ဓမ္မဗောဓိ
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
ဝီထိ (၂)
ဝီထိ (၂)
ဝီထိဖြစ်ကြောင်း အင်္ဂါလေးပါး
စက္ခုဒွါရဝီထိ (ဝါ) စက္ခုဝိညာဏ ဝီထိဖြစ်ရန် အကြောင်း (၄)ပါး ပြည့်စုံရ၏ ။
(၁) စက္ခုပသာဒ-ဟုခေါ်သော မျက်စိအကြည်ဓာတ် ကောင်းမွန်ရမည်။
(၂) ရူပါရုံ-ဟူသော မြင်နိုင်သည့် အဆင်းလည်း ရှိရမည်။
(၃) အာလောက-ဟူသော အလင်းလည်း ရှိရမည်။
(၄) မနသိကာရ-ဟုခေါ်သော နှလုံးသွင်းမှု အာဝဇ္ဇန်းလည်း ရှိရမည်။
ဆောင်ပုဒ်။    ။ စက္ခာ, လောက၊ ရူပထင်ပြီး၊ မနသီ၊ လေးလီစက္ခုဖို့။
စက္ခုပသာဒ ချို့ယွင်းနေလျှင်သော်လည်းကောင်း၊ မြင်နိုင်သောအဆင်း မရှိလျှင်သော်လည်းကောင်း၊ အလင်းရောင် မရှိလျှင်သော်လည်းကောင်း၊ နှလုံးသွင်းမှု မရှိလျှင်သော်လည်းကောင်း၊ ဤအင်္ဂါ တစ်ပါးပါး ချို့ယွင်းလျှင် စက္ခုဝိညာဏဝီထိ-ဟူသည့် မြင်သိစိတ်အစဉ် မဖြစ်ပေါ်နိုင်တော့ချေ။
(Science အလိုအရ မြင်ခြင်းတွင် ပထမသုံးချက်သာ အဓိကကျသည်ဟု ယူဆ၏ ။ ရုပ်ဝတ္ထုမှ ပြန်ထွက်လာကြသော အလင်းတန်းများက မျက်စိ၏ အမြင်လွှာ (retina) ပေါ်၌ ကျရောက်သည့်အခါ အာရုံကြောများက ဦးနှောက်သို့ သတင်းပို့၏ ။ ထိုအခါ ဦးနှောက်က ထိုထင်လားသော အာရုံကို သိရှိပြီး မည်သည့်အာရုံ ဖြစ်သည်ကို သတင်းပြန်ကြားပေး၏ ။)
ဗုဒ္ဓအဘိဓမ္မာတွင် ရုပ်ဝတ္ထု, မျက်စိနှင့် အလင်းတို့ အပြင် နှလုံးသွင်းမှု မနသိကာရကိုလည်း အဓိကထား၏ ။ 'သတိမမူလျှင် ဂူမမြင်' ဟူသည့်အတိုင်း နှလုံးသွင်းမှု မရှိလျှင် မမြင်နိုင်ပါ။ ကျွန်ုပ်တို့၏ မျက်စိအမြင်လွှာ၌ ကျွန်ုပ်တို့၏ ရှေ့မှောက်တူရူဝယ် ရှိကြသော ရုပ်ဝတ္ထုပေါင်းများစွာတို့၏ အရိပ်များသည် တစ်ပြိုင်နက်တည်း ထင်ပေါ်နေ၏ ။ ထိုထင်ပေါ်သမျှသော အရိပ်အားလုံးကို ကျွန်ုပ်တို့သည် တစ်ပြိုင်တည်း မမြင်နိုင်ပါ။ တစ်ကြိမ်လျှင် နှလုံးသွင်းသော အရိပ်တစ်ခုကိုသာ မြင်နိုင်၏ ။ မြင်သိစိတ်က အလွန်လျင်မြန်စွာ ဖြစ်ပေါ်နိုင်သည့်အတွက် နှလုံးသွင်းသော အရိပ်တစ်ခုကိုသာ မြင်နိုင်၏ ။ မြင်သိစိတ်က အလွန်လျင်မြန်စွာ ဖြစ်ပေါ်နိုင်သည့်အတွက် နှလုံးသွင်းမှုကောင်းလျှင် ပုံရိပ်များကို တစ်ခုပြီး တစ်ခု နှလုံးသွင်းခြင်းဖြင့် လျင်မြန်စွာ မြင်သိနိုင်၏ ။
တစ်စုံတစ်ခုကို အလေးအနက်တွေးတော၍ ငေးမောသောအခါမျိုး၌ကား အမြင်လွှာတွင် ပုံရိပ်တစ်ထောင်ပင် ထင်နေသော်လည်း ဘာတစ်ခုကိုမျှ မမြင်သိလိုက်ပါ။ နားအကြည်လွှာ၌ အသံမျိုးစုံ ထိခိုက်နေသော်လည်း မည်သည့်အသံမျိုးကိုမျှ မကြားသိလိုက်ပါ။ ထို့ကြောင့် မနသိကာရသည် အလွန်လိုအပ်သော အဓိကရအချက် တစ်ခုဖြစ်ကြောင်း ထင်ရှားလှပေ၏ ။
* သောတဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
သောတပသာဒ, သဒ္ဒါရုံ, အာကာသဓာတ်နှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါး၌ အာကာသဓာတ်-ဟူသည်မှာ လေဖြစ်သန်းသွားလာနိုင်သော ဟင်းလင်းနယ်ကို ဆိုလို၏ ။ အသံလှိုင်းများ တိုးလျှိုပေါက်ဖြတ်သန်းနိုင်သော ဟင်းလင်းနယ်ရှိမှသာလျှင် အသံကို ကြားနိုင်၏ ။ မရှိလျှင် အသံကို မကြားနိုင်ချေ။
