ဓမ္မဗောဓိ
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
၆။ သဟဇာတ ပစ္စည်း
၆။ သဟဇာတ ပစ္စည်း (က)
၁၃၅၃-ခု၊ ဝါခေါင်လကွယ်နေ့၊ နေ့လည်ပိုင်းမှာ ဟောကြားမည့် တရားတော်က မြတ်စွာဘုရား ဟောကြားတော်မူအပ်တဲ့ ပဋ္ဌာန်းပါဠိတော် အစဉ်အားဖြင့် သဟဇာတပစ္စည်းကို ဟောကြားပါ့မယ်။
သဟဇာတပစ္စည်း၌ သဟဇာတ၏ အနက်အဓိပ္ပါယ်
သဟဇာတ -ဆိုတာ သဟ-က = အတူတကွ၊ ဇာတ-က = ဖြစ်လာ။ မိမိနှင့် အတူတကွဖြစ်တဲ့ ပစ္စယုပ္ပန်တရား၊ အကျိုးတရားတွေကို ဖြစ်ပေါ်အောင် ကျေးဇူးပြုတာကို "သဟဇာတပစ္စည်း"လို့ ခေါ်ပါတယ်။ သဟ = အတူတကွ၊ ဇာတ = ဖြစ်တဲ့ ပစ္စယုပ္ပန်တရား၊ အကျိုးတရားတွေကို ဖြစ်ပေါ်အောင် ကျေးဇူးပြုတဲ့ ပစ္စည်းတရား ဖြစ်တယ်။
ပစ္စည်းတရားက အကြောင်းတရား၊ ပစ္စယုပ္ပန်တရားက အကျိုးတရား။ အကြောင်းနဲ့ အကျိုးတရားဆိုတာ အကြောင်းတရားက ရှေ့ကဖြစ်တယ်။ အကျိုးတရားက နောက်ကဖြစ်တယ်။ သာမာန်ပုဂ္ဂိုလ်တွေရဲ့ အသိဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အသိဉာဏ်မှာတော့ သဟဇာတပစ္စည်းတရားအနေနဲ့ ပစ္စည်းအကြောင်းတရားနဲ့ ပစ္စယုပ္ပန်အကျိုးတရားဟာ အတူတကွ တစ်ချိန်တည်းလို ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်လို့ ထင်ရှားပါတယ်။
သာမာန်ပုဂ္ဂိုလ်တွေ ဉာဏ်မှာတော့ မထင်ရှားနိုင်ပေဘူး။ မြတ်စွာဘုရား ဉာဏ်တော်မှာမှ ထင်ရှားတယ်။ မြတ်စွာဘုရားဉာဏ်တော်မှာ ထင်ရှားတဲ့ တရားကို အခု ယောဂီများ ရွတ်ဖတ် သရဇ္ဈယ်ကြရပေတယ်။ သိအောင် လေ့လာကြရပေတယ်။ နက်နဲ ခက်ခဲ သိမ်မွေ့တဲ့ တရားတွေ ဖြစ်ပါတယ်။ သဟဇာတမှာလည်း ပစ္စည်းနဲ့ ပစ္စယုပ္ပန်ကိုတော့ ကြိုတင်ပြီး သိထားကြရမယ်။ ပစ္စည်းဆိုတာ အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာ အကျိုးတရား ဖြစ်တယ်။ မိမိတို့ ရွတ်ဆိုတဲ့အခါ ဒါက ပစ္စည်းအကြောင်းတရားကို ရွတ်ဆိုတာပဲ။ ဒါက ပစ္စယုပ္ပန်အကျိုးတရားကို ရွတ်ဆိုတာပဲလို့ သိသွားတာနဲ့ အကျိုးကျေးဇူးများပါတယ်။
ပစ္စည်း = စိတ် ၈၉-ပါး, စေတသိက် ၅၂-ပါး, စတုဇမဟာဘုတ် ၄-ပါး, ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါး, ဟဒယဝတ္ထု။
ပစ္စယုပ္ပန် = စိတ် ၈၉-ပါး, စေတသိက် ၅၂-ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ အလုံးစုံသော ရုပ် ၂၈-ပါး, ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါး, ပဋိသန္ဓေ ကမ္မဇရုပ်။
ပစ္စယသတ္တိ = ဆီမီးသည် မိမိတောက်သည်နှင့် တစ်ပြိုင်နက် အရောင်အလင်းကို အတူတကွ ဖြစ်စေသကဲ့သို့ အကြောင်းတရားတို့သည် မိမိတို့ ဖြစ်ပေါ်လာကြသည်နှင့် တစ်ပြိုင်နက် အကျိုးတရားတို့အား တစ်ပြိုင်နက် အတူတကွ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုမှုကို သဟဇာတပစ္စယသတ္တိ-ဟု ခေါ်၏ ။
စိတ်စေတသိက်တို့သည် အချင်းချင်းအားလည်းကောင်း၊ မိမိတို့ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကြ၏ ။
စတုဇမဟာဘုတ် ၄-ပါးတို့သည် အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်တို့အားလည်းကောင်း သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကြ၏ ။
ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါးတို့သည် ပဋိသန္ဓေ ကမ္မဇရုပ်တို့အား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုကြ၏ ။
ဟဒယဝတ္ထုသည် ပဉ္စဝေါကာရပဋိသန္ဓေ ၁၅-ပါးအား သဟဇာတသတ္တိဖြင့် ကျေးဇူးပြု၏ ။
သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်
စိတ္တဇရုပ် ၁၅-ပါး
အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ လဟုတာဒိရုပ် ၃-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ သဒ္ဒရုပ်၊ ပရိစ္ဆေဒရုပ်-ဟူ၍ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ၁၅-ပါး ရှိပါတယ်။ ၎င်းတို့အနက် ဝိညတ်ရုပ် ၂-ပါးသည် စိတ်အကြောင်းတစ်ပါးတည်းကြောင့် ဖြစ်သော စိတ္တဇဧကန်ရုပ် ဖြစ်ပါတယ်။ ကြွင်းသည့် ရုပ် ၁၃-ပါးမှာ အခြားအကြောင်းတို့ကြောင့်လည်း ဖြစ်ပေါ်ကြသည့်အတွက် စိတ္တဇအနေကန်ရုပ်များဟု မှတ်ယူရုပါတယ်။
ထို့ကြောင့် စိတ္တဇရုပ် ၁၅-ပါး =
စိတ္တဇဧကန် ၂-ပါး(ဝိညတ်ရုပ် ၂-ပါး) + စိတ္တဇအနေကန် ၁၃-ပါး(အဝိနိဗ္ဘောဂ ၈ + လဟုတာဒိ ၃ + သဒ္ဒရုပ် + ပရိစ္ဆေဒရုပ်)
