေ့က၊ နာမက္ခန္ဓာတွေက နောက်က ဖြစ်နေပေတယ်။ ဒါကြောင့် ကိဉ္စိကာလေ ထည့်ရပါတယ်။
ပဋိသန္ဓေ အခိုက်အတန့်မှာပဲ ရပါတယ်။ ပဝတ္ထိ အခိုက်အတန့် လူရယ်လို့ ဖြစ်လာ၊ ကြီးထွားလာတဲ့ အခိုက်အတန့်မှာတော့ မရတော့ပေဘူး။ ပဋိသန္ဓေစိတ်ကလည်း စိတ္တက္ခဏတစ်ချက်ကလေးပါပဲ။ ဥပါဒ်+ဌီ+ဘင် = ဒီအခိုက်အတန့် ခဏလေးမှာပဲ ဟဒယဝတ္ထုနှင့် ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ အပြန်အလှန် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်တယ်။ အဲဒီ စိတ္တက္ခဏတစ်ချက် လွန်သွားတာနဲ့၊ ဘဝင်သို့ ရောက်သွားတာနဲ့ ကျေးဇူးမပြုနိုင်တော့ပေဘူး။
"ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော" ကိဉ္စိကာလေ = ပဝတ္တိကာလခေါ်တဲ့ ပထမဘဝင်က စပြီးတော့ ပဝတ္ထိကာလ၌၊ သဟဇာတ ပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ န ဟောတိ = မဖြစ်။ (ဝါ) မဖြစ်နိုင်။ ဒါက "သြက္ကန္တိက္ခဏေ နာမရူပံ" ဆိုတဲ့အချက်ကို ရှင်းပြတာပါပဲ။ ယောဂီများ သဘောပေါက်ပါပြီ။
နာမ်က နာမ်ကို ကျေးဇူးပြုတာက တစ်ချက်။ ရုပ်က ရုပ်ကို ကျေးဇူးပြုတာက တစ်ချက်။ ရုပ်နာမ် (၂)ပါးက ရုပ်နာမ်(၂)ပါးကို ကျေးဇူးပြုတာက တစ်ချက်။ နာမ်က ရုပ်တရားကို ကျေးဇူးပြုတာက တစ်ချက်။ ရုပ်က ရုပ်ကို ကျေးဇူးပြုတာက တစ်ချက်။ "သြက္ကန္တိက္ခဏေ နာမရူပံ" ဆိုတဲ့ (၃)ခုမြောက် အချက်ကို ရှင်းရတာပါပဲ။ ပဋိသန္ဓေအခါမှာသာ ရနိုင်တယ်။ အပြန်အလှန် ကျေးဇူးပြုနိုင်တယ်။ ပဝတ္တိအခါကျတော့ အပြန်အလှန် ကျေးဇူးပြုလို့ မရတော့ပေဘူး။ သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်တော့ပေဘူး။ ပုရေဇာတပစ္စယသတ္တိဖြင့်သာ ကျေးဇူးပြုနိုင်တယ်။
ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ သဟဇာတပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း..။
ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။
သာဓု ... သာဓု ... သာဓု ။
ဆက်ရန် ... အညမညမပစ္စည်းသို့...