ဆောင်ပုဒ်။ ။ သောတ, ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့။ Science အလိုအရမူ နား, အသံလှိုင်းနှင့် အသံလှိုင်းကို လက်ဆင့်ကမ်း သယ်ဆောင်ပေးသော လေတို့ ရှိရမည်။
* ဃာနဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
ဃာနပသာဒ, ဂန္ဓာရုံ, ဝါတနှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါး၌ ဝါတ-ဟူသည်မှာ အနံ့ကို ဆောင်သောလေ ဖြစ်၏ ။ အနံ့ရှိသည့် ရုပ်ဝတ္ထု၏ မော်လီကျူးကလေးများက အငွေ့ပြန်ပြီး လေအဟုန်ကို စီးကာ နှာအကြည်ဓာတ်နှင့် ထိတွေ့၏ ။ ထိုအခါ နှလုံးသွင်းမှုရှိလျှင် အနံ့ကို သိရမည် ဖြစ်၏ ။
ဆောင်ပုဒ်။ ။ ဃာန, ဝါတ၊ ဂန္ဓ ထင်ပြီ။ မနသီ၊ လေးလီဃာနဖို့။
* ဇိဝှာဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
ဇိဝှာပသာဒ, ရသာရုံ, အာပနှင့် မနသိကာရ-တို့တည်း၊ ဤအကြောင်းတရားလေးပါး၌ အာပ-ဟူသည်မှာ လျှာရည် ဖြစ်၏ ။ အရသာရှိသည့် ရုပ်ဝတ္ထုသည် လျှာပေါ်ရောက်၍ လျှာရည်၌ ပျော်ဝင်သောအခါ လျှာအကြည်ဓာတ်နှင့် တွေ့ဆုံရ၏ ။ ထိုအခါ နှလုံးသွင်းမှုရှိလျှင် အရသာကို သိလာရ၏ ။
ဆောင်ပုဒ်။ ။ ဇိဝှာ, အာပ၊ ရသထင်ပြီ၊ မနသီ၊ လေးလီဇိဝှာဖို့ ။
* ကာယဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
ကာယပသာဒ, ဖောဋ္ဌဗ္ဗာရုံ, ထဒ္ဓပထဝီနှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါးတွင် ကာယပသာဒ-ဟူသည်မှာ ခန္ဓာကိုယ်တစ်ခုလုံး၌ ပျံနှံ့နေကြသော အာရုံကြောများ၏ ထိပ်ဖူးများ ဖြစ်သည်ဟု မှတ်ယူနိုင်၏ ။
ဖောဋ္ဌဗ္ဗာရုံတွင် ခက်မာခြင်း, နူးညံ့ခြင်းသဘောရှိသည့် ပထဝီဓာတ်၊ တွန်းကန် ဖိနှိပ်ခြင်းသဘောရှိသည့် ဝါယောဓာတ်၊ ပူခြင်းအေးခြင်း သဘောရှိသော တေဇောဓာတ်တို့ ပါဝင်၏ ။ ဤဓာတ်သဘောတို့ကို ' အထိအတွေ့' ဟူ၍ သာမန်အရပ်သုံးစကားဖြင့် ခေါ်ဆိုကြ၏ ။
ထဒ္ဓပထဝီ-ဟူသည် အထိအတွေ့ကို ကာယပသာဒသို့ ကူးဆက်ပေးသည့် ခက်မာသော ပထဝီ ဖြစ်၏ ။
နှလုံးသွင်းမှုရှိမှ အထိအတွေ့ကို သိနိုင်၏ ။ နှလုံးသွင်းမှု မရှိသောအခါ အင်္ကျီ လုံချည် စသည်တို့သည် ကိုယ်နှင့် ထိတွေ့နေသော်လည်း ထိတွေ့နေမှန်းကို မသိရချေ။
ဆောင်ပုဒ်။ ။ ကာယ, ထဒ္ဓ, ဖောဋ္ဌထင်ပြီ၊ မနသီ၊ လေးလီကာယဖို့ ။
* မနောဒွါရဝီထိ ဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
မနောဒွါရ-ဟုခေါ်ဆိုအပ်သော ဘဝင်စိတ်, ဓမ္မာရုံ,ဟဒယဝတ္ထုနှင့် မနသိကာရ-တို့ ဖြစ်ကြ၏ ။
ခန္ဓာငါးပါး ထင်ရှားရှိသော ပဉ္စဝေါကာရဘုံ (အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ရူပဗြဟ္မာဘုံ) တို့၌ စိတ်တို့သည် ဝတ္ထုရုပ် တစ်ခုခုကို မှီ၍သာ ဖြစ်ကြရ၏ ။
စက္ခုဒွါရ ဝီထိစိတ်-တို့သည် စက္ခုဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
သောတဒွါရ ဝီထိစိတ်-တို့သည် သောတဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
ဃာနဒွါရ ဝီထိစိတ်-တို့သည် ဃာနဝတ္ထု , ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