ကမ္မဇရုပ် ၁၈-ပါး
အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ ဣနြေ္ဒရုပ် ၈-ပါး၊ ဟဒယရုပ်၊ ပရိစ္ဆေဒရုပ်-ဟူ၍ ကံကြောင့် ဖြစ်သော ကမ္မဇရုပ် ၁၈-ပါး ရှိပါတယ်။ ၎င်းတို့အနက် ပသာဒရုပ် ၅-ပါး, ဘာဝရုပ် ၂-ပါး, ဇီဝိတရုပ် ၁-ပါး-ဟုဆိုအပ်သော ဣနြေ္ဒရုပ် ၈-ပါးနှင့် ဟဒယရုပ်ဝတ္ထု ၁-ပါး၊ ပေါင်း ၉-ပါး-တို့သည် ကံအကြောင်းတစ်ပါးတည်းကြောင့် ဖြစ်သော ကမ္မဇဧကန်ရုပ်များ ဖြစ်ကြ၏ ။ ကြွင်းသည့် ရုပ် ၉-ပါးမှာ အခြားအကြောင်းတို့ကြောင့်လည်း ဖြစ်ပေါ်ကြသည့်အတွက် ၎င်းတို့ကို ကမ္မဇအနေကန်ရုပ်များဟု သတ်မှတ်ကြ၏ ။
ထို့ကြောင့် ကမ္မဇရုပ် ၁၈-ပါး =
ကမ္မဇဧကန် ၉-ပါး(ဣနြေ္ဒရုပ် ၈ + ဟဒယ ၁) + ကမ္မဇအနေကန် ၉-ပါး(အဝိနိဗ္ဘောဂ ၈ + ပရစ္ဆေဒ ၁)
ပဋိသန္ဓေအခါ ရုပ်ဖြစ်စဉ်
(၁) သံသေဒဇပုဂ္ဂိုလ်နှင့် ဥပပတ်ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေအခါ၌ စက္ခုဒသကကလာပ်၊ သောတဒသကကလာပ်၊ ဃာနဒသကကလာပ်၊ ဇိဝှာဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဝတ္ထုဒသကကလာပ်-ဟူသော ကလာပ် ၇-စည်းတို့သည် ဥက္ကဋ္ဌနည်းအစွမ်းအားဖြင့် တစ်ပြိုင်နက်တည်း ထင်ရှားစွာ ဖြစ်ပေါ်လာကြကုန်၏ ။
သံသေဒဇသတ္တဝါတို့သည် သေးသေးငယ်ငယ်ကလေးမှ တဖြည်းဖြည်း ကြီးထွားလာကြ၏ ။ သြပပါတိကသတ္တဝါတို့ကား တစ်ခါတည်း ကြီးကြီးမားမား အထင်အရှား ဖြစ်ကြ၏ ။ ထို့ကြောင့် ကလာပ် ၇-စည်းဟူရာ၌ ဒသကကလာပ် ၇-မျိုးဟု မှတ်ပါ။ တစ်မျိုးတစ်မျိုးလျှင် ကလာပ်ပေါင်းများစွာ ပါဝင်ကြလိမ့်မည်။
အကုသိုလ်ကံ နှိပ်စက်၍ အာဃတနချို့တဲ့သော ထိုသံသေဒဇသတ္တဝါ၊ ဥပပတ်သတ္တဝါတို့၌ စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ်, ဘာဝဒသကကလာပ်-တို့ကို တစ်ခါတစ်ရံ မရကြကုန်။ ချို့တဲ့သော အာယာတနအတွက် ဆိုင်ရာရုပ်ကလာပ်တို့ ယုတ်လျော့ခြင်းကို သိမှတ်အပ်၏ ။
(၂) ဂဗ္ဘသေယျကသတ္တဝါတို့အား ပဋိသန္ဓေ ကလလရေကြည် တည်သောအခါ၌ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက-ဟူသော ကလာပ် ၃-စည်းနှင့် ရုပ် ၃၀ အပေါင်းအစုတို့သည် တစ်ပြိုင်နက် ထင်ရှားစွာ ဖြစ်ကြကုန်၏ ။ တစ်ခါတစ်ရံ အကုသိုလ်ကံနှိပ်စက်၍ ဘာဝဒသက ချို့ငဲ့တတ်၏ ။ ထိုအခါ ကလာပ်နှစ်စည်းနှင့် ရုပ် ၂၀ တို့၏ အပေါင်းအစုသာ ဖြစ်ကြ၏ ။
ကလလရေကြည်-ဟူသည်မှာ ဖွားခါစ သိုးငယ် (သို့) ဧဏီသားကောင်၏ သိမ်မွေ့သော အမွေးတစ်ချောင်းကို ကြည်လင်သည့် ဆီ၌ နှစ်၍ ဆယ်ယူသောအခါ အမွေးဖျား၌ ကပ်ငြိနေသော ဆီပေါက်၏ ပမာဏ ရှိ၏ ။ ထိုသေးငယ်လှသော ကလလရေကြည်၌ ရုပ် ၃၀ နှင့် ပဋိသန္ဓေ စိတ်စေတသိက်တို့ အတူတကွ ဖြစ်၏ ။ နပုန်းဝဏ္ဍုက်တို့၌ကား ဘာဝဒသကကို မရချေ။
(၃) ပဋိသန္ဓေအခါ၌ မရအပ်သော ရုပ်တို့အား သဒ္ဒရုပ်၊ ဝိကာရရုပ် ၅-ခု၊ ဇရနာရုပ်၊ အနိစ္စတာရုပ်-ဟူသော ရုပ် ၈-ပါးတည်း။
ရူပိနော ဓမ္မာ။ ပ။ ယော - စသော စကားကို အဘယ်ကို ရည်၍ ဟောတော်မူရခြင်း။
ပဋိသန္ဓေအခါ၌ ဖြစ်သော ဟဒယဝတ္ထုကို ရည်၍ ဟောပါသည်။ (ကောက်-၆၃၀)
စိတ္တသမုဌာနာနံ ရူပါနံအရ - အဋ္ဌကထာဆရာအလို - စိတ္တဇရုပ်ကိုသာ ကောက်သည်။
အာစရိယဝါဒအလို - စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်ကို ကောက်သည်။
သဟဇာတပစ္စည်းမှာ ရုပ်တရားနဲ့ နာမ်တရားကို အဓိကထားပြီးတော့ ဟောပါတယ်။ "ရူပိနော ဓမ္မာ အရူပိနော ဓမ္မာ" စသည်ဖြင့် ဟောပါသည်။ အရူပိနော = ဆိုတာ နာမ်တရားကို ပြောတာဖြစ်တယ်။ မဟာဘူတာ = စသည်ဖြင့်၊ ရူပိနော ဓမ္မာ = စသည်ဖြင့်က ရုပ်တရားကို ပြောတာ ဖြစ်တယ်။ ရုပ်တရားနဲ့ နာမ်တရား နှစ်ပါးကို အဓိကထားပြီး ဟောကြားတော်မူထားပါတယ်။
သဟဇာတပစ္စည်း၏ နာမ်ရုပ်သဘောတရားအားဖြင့် ကျေးဇူးပြုပုံ
သဟဇာတ ပစ္စယောတိ -
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတပစ္စယေန ပစ္စယော။ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။
သဟဇာတပစ္စယောတိ = သဟဇာတပစ္စည်း ဟူသည်ကား၊ စတ္တာရော = (၄)ပါးကုန်သော၊ အရူပိနော = နာမ်ဖြစ်ကြကုန်သော၊ ခန္ဓာ = ခန္ဓာတို့သည်၊ အညမညံ+(အညမညဿ) = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
စတ္တာရော = (၄)ပါးကုန်သော၊ မဟာဘူတာ = မဟာဘုတ်တို့သည်၊ အညမညံ+(အညမညဿ) = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏။