ဇိဝှါဒွါရ ဝီထိစိတ်-တို့သည် ဇိဝှာဝတ္ထု, ဟဒယဝတ္ထု- တို့ကို မှီ၍ ဖြစ်ကြ၏ ။
ကာယဒွါရ ဝီထိစိတ်-တို့သည် ကာယဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
မနောဒွါရ ဝီထိစိတ်တို့-သည် ဟဒယဝတ္ထု-ကို မှီ၍ ဖြစ်ကြ၏ ။
သို့အတွက် ပဉ္စဝေါကာရဘုံ၌ မနောဒွါရ ဝီထိဖြစ်ရန် ဟဒယဝတ္ထုသည် အဓိက လိုအပ်ချက်တစ်ပါး ဖြစ်၏ ။
ဘဝင် (၃)မျိုး - (အတီ၊ စလေ၊ ဥပစ္ဆေ၊ သုံးထွေ ဘဝင်္ဂ)
ဝီထိပိုင်း၌ (၁) အတီတဘဝင်၊ (၂) စလနဘဝင် (ဝါ) ဘဝင်္ဂစလနှင့် (၃) ဥပစ္ဆေဒဘဝင် (ဝါ) ဘဝင်္ဂုပစ္ဆေဒ - ဟူသော ဘဝင်သုံးမျိုးကို မှတ်သားရန် လို၏ ။
သတ္တဝါတို့၏ သန္တာန်၌ ဝီထိစိတ် ဖြစ်ပေါ်ခြင်း မရှိသည့် အခါများတွင် ဘဝင်စိတ်သာလျှင် အစဉ်မပြတ် ဖြစ်ပေါ်နေရ၏ ။ ဘဝင်စိတ်သည် လွန်ပြီးခါစ ဘဝဟောင်း၌ စုတေခါနီးအချိန်တွင် မရဏာသန္နဇောက ယူပေးခဲ့သော ကံနိမိတ်, ကမ္မနိမိတ်, ဂတိနိမိတ်, နိမိတ်သုံးပါးအနက်မှ တစ်ပါးပါးကို ပဋိသန္ဓေ တည်သည်မှ စ၍ စုတိတိုင်အောင် အာရုံ ပြု၏ ။ ထိုသို့ အာရုံပြုနေခြင်းကို ကျွန်ုပ်တို့ မသိကြချေ။
ထို့ကြောင့် ဘဝင်စိတ်သည် မသိစိတ် (unconscious mind) နှင့် တူ၏ ။
ဝီထိစိတ်သည် သိစိတ် (conscious mind) နှင့် တူ၏ ။
ပဉ္စဒွါရနှင့် မနောဒွါရတို့၌ အာရုံတစ်ပါးပါး ထင်လာသောအခါ ဘဝင်စိတ်အစဉ်သည် ပြတ်တောက်၍ အာရုံသစ်ကို အာရုံပြုသော ဝီထိစိတ်အစဉ် ဖြစ်ပေါ်လာ၏ ။
ထိုသို့ ဘဝင်အစဉ် ပြတ်ရန် အကြောင်းဖန်လာသောအခါ ဘဝင်စိတ်အစဉ်သည် ရုတ်တရက် တိခနဲ မပြတ်တောက်နိုင်ချေ။ ပမာဆိုသော် အဟုန်ဖြင့် ပြေးသွားသော ယောက်ျားတစ်ယောက်က အပြေးရပ်လိုသောအခါ ရပ်လိုသောနေရာ၌ တိခနဲ မရပ်နိုင်ဘဲ ဖဝါးတစ်လှမ်း နှစ်လှမ်းတို့ကို လွန်စေပြီးမှ ရပ်နိုင်သကဲ့သို့တည်း။
ထို့ကြောင့် ဘဝင်စိတ်အစဉ်သည် ပြင်ပအာရုံ ထင်သည်မှ စ၍ ဘဝင်နှစ်ကြိမ် ထပ်မံ ဖြစ်ပြီးမှသာ ပြတ်တောက်နိုင်၏ ။ ထိုဘဝင်နှစ်ကြိမ်သည် ထင်လာသော အာရုံသစ်ကြောင့် ယူမြဲဖြစ်သော အာရုံကို စွဲမြဲစွာလည် မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်သေးဘဲ ပင်ကိုဘဘောမှ ဖောက်ပြားချောက်ချားသွား၏ ။ ဤသို့ တုန်လှုပ်ချောက်ချားမှုကြောင့် ထိုဘဝင်နှစ်ခုကို ဘဝင်္ဂစလန-ဟု ခေါ်၏ ။ ထိုဘဝင်္ဂစလနနှစ်ခုတွင် ဒုတိယဘဝင်္ဂစလနသည် ဘဝင်အစဉ်တစ်ခု၏ အဆုံးစွန်သော ဘဝင်စိတ် ဖြစ်၏ ။ ထိုဘဝင်စိတ် ဖြစ်ပြီးသည်နောက်၌ ဘဝင်အစဉ် ပြတ်သွားသည့်အတွက် ထိုဘဝင်ကို ဘဝဂုင်္ပစ္ဆေဒ-ဟု အမည်ပေးခဲ့ကြ၏ ။
ဒွါရနှင့် အာရုံ ထိတိုက်ပြီးနောက် ဘဝင်မလှုပ်မီ ဖြစ်ပြီး ချုပ်ပျောက်သွားသော ဘဝင်စိတ်ကို အတီတဘဝင် (လွန်လေပြီးသောဘဝင်) ဟု ခေါ်၏ ။
၁။ ဘဝင်္ဂစလန = လှုပ်ရှားသွားသော ဘဝင်။
၂။ ဘဝင်္ဂုပစ္ဆေဒ = ပြတ်စဲသော ဘဝင်။
၃။ အတီတဘဝင် = လွန်လေပြီးသော ဘဝင်။
စက္ခုဒွါရ ဝီထိ ၁၅-ပါး
စက္ခုဒွါရ၌ အာရုံထင်ပုံသည် အာရုံ၏ အား အကြီးအသေးကို လိုက်၍ အတိမဟန္တာရုံ, မဟန္တရုံ, ပရိတ္တာရုံ, အတိပရိတ္တရုံ-ဟူ၍ လေးမျိုးပြားကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်၏ ။
ဤတွင်...
(၁) အတိ မဟန္တာရုံ၌ တဒါရမ္မဏ ဝါရ - ၁ ဝီထိ
(၂) မဟန္တာရုံ၌ ဇဝန ဝါရ - ၂ ဝီထိ
(၃) ပရိတ္တာရုံ၌ ဝေါဋ္ဌဗ္ဗန ဝါရ - ၆ ဝီထိ
(၄) အတိပရိတ္တာရုံ၌ မောဃဝါရ - ၆ ဝီထိ
စုစုပေါင်းသော် စက္ခုဒွါရ ဝီထိ - ၁၅ ဝီထိ ရှိ၏ ။
ပဉ္စဒွါရ ဝီထိ ၇၅-ပါး
(၁) စက္ခုဒွါရ၌ ဖြစ်သော ဝီထိစိတ်အစဉ် ၁၅-ပါး ရှိသည့်အတိုင်း
(၂) သောတဒွါရ၌ ဖြစ်သော သောတဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
(၃) ဃာနဒွါရ၌ ဖြစ်သော ဃာနဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
(၄) ဇိဝှာဒွါရ၌ ဖြစ်သော ဇိဝှာဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
(၅) ကာယဒွါရ၌ ဖြစ်သော ကာယဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
စုစုပေါင်းသော် ပဉ္စဒွါရဝီထိပေါင်း ၇၅-ပါးကို ရ၏ ။
(အတိမဟန္တာရုံ ဝီထိ .... စသည်တို့အား သင်္ဂြိုဟ်ကျမ်းများ၌ ဆက်လက် လေ့လာကြပါရန် တိုက်တွန်းပါ၏ ။ ပဋ္ဌာန်းလေ့လာရာ၌ မသိမဖြစ်သိရမည် ဖြစ်၍ ဝီထိအား အနည်းငယ် ပြန်လည် ရှင်းပြထားခြင်း ဖြစ်ပါသည်။ )
အပြည့်အစုံသို့...
ဝီထိ (၁)
ဝီထိ (၁)
သဟဇာတပစ္စည်း အကြောင်းမသွားခင် ဝီထိကို သင်္ဂြိုဟ်နည်းအားဖြင့် ပြန်လည်၍ နည်းနည်းတင်ပြချင်ပါတယ်။
'ဝီထိ' သဒ္ဒါသည် 'အစဉ်အတိုင်း' ကို ဟော၏ ။ လူတို့၏ သွားလာရာ ခရီးစဉ်သည် ရွာစဉ်ကို မကျော်ဘဲ တစ်ရွာပြီးတစ်ရွာ အစဉ်အတိုင်း ဖြစ်သန်းသွားသကဲ့သို့ ထို့အတူ စိတ္တနိယာမအရ စိတ်တို့၏ ဖြစ်စဉ်သည် ဖြစ်သင့်သော စိတ်အစဉ်တို့ကို မကျော်မူဘဲ စိတ်တစ်ခုပြီးတစ်ခု အစဉ်အတိုင်း ဖြစ်ပျက်ရ၏ ။
ဥပမာ - မျက်စိ အကြည်ဓာတ်၌ အဆင်းအာရုံ ထင်ပေါ်လာသောအခါ ပထမ ထိုအာရုံကို ဆင်ခြင်နှလုံးသွင်းသော ပဉ္စဒွါရာဝဇ္ဖန်းစိတ် ဖြစ်ရ၏ ။ ထို့နောက် ထင်လာသော ရူပါရုံကို မြင်သော စက္ခုဝိညာဏ်စိတ် ဖြစ်ရ၏ ။ မြင်ရုံသာ မြင်သေး၏ ။ မည်သည့်အဆင်းဟူ၍ မသိသေးချေ။ ထို့ကြောင့် စက္ခုဝိညာဏ် မြင်လိုက်သည့် ရူပါရုံကို လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် ဆက်လက်ဖြစ်ရ၏ ။ ထို့နောက် ထိုရူပါရုံကို စုံစမ်းသော သန္တီရဏစိတ် ဖြစ်၏ ။ ထို့နောက် 'ဤရူပါရုံသည် မည်သည့်အရာပဲ' ဟု အာရုံကို ဆုံးဖြတ်သော မနောဒွါရာဝဇ္ဇန်းစိတ် (ဝုဋ္ဌောစိတ်) ဖြစ်၏ ။ ထို့နောက် အာရုံကို ပိုင်းပိုင်းခြားခြား သိလျက် အာရုံ၏ အရသာကို ခံစားသော ဇောစိတ်တို့သည် အရှိန်အဟုန်နှင့် ဖြစ်၏ ။ ထို့နောက် ဇောစိတ်၏ အဟုန်ကြောင့် ဇောအစဉ်နောက်သို့ လိုက်သော တဒါရုံစိတ် ဖြစ်ပေါ်၏ ။ ထို့နောက် မြင်သိခြင်းကိစ္စ ပြီးဆုံးပြီဖြစ်၍ ဘဝင်စိတ်သည် ဖြစ်မြဲအတိုင်း ဆက်လက်ဖြစ်သွားရ၏ ။
ဤသို့ ဒွါရ ၆-ပါး၌ ထင်လာသော အာရုံတစ်ခုစီကို သိနိုင်ရန် ပဉ္စဒွါရဝဇ္ဇန်း စက္ခုဝိညာဏ်-စသည်ဖြင့် ဖြစ်ပေါ်ရသော စိတ်အစဉ်တစ်ခုစီကို 'ဝီထိ'-ဟု ခေါ်သည်။
ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်များ