သြက္ကန္တိက္ခဏေ = ပဉ္စဝေါကာရပဋိသန္ဓေခဏ၌၊ နာမရူပံ = နာမ်ရုပ်သည်၊ အညမညံ+(အညမညဿ) = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
စိတ္တစေတသိကာ = စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = တရားတို့သည်၊ စိတ္တသမုဋ္ဌာနာနံ = စိတ်ကြောင့် ဖြစ်ကုန်သော၊ ရူပါနံ = စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
မဟာဘူတာ = မဟာဘုတ် (၄)ပါးတို့သည်၊ ဥပါဒါရူပါနံ = မဟာဘုတ်တို့ကို မှီ၍ ဖြစ်ကုန်သော ရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
ရူပိနော = ရုပ်ဖြစ်ကြကုန်သော၊ ဓမ္မာ = ဟဒယဝတ္ထုတရားတို့သည်၊ အရူပီနံ = နာမ်ဖြစ်ကုန်သော၊ ဓမ္မာနံ = ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာတို့အား၊ ကိဉ္စိကာလေ = အချို့သော ပဋိသန္ဓေကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။ ကိဉ္စိကာလေ = အချို့သော ပဝတ္တိကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ န ဟောတိ = မဖြစ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ....။
သာဓု ...သာဓု ... သာဓု ။
"စတ္တာရော ခန္ဓာ အရူပိနော"။ အရူပိနော = နာမ်ဖြစ်ကုန်သော၊ စတ္တာရော = (၄)ပါးကုန်သော၊ ခန္ဓာ = ခန္ဓာတို့သည် - ဟုဆိုရာ၌ ရူပိနော = က ရုပ်တရားတွေ ဖြစ်တယ်။ အရူပိနော = က ရုပ်မဟုတ်ဘူးဆိုတော့ နာမ်တရားတွေ ဖြစ်တယ်။ အဲဒီနာမ်တွေဟာ ဘယ်လောက်ရှိသလဲဆိုရင် စတ္တာရော ခန္ဓာ = နာမက္ခန္ဓာ (၄)ပါး ဖြစ်တယ်။
ဝေ = က ဝေဒနာက္ခန္ဓာ၊။ သဉ် = က သညာက္ခန္ဓာ၊ နောက် သင် =က သင်္ခါရက္ခန္ဓာ၊ ဝိဉ် = က ဝိညာဏက္ခန္ဓာ ။
"စတ္တာရော ခန္ဓာ အရူပိနော"အရ ဝေဒနာ = ဝေဒနာက္ခန္ဓာ၊ သညာ = သညာက္ခန္ဓာ၊ သင်္ခါရ = သင်္ခါရက္ခန္ဓာ၊ ဝိညာဏ = ဝိညာဏက္ခန္ဓာလို့ (၄)ပါး ဖြစ်ပေတယ်။ စတ္တာရော = အရ (၄)ပါးတော့ သိကြပြီ ဖြစ်တယ်။ အဲဒါကို နာမက္ခန္ဓာ(၄)ပါးလို့ ခေါ်တယ်။
နာမ်က နာမ်ကို အချင်းချင်း ကျေးဇူးပြုပုံ
"အရူပိနော" ရုပ်မဟုတ်တဲ့ နာမ်တွေဆိုတာ အရကောက်အားဖြင့် ဘယ်လောက်ရှိသလဲဆိုတော့ စိတ် (၈၉)ခု ။ (ပါဠိလိုတော့ စိတ်တစ်ခုယုတ် ကိုးဆယ်တဲ့။ တစ်ခုယုတ်နေတဲ့ (၉၀) ဖြစ်တယ်။) စေတသိက်က (၅၂)ပါး ရရှိပါတယ်။ အရကောက်ကလေး ထင်ရှားသွားပေပြီ။ အဲဒါဟာ ပစ္စည်းဘက်က နာမ်တရားတွေ ဖြစ်ပါတယ်။
ပစ္စယုပ္ပန်ဘက်ကို ကြည့်လိုက်တော့ "အညမညံ = အချင်းချင်းအား"။ အချင်းချင်းအား ကျေးဇူးပြုတယ်ဆိုတော့ ဒီတရားတွေပဲ ပြန်ရနေပါတယ်။ ဝေ = က ဝေဒနာက္ခန္ဓာ ၊ သဉ် = က သညာက္ခန္ဓာ ၊ သင် = က သင်္ခါရက္ခန္ဓာ ၊ ဝိဉ် = က ဝိညာဏက္ခန္ဓာ ပါ။ စိတ်(၈၉)ခု၊ စေတသိက် (၅၂)ခု၊ ပစ္စည်းနဲ့ ပစ္စယုပ္ပန် တရားချင်း တူနေပါတယ်။
"သဟဇာတ = အတူတကွ ဖြစ်တယ်" ဆိုတာ ပစ္စည်းကလည်း ဒီတရားတွေပဲ၊ ပစ္စယုပ္ပန်ကလည်း ဒီတရားတွေပဲ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ သာမာန်ပုဂ္ဂိုလ်တွေရဲ့ ဉာဏ်မှာတော့ အကြောင်းနဲ့ အကျိုး၊ ပစ္စည်းနဲ့ ပစ္စယုပ္ပန်တရားတွေ ဒီလို အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတယ်-ဆိုတာ မထင်ရှားပါဘူး။ မြတ်စွာဘုရားရဲ့ ဉာဏ်တော်မှာ ထင်ရှားတယ်။ ထင်ရှားတဲ့အတွက်ကြောင့် ယခု ယောဂီများ သိကြရပေတယ်။
"အညမည = အချင်းချင်း" ဆိုတာ ဘယ်လိုလဲဆိုတော့ အချင်းချင်း အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေတယ်လို့ ဆိုလိုပါတယ်။ ပစ္စည်းဘက်က ဝေဒနာဟာ ပစ္စည်းဖြစ်လို့ရှိရင် ပစ္စယုပ္ပန်ဘက်က သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့က ပစ္စယုပ္ပန် ဖြစ်နေကြတယ်။ အကျိုး ဖြစ်နေကြတယ်။ ပစ္စည်းဘက်ကနေ ဝေဒနာနဲ့ သညာ ပစ္စည်းဖြစ်နေလို့ရှိရင် ပစ္စယုပ္ပန်ဘက်က သင်္ခါရနဲ့ ဝိညာဏ်က ပစ္စယုပ္ပန် ဖြစ်နေကြတယ်။ အကျိုးတရား ဖြစ်နေကြတယ်။ ပစ္စည်းဘက်က ဝေဒနာ၊ သညာ၊ သင်္ခါရ-တို့က ပစ္စည်း ဖြစ်နေကြတယ် ဆိုရင် ပစ္စယုပ္ပန်ဘက်က ဝိညာဏ်က ပစ္စယုပ္ပန် အကျိုးတရား ဖြစ်တယ်။ အဲဒီလို အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေတာကို ဘယ်လိုခေါ်သလဲဆိုရင် အချင်းချင်းလို့ ခေါ်ပါတယ်။ အချင်းချင်း သဘောပေါက်သွားပြီနော်။
နာမက္ခန္ဓာ(၁)ပါးက နာမက္ခန္ဓာ(၃)ပါးကို၊ နာမက္ခန္ဓာ(၂)ပါးက နာမက္ခန္ဓာ(၂)ပါးကို၊ နာမက္ခန္ဓာ(၃)ပါးက နာမက္ခန္ဓာ(၁)ပါးကို အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေတော့ "အချင်းချင်း"လို့ ဆိုလို့ရပါတယ်။ အချင်းချင်း အဓိပ္ပါယ် သိသွားပါပြီ။ ဒါက နာမ်ကနေ နာမ်ကို ကျေးဇူးပြုတဲ့ အချက်ပဲ ဖြစ်ပေတယ်။
ဆောင်ပုဒ်။ ။ နာမ်က နာမ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေ သဟဇာတ။
သဟဇာတပစ္စည်း ကျေးဇူးပြုပုံ (၁)နံပါတ်အချက် ပြီးသွားပေပြီ။ (၂)နံပါတ်က - "စတ္တာရော မဟာဘူတာ"စတ္တာရော = (၄)ပါးကုန်သော၊ မဟာဘူတာ = မဟာဘုတ်တို့သည်၊ အညမညံ+အညမညဿ = အချင်းချင်းအား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုတတ်သည်၊ ဟောတိ = ဖြစ်၏ ။
ရုပ်က ရုပ်ကို ကျေးဇူးပြုပုံ
ပစ္စည်းတရားဖြစ်တဲ့ မဟာဘုတ်(၄)ပါး-ဆိုတာ = က ပထဝီ၊ အာ = က အာပေါ၊ တေ = က တေဇော၊ ဝါ = က ဝါယော- ဟု (၄)ပါး ဖြစ်ပေတယ်။ "စတ္တာရော"လို့ ခေါ်ပါတယ်။ ပါဠိလို "စတ္တာရော"။ သဘောပေါက်သွားပါပြီ ။
"အညမညံ+မညမညဿ = အချင်းချင်းအား" ဟု ဆိုရာ၌ ပစ္စယုပ္ပန်ဘက်၊ အကျိုးတရားဘက်ကလည်း = က ပထဝီ၊ အာ = က အာပေါ၊ တေ = က တေဇော၊ ဝါ = က ဝါယော-ဟု ဒီ(၄)ပါးပဲ ဖြစ်တယ်။ တူပါတယ်။ ပစ္စည်းနဲ့ ပစ္စယုပ္ပန် အတူတူပဲ ဖြစ်တယ်။ သဟဇာတ = အတူတကွ ကျေးဇူးပြုတယ်-ဆိုတာ ယောဂီများ သဘောပေါက်သွားပြီ။
အချင်းချင်းဆိုတာက ဘာလဲဆိုတော့ ပထဝီက ပစ္စည်းဆိုလို့ရှိရင် အာပေါ၊ တေဇော၊ ဝါယော-တို့က ပစ္စယုပ္ပန်။ ပထဝီ၊ အာပေါက ပစ္စည်းတရားဖြစ်လို့ရှိရင် တေဇောက၊ ဝါယောတို့က ပစ္စယုပ္ပန်။ ပထဝီ၊ အာပေါ၊ တေဇော(၃)ပါးတို့က ပစ္စည်းဖြစ်လို့ရှိရင် ဝါယောက ပစ္စယုပ္ပန် ဖြစ်တယ်။ အပြန်ပြန် အလှန်လှန် လှည့်ပြီး ကျေးဇူးပြုလို့ရတယ်။ တေဇော၊ ဝါယောတို့က ပစ္စည်းတရားဖြစ်မယ်-ဆိုလို့ရှိရင် ပစ္စယုပ္ပန်ဘက်က ပထဝီ၊ အာပေါတို့က ပစ္စယုပ္ပန်တရား ဖြစ်ပါတယ်။ ပြောင်းပြောင်းပြန်ပြန်လည်း ကျေးဇူးပြုနိုင်ပါတယ်။ လှည့်ပြီးတော့လည်း ကျေးဇူးပြုနိုင်ပါတယ်။
မဟာဘုတ်(၁)ပါးက မဟာဘုတ်(၃)ပါးကို၊ မဟာဘုတ်(၂)ပါးက မဟာဘုတ်(၂)ပါးကို၊ မဟာဘုတ်(၃)ပါးက မဟာဘုတ်(၁)ပါးကို အပြန်ပြန်အလှန်လှန် ကျေးဇူးပြုနေတာကို "အချင်းချင်း= အညမည" လို့ ခေါ်ပါတယ်။ အညမညအဓိပ္ပါယ်လေး သိသွားပါတယ်။
လောကမှာ ဝေါဟာရတွေ အညမည - အညမညလို့ တော်တော့ကို သုံးနေကြတာပဲ။ ဘယ်က အညမညကို ယူပြီး သုံးနေသလဲတော့ မပြောတတ်ဘူး။ ပဋ္ဌာန်းပါဠိတော်က ယူပြီးတော့ သုံးနေတာနဲ့ တူပါတယ်။ အပြန်ပြန် အလှန်လှန် သူက ကိုယ့်ကို ကျေးဇူးပြု၊ ကိုယ်က သူ့ကို ကျေးဇူးပြုတာကို အညမည-လို့ ခေါ်ပါတယ်။
ဆောင်ပုဒ်။ ။ ရုပ်က ရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
စတ္တာရော မဟာဘူတ = ထဲက မဟာဘုတ်ကြီး (၄)ပါးကလည်း ရုပ်တရားပဲ။ အညမည = ထဲက မဟာဘုတ်ကြီး (၄)ပါးကလည်း ရုပ်တရားပဲ ဖြစ်ပေတယ်။ "ရုပ်က ရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ" ကိုက်ညီပါတယ်။ မဟာဘုတ်ကြီး (၄)ပါး ရုပ်တရားတွေက မဟာဘုတ်ကြီး (၄)ပါး ရုပ်တရားတွေ ဖြစ်အောင် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါတယ်။
နာမ်ရုပ် (၂)ပါးက နာမ်ရုပ် (၂)ပါးကို အချင်းချင်း ကျေးဇူးပြုပုံ
သြက္ကန္တိက္ခဏေ = ပဉ္စဝေါကာရ ပဋိသန္ဓေ ခဏ၌၊ နာမရူပံ = နာမ်ရုပ်သည်၊ အညမညံ+မညမညဿ = အချင်းချင်းအား၊ သဟဇာတ ပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
ပဉ္စဝေါကာရ ပဋိသန္ဓေ ခဏ - လို့ ပြောပါတယ်။ စတုဝေါကာရ - ဆိုတာ နာမ်ကြီးသက်သက်ရှိသော ဘုံဘဝ ဖြစ်တယ်။ အဲဒီဘုံကတော့ မရပေဘူးတဲ့။ ရုပ်၊နာမ် (၂)ပါးလုံး ရှိတဲ့ဘုံကို ပဉ္စဝေါကာရဘုံ-ဟု ခေါ်ရပေတယ်။ "နာမရူပံ" နာမ-အရက ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ပါး ဖြစ်တယ်။ ရူပ-အရက ဟဒယဝတ္ထု ဖြစ်တယ်။ အဲဒါ ပဋိသန္ဓေခဏမှာ သူတို့ အချင်းချင်း အပြန်ပြန် အလှန်လှန် ကျေးဇူးပြုကြတယ်။
ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ပါးကလည်း ဟဒယရုပ်ကို ဖြစ်ပေါ်လာရအောင်၊ တည်တံ့နေရအောင် ကျေးဇူးပြုတယ်။ ဟဒယဝတ္ထု ရုပ်ကလည်း ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ပါးကို ဖြစ်ပေါ်လာရအောင်၊ တည်တံ့နေရအောင် ကျေးဇူးပြုတယ်။ ဘယ်အခိုက်အတန့်မှာလည်းဆိုရင် ပဋိသန္ဓေ အခိုက်အတန့်မှာ ဖြစ်ပေတယ်။