တစ်ဘဝ၌ ပထမဆုံးဖြစ်သော စိတ်ကို ပဋိသန္ဓေစိတ်ဟု ခေါ်ပါတယ်။ ထိုပဋိသန္ဓေစိတ်သည် ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးမျိုးတွင် တစ်မျိုးမျိုးကို အာရုံပြု၏ ။ ပဋိသန္ဓေစိတ် ချုပ်ပျောက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘဝကို ဆက်ပေးသော ဘဝင်စိတ် တို့သည် ပဋိသန္ဓေစိတ် ယူသောအာရုံကိုပင် ဆက်ယူလျက် ဆက်ကာဆက်ကာ ဖြစ်ပျက်သွားကြ၏ ။ တစ်ဘဝ၏ နောက်ဆုံးစိတ်ဖြစ်သော ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်၏ ။ စုတိစိတ်သည်လည်း ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်-တို့ ယူသော အာရုံကိုပင် ဆက်ယူ၏ ။
ထိုပဋိသန္ဓေစိတ်, ဘဝင်စိတ်နှင့် စုတိစိတ်-တို့၏ အာရုံသည် အလွန်သိမ်မွေ့သဖြင့် ကျွန်ုပ်တို့ မသိရှိကြချေ။ ဤစိတ်တို့သည် စိတ်တစ်မျိုးတည်း ဖြစ်သောကြောင့်လည်းကောင်း၊ ဒွါရ ၆-ပါးတို့၌ မဖြစ်သောကြောင့်လည်းကောင်း ဤစိတ်တို့ကို ဝီထိမုတ္တ = ဝီထိမှ အလွတ်ဖြစ်သောစိတ်များဟု မှတ်ယူရ၏ ။
ဘဝင်စိတ်အစဉ် ဖြစ်ပေါ်နေစဉ် ဒွါရ ၆-ပါးအနက် တစ်ပါးပါး၌ အဆင်း၊ အသံ၊ အနံ့ - စသည့် ပြင်ပအာရုံတစ်မျိုးမျိုး ထိတိုက်လာသည့်အခါ ထိုအာရုံကို သိနိုင်ရန် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်- စသည်ဖြင့် စိတ်တစ်ခုပြီး တစ်ခု စီတန်းကာ ဖြစ်သောကြောင့်လည်းကောင်း၊ စက္ခုဒွါရ - စသည့် ခြောက်ဒွါရတို့၌ ထိုက်သည့်အားလျှော်စွာ ဖြစ်သောကြောင့်လည်းကောင်း၊ ဤစိတ်အစဉ်အတန်းကို 'ဝီထိ' ဟု ခေါ်ဆိုရ၏ ။
ဘဝင်စိတ်အစဉ်သည် တည်ငြိမ်နေသော ပင်လယ်ရေပြင်နှင့် တူ၏ ။ ဝီထိစိတ် အစဉ်တို့သည် လေမုန်တိုင်း၏ ပင့်ဆောင်မှုကြောင့် ကြွတက်မို့မောက်လာကြသည့် ပင်လယ်ဒီလှိုင်းများနှင့် တူကြ၏ ။
စိတ်၏ အသက်
စိတ်တစ်ခုစီ၏ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏ ဟူသော ခဏငယ် ၃-ချက်ကို စိတ္တက္ခဏတစ်ခု-ဟု ခေါ်၏ ။ ထိုစိတ္တက္ခဏတစ်ချက် (ဝါ) ခဏငယ် ၃-ချက်သည် စိတ်တစ်ခု၏ အသက်တည်း။
ဥပါဒ် = ဥပ္ပါဒ = ဖြစ်ပေါ်လာမှု၊
ဌီ = ဌီတိ = ဖြစ်ပေါ်ပြီးနောက် တည်နေမှု၊
ဘင် = ဘင်္ဂ = တည်နေပြီးနောက် ပျက်စီးချုပ်ကွယ်မှု၊
ဖြစ်ပေါ်ရန်အကြောင်း ပြည့်စုံညီညွတ်၍ ပရမတ္ထတရားတို့၏ ရှေးဦးဖြစ်ပေါ်လာသော ခဏအခါသည် ဥပါဒ်ခဏ မည်၏ ။
ဖြစ်ပေါ်ပြီးနောက် ပရမတ္ထတရားတို့၏ မချုပ်သေးမီ တည်နေသော အခိုက်အတန့်သည် ဌီခဏ မည်၏ ။
ဖြစ်ပေါ်တည်ပြီးနောက် ပရမတ္ထတရားတို့၏ ကွယ်ပျောက်ချုပ်ဆုံးသော ခဏအခါသည် ဘင်ခဏ မည်၏ ။
ထိုဥပါဒ်-ဌီ-ဘင် ခဏငယ် ၃-ချက်နှင့် ညီမျှသော စိတ္တက္ခဏတစ်ချက်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့်ကာလတွင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းကျော်ရှိသည်ဟု ကျမ်းဂန်၌ ဆိုထား၏ ။ ထို့ကြောင့် စိတ္တက္ခဏတစ်ခုသည် မျက်တောင်တစ်ခတ်မျှကာလ၏ ကုဋေတစ်သိန်းပုံ တစ်ပုံခန့်သာ ကြာရှည်၏ ။
ရုပ်၏ အသက်
စိတ္တက္ခဏပေါင်း ၁၇-ချက်သည် ရုပ်သက်တစ်ခုနှင့် ညီမျှ၏ ။ တစ်နည်းဆိုသော် ရုပ်၏ အသက်သည် စိတ်အသက်၏ ၁၇-ဆနှင့် ညီမျှ၏ ။ စိတ်တစ်ခု၏ အသက်သည် ခဏငယ် ၃-ခု ရှိသည့်အတွက် ရုပ်သက်တစ်ခုတွင် စိတ်ခဏငယ် ၁၇*၃ = ၅၁ ချက် ရှိ၏။