ဟဒယဝတ္တုရုပ်ကလည်း ပဉ္စဝေါကာရ ပဋိသန္ဓေစိတ်နဲ့ အတူတကွ ဥပါဒ်ရသောကြောင့် အချင်းချင်း အပြန်ပြန်အလှန်လှန် ကျေးဇူးပြုလို့ ရကြပေတယ်။ နာမ-အရ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၁၅)ခုက ရူပ - အရ ဟဒယကို အချင်းချင်းအားဖြင့် ကျေးဇူးပြုပေတယ်။ ရူပ-က ဟဒယဝတ္ထုရုပ်က နာမ-အရ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာကို အချင်းချင်း ကျေးဇူးပြုပေတယ်။ အပြန်အလှန် ကျေးဇူးပြုတယ်လို့လည်း ဆိုနိုင်ပါတယ်။
သူကတော့ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာက နာမ်ဖြစ်ပြီး ဟဒယက ရုပ်ဖြစ်သောကြောင့် နာမ်၊ရုပ် (၂)ပါးက နာမ်၊ရုပ် (၂)ပါးကို အချင်းချင်း ကျေးဇူးပြုပုံ ဖြစ်ပေတယ်။
ဆောင်ပုဒ်။ ။ ရုပ်၊နာမ်နှစ်ထွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
ရုပ်၊နာမ် (၂)ပါးက ရုပ်၊နာမ် (၂)ပါး ဖြစ်ပေါ်အောင် ကျေးဇူးပြုတဲ့ တစ်ချက်ပဲ ဖြစ်ပေတယ်။
နာမ်က နာမ်ကို အချင်းချင်း ကျေးဇူးပြုတာက တစ်ချက်။ ရုပ်က ရုပ်ကို အချင်းချင်း ကျေးဇူးပြုတာက တစ်ချက်။ ရုပ်နာမ် (၂)ပါးက ရုပ်နာမ် (၂)ပါးကို အချင်းချင်း ကျေးဇူးပြုတာက တစ်ချက်။ အချင်းချင်း (၃)ချက် ရှိသွားပေပြီ။
နာမ်က ရုပ်ကို အတူတကွ ဖြစ်ဖက်အဖြစ်ဖြင့် ကျေးဇူးပြုပုံ
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ = စိတ်၊ စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ = စိတ် (၇၅)ခု၊ စေတသိက် (၅၂)ခု နာမက္ခန္ဓာတို့သည်၊ စိတ္တသမုဋ္ဌာနာနံ = စိတ်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနံ = စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
ပစ္စည်းဘက်က စိတ်၊ စေတသိက်တရားတွေ နာမ်တရားတွေ ဖြစ်ကြပေတယ်။ ပစ္စယုပ္ပန်ဘက်က စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တွေဆိုတော့ ရုပ်တရားတွေ ဖြစ်ကြပေတယ်။ နာမ်ကနေပြီးတော့ ရုပ်ကို သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ၊ နာမ်တရားတွေကနေပြီးတော့ ရုပ်ကို ဖြစ်ပေါ်စေသောအားဖြင့်၊ တည်တံ့စေသောအားဖြင့် ကျေးဇူးပြုပုံပဲ ဖြစ်ပေတယ်။
ဆောင်ပုဒ်။ ။ နာမ်ကရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
နာမ်တရားတွေက နာမ်တရား (၇၅)ပါး၊ စေတသိက် (၅၂)ပါးတို့က ရုပ်တွေကို ဖြစ်စေတယ်။ သဟဇာတ = အတူတကွဖြစ်ဖက် အဖြစ်ဖြင့် ကျေးဇူးပြုတယ်။ ဘယ်သူ့ သန္တာန်မှာလဲလို့ မေးလိုက်ရင်တော့ အခု တရားနာနေတဲ့ အခိုက်အတန့်မှာတော့ တရားနာပုဂ္ဂိုလ်များရဲ့ သန္တာန်မှာ ဖြစ်ပါတယ်။ နောက် (ဝိပဿနာ ရှုကွက်၌ ပေါ်လာပါလိမ့်မယ်။) ဒီအချက်ကတော့ ဝိပဿနာရှုကွက်ပဲ ဖြစ်ပေတယ်။
ရုပ်က ရုပ်ကို အတူတကွ ဖြစ်ဖက် အဖြစ်ဖြင့် ကျေးဇူးပြုပုံ
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
မဟာဘူတာ = မဟာဘုတ် (၄)ပါးတို့သည်၊ ဥပါဒါရူပါနံ = မဟာဘုတ်ကို မှီ၍ဖြစ်ကုန်သော (၂၄)ပါးကုန်သော ရုပ်တို့အား၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။
"မဟာဘူတာ" အရ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော-တည်းဟူသော ရုပ်(၄)ပါးကနေပြီး သူတို့ကို မှီပြီးဖြစ်တဲ့ ဥပါဒါရုပ် (၂၄)ပါးကို ကျေးဇူးပြုတာ ဖြစ်တယ်။ ရုပ် (၂၈)ပါး ရှိတယ်။ မဟာဘုတ် (၄)ပါးက မှီရာရုပ်ဖြစ်တယ်။ ဥပါဒါရုပ် (၂၄)ပါးက မှီတတ်တဲ့ ရုပ်တွေ ဖြစ်ကြတယ်။ မဟာဘုတ် (၄)ပါးကို မှီပြီးတော့မှ ဖြစ်နိုင်တဲ့အတွက်ကြောင့် မဟာဘုတ်တွေကနေ ဥပါဒါရုပ်တွေအား ကျေးဇူးပြုနိုင်ပေတယ်။
ဆောင်ပုဒ်။ ။ ရုပ်ကရုပ်တွေ၊ ဖြစ်ပေါ်စေ၊ ပြုလေသဟဇာတ။
မဟာဘုတ်အချင်းချင်းလည်း ရုပ်က​ ရုပ်ကို ဖြစ်စေတာ ဖြစ်တယ်။ မဟာဘုတ်က ဥပါဒါရုပ်ကိုလည်း ရုပ်က ရုပ်ကို ဖြစ်စေတာ ဖြစ်တယ်။ ထို့ကြောင့် ရုပ်က ရုပ်ကို ဖြစ်စေတာ (၂)ချက် ရှိသွားပြီ။ (၂)ချက်မှာ - (၁) "စတ္တာရော မဟာဘူတာ အညမညံ"ကလည်း ရုပ်က ရုပ်ကို ကျေးဇူးပြုတာပဲ ဖြစ်တယ်။ (၂) "မဟာဘူတာ ဥပါဒါ ရူပါနံ" ဆိုတာကလည်း ဘယ်ကို ကျေးဇူးပြုနေတာပါလဲ ... ရုပ်က ရုပ်ကို ကျေးဇူးပြုတာပါ။ ရုပ်က ရုပ်ကို ကျေးဇူးပြုတာ (၂)ချက်ပါ။ အဲဒါလည်း သတိထားရမှာပါပဲတဲ့။
နာမ်ရုပ် (၂)ပါးက နာမ်ရုပ် (၂)ပါးကို အချို့သော ပဋိသန္ဓေကာလ၌ အချင်းချင်း ကျေးဇူးပြုပုံ
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတ ပစ္စယေန ပစ္စယော။
ရူပိနော = ရုပ်ဖြစ်ကုန်သော၊ ဓမ္မာ = ဟဒယဝတ္ထုတရားတို့သည်၊ အရူပီနံ = နာမ်ဖြစ်ကုန်သော၊ ဓမ္မာနံ = ပဉ္စဝေါကာရ ပဋိသန္ဓေ (၁၅)ပါး တို့အား၊ ကိဉ္စိကာလေ = အချို့သော ပဋိသန္ဓေ ကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတ ပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။ ကိဉ္စိကာလေ = အချို့သော ပဝတ္ထိကာလ၌၊ သဟဇာတ ပစ္စယေန = သဟဇာတ ပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ န ဟောတိ = မဖြစ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း...။
သာဓု ... သာဓု ... သာဓု ။
ပစ္စည်းတရားက ဟဒယဝတ္ထုရုပ်တရား ဖြစ်တယ်။ ပစ္စယုပ္ပန်တရားက ပဋိသန္ဓေ နာမက္ခန္ဓာ နာမ်တရား ဖြစ်တယ်။ "သြက္ကန္တိက္ခဏေ နာမရူပံ" ဆိုတဲ့အချက် နာမ်ရုပ် (၂)ပါးကနေ နာမ်ရုပ် (၂)ပါးကို သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံအချက်ကို မရှင်းလို့ ရှင်းပြရတယ်။ ဘယ်လိုရှင်းပြသလဲဆိုရင် မြတ်စွာဘုရားက "ကိဉ္စိကာလေ = အချို့သော ပဋိသန္ဓေကာလ၌၊ သဟဇာတပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏ ။ " ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထုရုပ်က ပဋိသန္ဓေခဏမှာ တစ်ပြိုင်နက်ထဲ ဥပါဒ်ကြတော့ အချင်းချင်း အပြန်အလှန်လှန် ကျေးဇူးပြုလို့ ရပါတယ်။
နောက်တစ်ခါ ပဋိသန္ဓေနောင် ဘဝင် (၁၅)ချက်၊ (၁၆)ချက် ပဋိသန္ဓေ နေပြီးတာနဲ့ နောက်က ဘဝင်တွေ ကျသွားတယ်။ ပထမ ဘဝင်ကစပြီးတော့ ပဋိသန္ဓေ အခိုက်အတန့် မဟုတ်တော့ပေဘူး။။ ပဝတ္ထိအခါ ပဝတ္ထိအခိုက်အတန့် ဖြစ်သွားပေပြီ။ အဲဒီအခါကျတော့ ဟဒယဝတ္ထုရုပ်က ရှေ့က ရှိနေပြီး ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာတွေဟာ နောက်က ဖြစ်သွားပေပြီ။ ပဝတ္တိကာလမှာတော့ တစ်ပြိုင်နက် သဟဇာတအနေနဲ့ ကျေးဇူးပြုလို့ မရတော့ပေဘူး။ ပုရေဇာတသတ္တိဖြင့်သာ ကျေးဇူးပြုလို့ ရပေတယ်။ ဟဒယဝတ္ထုက ရှေ့က၊ နာမက္ခန္ဓာတွေက နောက်က ဖြစ်နေပေတယ်။ ဒါကြောင့် ကိဉ္စိကာလေ ထည့်ရပါတယ်။
ပဋိသန္ဓေ အခိုက်အတန့်မှာပဲ ရပါတယ်။ ပဝတ္ထိ အခိုက်အတန့် လူရယ်လို့ ဖြစ်လာ၊ ကြီးထွားလာတဲ့ အခိုက်အတန့်မှာတော့ မရတော့ပေဘူး။ ပဋိသန္ဓေစိတ်ကလည်း စိတ္တက္ခဏတစ်ချက်ကလေးပါပဲ။ ဥပါဒ်+ဌီ+ဘင် = ဒီအခိုက်အတန့် ခဏလေးမှာပဲ ဟဒယဝတ္ထုနှင့် ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ အပြန်အလှန် သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်တယ်။ အဲဒီ စိတ္တက္ခဏတစ်ချက် လွန်သွားတာနဲ့၊ ဘဝင်သို့ ရောက်သွားတာနဲ့ ကျေးဇူးမပြုနိုင်တော့ပေဘူး။
"ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော" ကိဉ္စိကာလေ = ပဝတ္တိကာလခေါ်တဲ့ ပထမဘဝင်က စပြီးတော့ ပဝတ္ထိကာလ၌၊ သဟဇာတ ပစ္စယေန = သဟဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ န ဟောတိ = မဖြစ်။ (ဝါ) မဖြစ်နိုင်။ ဒါက "သြက္ကန္တိက္ခဏေ နာမရူပံ" ဆိုတဲ့အချက်ကို ရှင်းပြတာပါပဲ။ ယောဂီများ သဘောပေါက်ပါပြီ။
နာမ်က နာမ်ကို ကျေးဇူးပြုတာက တစ်ချက်။ ရုပ်က ရုပ်ကို ကျေးဇူးပြုတာက တစ်ချက်။ ရုပ်နာမ် (၂)ပါးက ရုပ်နာမ်(၂)ပါးကို ကျေးဇူးပြုတာက တစ်ချက်။ နာမ်က ရုပ်တရားကို ကျေးဇူးပြုတာက တစ်ချက်။ ရုပ်က ရုပ်ကို ကျေးဇူးပြုတာက တစ်ချက်။ "သြက္ကန္တိက္ခဏေ နာမရူပံ" ဆိုတဲ့ (၃)ခုမြောက် အချက်ကို ရှင်းရတာပါပဲ။ ပဋိသန္ဓေအခါမှာသာ ရနိုင်တယ်။ အပြန်အလှန် ကျေးဇူးပြုနိုင်တယ်။ ပဝတ္တိအခါကျတော့ အပြန်အလှန် ကျေးဇူးပြုလို့ မရတော့ပေဘူး။ သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်တော့ပေဘူး။ ပုရေဇာတပစ္စယသတ္တိဖြင့်သာ ကျေးဇူးပြုနိုင်တယ်။
ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ သဟဇာတပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း..။
ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။
သာဓု ... သာဓု ... သာဓု ။
ဆက်ရန် ... အညမညမပစ္စည်းသို့...
အပြည့်အစုံသို့...