ထို ၅၁-ချက်တွင် အစဖြစ်သော ခဏငယ်တစ်ခုကား​ ရုပ်၏ ဥပါဒ်ခဏတည်း။ အဆုံးဖြစ်သော ခဏငယ်တစ်ခုကား ရုပ်၏ ဘင်ခဏတည်း။ အလယ်ဖြစ်သော ခဏငယ်ပေါင်း ၄၉-ခုကား ရုပ်၏ ဌီခဏတည်း ။
သို့အတွက် ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏတို့သည် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏတို့နှင့် အချိန်ကာလ အတူတူပင် ဖြစ်ကြ၏ ။ ရုပ်၏ ဌီခဏကမူ စိတ်၏ ဌီခဏထက် ၄၉-ဆ ကြာရှည်၏ ။ ဤအကြောင်းကြောင့် ရုပ်ကလာပ်များစွာ စုဝေးနိုင်ပြီး ထိုရုပ်အစုအဝေးကို ကျွန်ုပ်တို့ မြင်တွေ့နိုင်၏ ။ အလွန်လျင်မြန်စွာ တစ်ခုချင်းဖြစ်သောစိတ်ကိုမူ မည်သည့်အခါမျှ မမြင်တွေ့နိုင်ချေ။
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် အချိန်ကာလတွင် ရုပ်သက်ပေါင်း ကုဋေ ၅၈၀၀-ကျော် ရှိသည်ကို တွက်ချက်ကြည့်နိုင်ပါသည်။
မျက်စိတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် စက္ခုဒွါရ၌ ထင်လာသော ရူပါရုံ (အဆင်း)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို စက္ခုဒွါရဝီထိ-ဟု ခေါ်၏ ။
နားတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် သောတဒွါရ၌ ထင်လာသော သဒ္ဒရုံ (အသံ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို သောတဒွါရဝီထိ-ဟု ခေါ်၏ ။
နှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဃာနဒွါရ၌ ထင်လာသော ဂန္ဓာရုံ (အနံ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဃာနဝီထိ-ဟု ခေါ်၏ ။
လျှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဇိဝှာဒွါရ၌ ထင်လာသော ရသာရုံ (အရသာ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဇိဝှာဒွါရဝီထိ-ဟု ခေါ်၏ ။
ကိုယ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ကာယဒွါရ၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံ (အထိအတွေ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ကာယဒွါရဝီထိ-ဟု ခေါ်၏ ။
စိတ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် မနောဒွါရ၌ ထင်လာသော ဓမ္မာရုံ (အကြံအတွေး စသည်)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို မနောဒွါရဝီထိ-ဟု ခေါ်၏ ။
ဆောင်ပုဒ်။ ။ ခြောက်ဒွါရဝယ်၊ စိတ်အစဉ်ခြယ်၊ ခြောက်သွယ် ဝီထိထုတ်။ (ဒွါရ ခြောက်ပါးကို အကြောင်းပြု၍ စိတ်အစဉ် ခြောက်မျိုး (ဝါ) ဝီထိ ခြောက်မျိုး ဖြစ်ပေါ်သည်။)
ဆသက္က ခြောက်မျိုး ခြောက်လီ
* ဝီထိပိုင်း၌ ခြောက်ခု အပေါင်းအစု-ဟူသော ဆက္ကတို့သည် အဘယ်မျှ ရှိသနည်း။
ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က၊ ဝိညာဏဆက္က၊ ဝိသယပ္ပဝတ္ထိဆက္က၊ ဝီထိဆက္က-ဟူ၍ ခြောက်ပါး ရှိသည်။
ဝတ္ထုဆက္က ။ ။ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု-ဟူသော ဝတ္ထုခြောက်ခု အစုကို ဝတ္ထုဆက္က-ဟု ခေါ်၏ ။ ပထမဝတ္ထု ငါးခုသည် စက္ခုပသာဒ - စသည့် ပသာဒရုပ် ၅-ပါး ဖြစ်၏ ။ ဆဋ္ဌမမြောက် ဟဒယဝတ္ထုသည် နှလုံးအတွင်းရှိ သွေး၌ တည်သော ဝတ္ထု ဖြစ်၏ ။
ဒွါရဆက္က ။ ။ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှာဒွါရ၊ ကာယဒွါရ၊ မနောဒွါရ - ဟူသော ဒွါရ ခြောက်ခုအစုကို ဒွါရဆက္က-ဟု ခေါ်၏ ။ ပထမဒွါရ ငါးပါးသည် ပသာဒရုပ် ၅-ပါးပင် ဖြစ်၍၊ ရုပ်ဒွါရများ ဖြစ်ကြ၏ ။ မနောဒွါရမှာ ဘဝင်စိတ် ၁၉-ပါး ဖြစ်သဖြင့် နာမ်ဒွါရ ဖြစ်၏ ။
အာရမ္မဏဆက္က ။ ။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံ-တို့သည် အာရမ္မဏဆက္က ဖြစ်၏ ။
(ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က-တို့အား ပိုသဘောပေါက်ရန် ပကိဏ်းလည်း လေ့လာကြပါ။)
ဝိညာဏဆက္က ။ ။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာတဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်-ဟူသော ဝိညာဏ် ခြောက်ပါးကို ဝိညာဏဆက္က-ဟု ခေါ်ပါသည်။
ဝိညာဏ = ဝိညာဏ်-ဟူသည်မှာ သိခြင်း (စိတ်)ပင် ဖြစ်၏ ။
ဝီထိဆက္က ။ ။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှာဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ-ဟူ၍ ဝီထိခြောက်ပါးကို ဝီထိဆက္က-ဟု ခေါ်၏ ။
စက္ခုဒွါရဝီထိကို စက္ခုဝိညာဏဝီထိ-ဟုလည်း ခေါ်၏ ။ စက္ခုဒွါရ၌ ထင်လာသော အာရုံကို စက္ခုဝိညာဏ်စိတ်က မြင်သည်နှင့်စပ်၍ အဆက်ဆက်ဖြစ်လာသော စိတ်အစဉ်ကို စက္ခုဝိညာဏဝီထိ-ဟု ခေါ်ဆိုနိုင်၏ ။ ဒွါရ၏ အစွမ်းဖြင့် စက္ခုဒွါရဝီထိ-ဟု ခေါ်၍ ဝိညာဏ်၏ အစွမ်းဖြင့် စက္ခုဝိညာဏဝီထိ-ဟု ခေါ်ခြင်း ဖြစ်၏ ။
ထိုနည်းတူ ကျန်သည့်ဝီထိငါးပါးကို သောတဝိညာဏဝီထိ၊ ဃာတဝိညာဏဝီထိ၊ ဇိဝှာဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနောဝိညာဏဝီထိ-ဟုလည်း ခေါ်ဆိုအပ်၏ ။
ဝိသယပ္ပဝတ္တိဆက္က ။ ။ ဝိသယ = အာရုံ + ပဝတ္တိ = ဖြစ်ခြင်း, ထင်ခြင်း။ ဒွါရတို့၌ အာရုံ၏ ဖြစ်ခြင်းကို ဝိသယပ္ပဝတ္တိ-ဟု ခေါ်၏ ။ တစ်နည်း... အာရုံတို့၌ စိတ်ဖြစ်ခြင်းသည် ဝိသယပ္ပဝိတ္တိ - မည်၏ ။
ပဉ္စဒွါရ၌ ဖြစ်သော အာရုံ ၄-ပါး
၁။ အတိမဟန္တရုံ = ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၂။ မဟန္တရုံ = သင့်တင့် ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၃။ ပရိတ္တာရုံ = မထင်ရှား မသိသာသည့် အားနည်းသော အာရုံ ငါးပါး၊
၎။ အတိပရိတ္တာရုံ = အလွန်တရာ မသိသာ မထင်ရှား၍ အားနည်းလှသော အာရုံ ငါးပါး။
မနောဒွါရ၌ ဖြစ်သော အာရုံ ၂-ပါး
၁။ ဝိဘူတာရုံ = ထင်ထင်ရှားရှားဖြစ်သော အာရုံ၊
၂။ အဝိဘူတာရုံ = မထင်မရှားဖြစ်သော အာရုံ ။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ဒွါရတို့၏ အာရုံ ထင်ပုံ (၆)မျိုးကို ဝိသယပ္ပဝတ္တိဆက္က - ဟု ခေါ်၏ ။
ဝိသယပ္ပဝတ္တိ ၉-မျိုး ။ ။ အထက်ပါ အာရုံထင်ပုံ ခြောက်မျိုးတို့သည် ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ ခြောက်မျိုး ဖြစ်၏ ။ ဝီထိမုတ်-ခေါ်သော ပဋိသန္ဓေ, ဘဝင်, စုတိစိတ်-တို့၏ ဝိသယပ္ပဝတ္တိကား ကံ, ကမ္မနိမိတ်, ဂတိနိမိတ်-အားဖြင့် သုံးမျိုးရှိ၏ ။ သို့အတွက် စုစုပေါင်း ဝိသယပ္ပဝတ္တိ ၉-မျိုး ရှိ၏ ။
ဆက်ရန် .... ဝီထိ (၂) သို့
အပြည့်အစုံသို့...
၅။ သမနန္တရ ပစ္စည်း
ပစ္စည်း = အနန္တရပစ္စည်းနှင့် တူ၏ ။
ပစ္စယုပ္ပန် = အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်နှင့် တူ၏ ။
ပစ္စယသတ္တိ = ဧကရာဇ်မင်း၏ အရညဝါသီ တောထွက်၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ်စေတသိက်တို့အား ကောင်းစွာ အခြားမရှိစေဘဲ ဖြစ်ပေါ်ရန် ကျေးဇူးပြုကြကုန်၏ ။
ရှေးရှေးစိတ်စေတသိက်တို့က နောက်နောက် စိတ်စေတသိက်တို့အား အစဉ် အဆက်မပြတ် မျိုးအညှောက်ပေးကြရာ၌ စိတ်သည် ဖဿ, ဝေဒနာ-စသည်တို့အား မပေးဘဲ စိတ်အားသာလျှင် ပေး၏ ။ ဖဿသည် စိတ်ဝေဒနာ-စသည်တို့အား မပေးဘဲ ဖဿအားသာလျှင် ပေး၏ ။ ထို့အတူ ကြွင်းသော စေတသိက်တို့ကလည်း ဇာတ်မတူသူတို့အား မပေးဘဲ အသီးသီးဇာတ်တူသားအားသာလျှင် ပေးဆက်ကြ၏ ။ ဤသို့ ဇာတိ မရောမပြောင်းစေဘဲ မိမိတို့၏ ဇာတ်တူသားအားသာလျှင် ကောင်းစွာမျိုးအစဉ် ပေးကြသောကြောင့် အနန္တရပစ္စည်းကိုပင်လျှင် 'သံ=ကောင်းစွာ' ဟူသောပုဒ်ဖြင့် အထူးပြု၍ သမနန္တရပစ္စည်းဟု ဟောတော်မူ၏ ။
အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် တရားကိုယ်အားဖြင့် အတူတူပင် ဖြစ်ပါတယ်။ အတူတူဖြစ်ရက်သားနဲ့ မြတ်စွာဘုရား ဘာကြောင့် အနန္တရပစ္စည်းကို ဟောကြားပြီးတော့ သမနန္တရပစ္စည်းကို ထပ်ပြီး ဟောကြားရသလဲဆိုတော့ ပုဂ္ဂလဇ္ဈာသယ အားဖြင့် ထပ်ပြီး ဟောကြားတော်မူတာ ဖြစ်ပါတယ်။
အချို့အချို့သောပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောကြားလိုက်လို့ရှိရင် နားလည် သဘောပေါက်သွားတယ်။ နာမက္ခန္ဓာတရားတွေ အကြားမရှိ ကျေးဇူးပြုနေကြတယ်-ဆိုတာ သဘောပေါက်သွားတယ်။ အချို့အချို့သော ပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောလိုက်လို့ရှိရင် သဘောမပေါက်သေးပေဘူး။ သဘောမပေါက်သေးလို့ရှိရင် "သမနန္တရပစ္စယော"လို့ မြတ်စွာဘုရား ထပ်ပြီး ဟောကြားတော်မူလိုက်သောအခါကျမှ သဘောပေါက်သွားကြပေတယ်။
ရှေ့ရှေ့ နာမ်တရားတွေကနေပြီးတော့ နောက်နောက် နာမ်တရားတွေကို အခြားမရှိ၊ အကြားမရှိ ကျေးဇူးပြုတယ်ဆိုတာ ကောင်းစွာ အကြားမရှိ ကျေးဇူးပြုတာလို့ ဟောလိုက်တဲ့အခါကျတော့မှ အချို့အချို့သော ပုဂ္ဂိုလ်တွေက သဘောကျကြပေတယ်။ သဘောပေါက်ကြပေတယ်။
အနန္တရနှင့် သမနန္တရ နှစ်ပါးမှာ အနန္တရက စကြာဝတေးမင်းကြီး ကွယ်လွန်သွားတာ၊ နတ်ရွာစံသွားတာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကျေးဇူးပြုသကဲ့သို့ ရှေ့စိတ် ချုပ်ပျောက်သွားခြင်းသည် နောက်စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတယ်လို့ ဆိုလိုပေတယ်။
သမနန္တရကလည်း ဒီအတိုင်းပဲ၊ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာ၊ ရဟန်းပြုလိုက်တဲ့အခါမှာ သားကြီးရတနာဟာ အကြားမရှိ၊ အခြားသော မင်းတရားတွေ ဒီမှာ အုပ်စိုးလို့ မရအောင်၊ ချက်ချင်း အကြားမရှိ မင်းဖြစ်အောင် ကျေးဇူးပြုပါတယ်လို့ ဆိုလိုပေတယ်။ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာဟာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကောင်းစွာ ကျေးဇူးပြုသကဲ့သို့ သမနန္တရသတ္တိဖြင့် ကျေးဇူးပြုတာလည်း ဒီအတိုင်းပါပဲ။ ရှေ့ရှေ့စိတ်တွေ ချုပ်ပျောက်သွားတာ နောက်နောက်စိတ်တွေ ဖြစ်ပေါ်လာဖို့ရာ ကောင်းစွာ ကျေးဇူးပြုခဲ့ပါတယ်ဟု ဆိုလိုပါတယ်။ အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် ဤမျှလောက်ပင် ထူးခြားကြပေသည်။
အပြည့်အစုံသို့...
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)
ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။
တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)
Followers
ကျွန်တော့် အကြောင်း
ဆက်သွယ်ချင်ရင်