ဝီထိ (၂)
ဝီထိ (၂)
ဝီထိဖြစ်ကြောင်း အင်္ဂါလေးပါး
စက္ခုဒွါရဝီထိ (ဝါ) စက္ခုဝိညာဏ ဝီထိဖြစ်ရန် အကြောင်း (၄)ပါး ပြည့်စုံရ၏ ။
(၁) စက္ခုပသာဒ-ဟုခေါ်သော မျက်စိအကြည်ဓာတ် ကောင်းမွန်ရမည်။
(၂) ရူပါရုံ-ဟူသော မြင်နိုင်သည့် အဆင်းလည်း ရှိရမည်။
(၃) အာလောက-ဟူသော အလင်းလည်း ရှိရမည်။
(၄) မနသိကာရ-ဟုခေါ်သော နှလုံးသွင်းမှု အာဝဇ္ဇန်းလည်း ရှိရမည်။
ဆောင်ပုဒ်။    ။ စက္ခာ, လောက၊ ရူပထင်ပြီး၊ မနသီ၊ လေးလီစက္ခုဖို့။
စက္ခုပသာဒ ချို့ယွင်းနေလျှင်သော်လည်းကောင်း၊ မြင်နိုင်သောအဆင်း မရှိလျှင်သော်လည်းကောင်း၊ အလင်းရောင် မရှိလျှင်သော်လည်းကောင်း၊ နှလုံးသွင်းမှု မရှိလျှင်သော်လည်းကောင်း၊ ဤအင်္ဂါ တစ်ပါးပါး ချို့ယွင်းလျှင် စက္ခုဝိညာဏဝီထိ-ဟူသည့် မြင်သိစိတ်အစဉ် မဖြစ်ပေါ်နိုင်တော့ချေ။
(Science အလိုအရ မြင်ခြင်းတွင် ပထမသုံးချက်သာ အဓိကကျသည်ဟု ယူဆ၏ ။ ရုပ်ဝတ္ထုမှ ပြန်ထွက်လာကြသော အလင်းတန်းများက မျက်စိ၏ အမြင်လွှာ (retina) ပေါ်၌ ကျရောက်သည့်အခါ အာရုံကြောများက ဦးနှောက်သို့ သတင်းပို့၏ ။ ထိုအခါ ဦးနှောက်က ထိုထင်လားသော အာရုံကို သိရှိပြီး မည်သည့်အာရုံ ဖြစ်သည်ကို သတင်းပြန်ကြားပေး၏ ။)
ဗုဒ္ဓအဘိဓမ္မာတွင် ရုပ်ဝတ္ထု, မျက်စိနှင့် အလင်းတို့ အပြင် နှလုံးသွင်းမှု မနသိကာရကိုလည်း အဓိကထား၏ ။ 'သတိမမူလျှင် ဂူမမြင်' ဟူသည့်အတိုင်း နှလုံးသွင်းမှု မရှိလျှင် မမြင်နိုင်ပါ။ ကျွန်ုပ်တို့၏ မျက်စိအမြင်လွှာ၌ ကျွန်ုပ်တို့၏ ရှေ့မှောက်တူရူဝယ် ရှိကြသော ရုပ်ဝတ္ထုပေါင်းများစွာတို့၏ အရိပ်များသည် တစ်ပြိုင်နက်တည်း ထင်ပေါ်နေ၏ ။ ထိုထင်ပေါ်သမျှသော အရိပ်အားလုံးကို ကျွန်ုပ်တို့သည် တစ်ပြိုင်တည်း မမြင်နိုင်ပါ။ တစ်ကြိမ်လျှင် နှလုံးသွင်းသော အရိပ်တစ်ခုကိုသာ မြင်နိုင်၏ ။ မြင်သိစိတ်က အလွန်လျင်မြန်စွာ ဖြစ်ပေါ်နိုင်သည့်အတွက် နှလုံးသွင်းသော အရိပ်တစ်ခုကိုသာ မြင်နိုင်၏ ။ မြင်သိစိတ်က အလွန်လျင်မြန်စွာ ဖြစ်ပေါ်နိုင်သည့်အတွက် နှလုံးသွင်းမှုကောင်းလျှင် ပုံရိပ်များကို တစ်ခုပြီး တစ်ခု နှလုံးသွင်းခြင်းဖြင့် လျင်မြန်စွာ မြင်သိနိုင်၏ ။
တစ်စုံတစ်ခုကို အလေးအနက်တွေးတော၍ ငေးမောသောအခါမျိုး၌ကား အမြင်လွှာတွင် ပုံရိပ်တစ်ထောင်ပင် ထင်နေသော်လည်း ဘာတစ်ခုကိုမျှ မမြင်သိလိုက်ပါ။ နားအကြည်လွှာ၌ အသံမျိုးစုံ ထိခိုက်နေသော်လည်း မည်သည့်အသံမျိုးကိုမျှ မကြားသိလိုက်ပါ။ ထို့ကြောင့် မနသိကာရသည် အလွန်လိုအပ်သော အဓိကရအချက် တစ်ခုဖြစ်ကြောင်း ထင်ရှားလှပေ၏ ။
* သောတဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
သောတပသာဒ, သဒ္ဒါရုံ, အာကာသဓာတ်နှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါး၌ အာကာသဓာတ်-ဟူသည်မှာ လေဖြစ်သန်းသွားလာနိုင်သော ဟင်းလင်းနယ်ကို ဆိုလို၏ ။ အသံလှိုင်းများ တိုးလျှိုပေါက်ဖြတ်သန်းနိုင်သော ဟင်းလင်းနယ်ရှိမှသာလျှင် အသံကို ကြားနိုင်၏ ။ မရှိလျှင် အသံကို မကြားနိုင်ချေ။
ဆောင်ပုဒ်။ ။ သောတ, ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့။ Science အလိုအရမူ နား, အသံလှိုင်းနှင့် အသံလှိုင်းကို လက်ဆင့်ကမ်း သယ်ဆောင်ပေးသော လေတို့ ရှိရမည်။
* ဃာနဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
ဃာနပသာဒ, ဂန္ဓာရုံ, ဝါတနှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါး၌ ဝါတ-ဟူသည်မှာ အနံ့ကို ဆောင်သောလေ ဖြစ်၏ ။ အနံ့ရှိသည့် ရုပ်ဝတ္ထု၏ မော်လီကျူးကလေးများက အငွေ့ပြန်ပြီး လေအဟုန်ကို စီးကာ နှာအကြည်ဓာတ်နှင့် ထိတွေ့၏ ။ ထိုအခါ နှလုံးသွင်းမှုရှိလျှင် အနံ့ကို သိရမည် ဖြစ်၏ ။
ဆောင်ပုဒ်။ ။ ဃာန, ဝါတ၊ ဂန္ဓ ထင်ပြီ။ မနသီ၊ လေးလီဃာနဖို့။
* ဇိဝှာဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
ဇိဝှာပသာဒ, ရသာရုံ, အာပနှင့် မနသိကာရ-တို့တည်း၊ ဤအကြောင်းတရားလေးပါး၌ အာပ-ဟူသည်မှာ လျှာရည် ဖြစ်၏ ။ အရသာရှိသည့် ရုပ်ဝတ္ထုသည် လျှာပေါ်ရောက်၍ လျှာရည်၌ ပျော်ဝင်သောအခါ လျှာအကြည်ဓာတ်နှင့် တွေ့ဆုံရ၏ ။ ထိုအခါ နှလုံးသွင်းမှုရှိလျှင် အရသာကို သိလာရ၏ ။
ဆောင်ပုဒ်။ ။ ဇိဝှာ, အာပ၊ ရသထင်ပြီ၊ မနသီ၊ လေးလီဇိဝှာဖို့ ။
* ကာယဒွါရဝီထိဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
ကာယပသာဒ, ဖောဋ္ဌဗ္ဗာရုံ, ထဒ္ဓပထဝီနှင့် မနသိကာရ-တို့တည်း။ ဤအကြောင်းတရားလေးပါးတွင် ကာယပသာဒ-ဟူသည်မှာ ခန္ဓာကိုယ်တစ်ခုလုံး၌ ပျံနှံ့နေကြသော အာရုံကြောများ၏ ထိပ်ဖူးများ ဖြစ်သည်ဟု မှတ်ယူနိုင်၏ ။
ဖောဋ္ဌဗ္ဗာရုံတွင် ခက်မာခြင်း, နူးညံ့ခြင်းသဘောရှိသည့် ပထဝီဓာတ်၊ တွန်းကန် ဖိနှိပ်ခြင်းသဘောရှိသည့် ဝါယောဓာတ်၊ ပူခြင်းအေးခြင်း သဘောရှိသော တေဇောဓာတ်တို့ ပါဝင်၏ ။ ဤဓာတ်သဘောတို့ကို ' အထိအတွေ့' ဟူ၍ သာမန်အရပ်သုံးစကားဖြင့် ခေါ်ဆိုကြ၏ ။
ထဒ္ဓပထဝီ-ဟူသည် အထိအတွေ့ကို ကာယပသာဒသို့ ကူးဆက်ပေးသည့် ခက်မာသော ပထဝီ ဖြစ်၏ ။
နှလုံးသွင်းမှုရှိမှ အထိအတွေ့ကို သိနိုင်၏ ။ နှလုံးသွင်းမှု မရှိသောအခါ အင်္ကျီ လုံချည် စသည်တို့သည် ကိုယ်နှင့် ထိတွေ့နေသော်လည်း ထိတွေ့နေမှန်းကို မသိရချေ။
ဆောင်ပုဒ်။ ။ ကာယ, ထဒ္ဓ, ဖောဋ္ဌထင်ပြီ၊ မနသီ၊ လေးလီကာယဖို့ ။
* မနောဒွါရဝီထိ ဖြစ်ရန် လိုအပ်သော အကြောင်းတရား (၄)ပါး
မနောဒွါရ-ဟုခေါ်ဆိုအပ်သော ဘဝင်စိတ်, ဓမ္မာရုံ,ဟဒယဝတ္ထုနှင့် မနသိကာရ-တို့ ဖြစ်ကြ၏ ။
ခန္ဓာငါးပါး ထင်ရှားရှိသော ပဉ္စဝေါကာရဘုံ (အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ရူပဗြဟ္မာဘုံ) တို့၌ စိတ်တို့သည် ဝတ္ထုရုပ် တစ်ခုခုကို မှီ၍သာ ဖြစ်ကြရ၏ ။
စက္ခုဒွါရ ဝီထိစိတ်-တို့သည် စက္ခုဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
သောတဒွါရ ဝီထိစိတ်-တို့သည် သောတဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
ဃာနဒွါရ ဝီထိစိတ်-တို့သည် ဃာနဝတ္ထု , ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
ဇိဝှါဒွါရ ဝီထိစိတ်-တို့သည် ဇိဝှာဝတ္ထု, ဟဒယဝတ္ထု- တို့ကို မှီ၍ ဖြစ်ကြ၏ ။
ကာယဒွါရ ဝီထိစိတ်-တို့သည် ကာယဝတ္ထု, ဟဒယဝတ္ထု-တို့ကို မှီ၍ ဖြစ်ကြ၏ ။
မနောဒွါရ ဝီထိစိတ်တို့-သည် ဟဒယဝတ္ထု-ကို မှီ၍ ဖြစ်ကြ၏ ။
သို့အတွက် ပဉ္စဝေါကာရဘုံ၌ မနောဒွါရ ဝီထိဖြစ်ရန် ဟဒယဝတ္ထုသည် အဓိက လိုအပ်ချက်တစ်ပါး ဖြစ်၏ ။
ဘဝင် (၃)မျိုး - (အတီ၊ စလေ၊ ဥပစ္ဆေ၊ သုံးထွေ ဘဝင်္ဂ)
ဝီထိပိုင်း၌ (၁) အတီတဘဝင်၊ (၂) စလနဘဝင် (ဝါ) ဘဝင်္ဂစလနှင့် (၃) ဥပစ္ဆေဒဘဝင် (ဝါ) ဘဝင်္ဂုပစ္ဆေဒ - ဟူသော ဘဝင်သုံးမျိုးကို မှတ်သားရန် လို၏ ။
သတ္တဝါတို့၏ သန္တာန်၌ ဝီထိစိတ် ဖြစ်ပေါ်ခြင်း မရှိသည့် အခါများတွင် ဘဝင်စိတ်သာလျှင် အစဉ်မပြတ် ဖြစ်ပေါ်နေရ၏ ။ ဘဝင်စိတ်သည် လွန်ပြီးခါစ ဘဝဟောင်း၌ စုတေခါနီးအချိန်တွင် မရဏာသန္နဇောက ယူပေးခဲ့သော ကံနိမိတ်, ကမ္မနိမိတ်, ဂတိနိမိတ်, နိမိတ်သုံးပါးအနက်မှ တစ်ပါးပါးကို ပဋိသန္ဓေ တည်သည်မှ စ၍ စုတိတိုင်အောင် အာရုံ ပြု၏ ။ ထိုသို့ အာရုံပြုနေခြင်းကို ကျွန်ုပ်တို့ မသိကြချေ။
ထို့ကြောင့် ဘဝင်စိတ်သည် မသိစိတ် (unconscious mind) နှင့် တူ၏ ။
ဝီထိစိတ်သည် သိစိတ် (conscious mind) နှင့် တူ၏ ။
ပဉ္စဒွါရနှင့် မနောဒွါရတို့၌ အာရုံတစ်ပါးပါး ထင်လာသောအခါ ဘဝင်စိတ်အစဉ်သည် ပြတ်တောက်၍ အာရုံသစ်ကို အာရုံပြုသော ဝီထိစိတ်အစဉ် ဖြစ်ပေါ်လာ၏ ။
ထိုသို့ ဘဝင်အစဉ် ပြတ်ရန် အကြောင်းဖန်လာသောအခါ ဘဝင်စိတ်အစဉ်သည် ရုတ်တရက် တိခနဲ မပြတ်တောက်နိုင်ချေ။ ပမာဆိုသော် အဟုန်ဖြင့် ပြေးသွားသော ယောက်ျားတစ်ယောက်က အပြေးရပ်လိုသောအခါ ရပ်လိုသောနေရာ၌ တိခနဲ မရပ်နိုင်ဘဲ ဖဝါးတစ်လှမ်း နှစ်လှမ်းတို့ကို လွန်စေပြီးမှ ရပ်နိုင်သကဲ့သို့တည်း။
ထို့ကြောင့် ဘဝင်စိတ်အစဉ်သည် ပြင်ပအာရုံ ထင်သည်မှ စ၍ ဘဝင်နှစ်ကြိမ် ထပ်မံ ဖြစ်ပြီးမှသာ ပြတ်တောက်နိုင်၏ ။ ထိုဘဝင်နှစ်ကြိမ်သည် ထင်လာသော အာရုံသစ်ကြောင့် ယူမြဲဖြစ်သော အာရုံကို စွဲမြဲစွာလည် မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်သေးဘဲ ပင်ကိုဘဘောမှ ဖောက်ပြားချောက်ချားသွား၏ ။ ဤသို့ တုန်လှုပ်ချောက်ချားမှုကြောင့် ထိုဘဝင်နှစ်ခုကို ဘဝင်္ဂစလန-ဟု ခေါ်၏ ။ ထိုဘဝင်္ဂစလနနှစ်ခုတွင် ဒုတိယဘဝင်္ဂစလနသည် ဘဝင်အစဉ်တစ်ခု၏ အဆုံးစွန်သော ဘဝင်စိတ် ဖြစ်၏ ။ ထိုဘဝင်စိတ် ဖြစ်ပြီးသည်နောက်၌ ဘဝင်အစဉ် ပြတ်သွားသည့်အတွက် ထိုဘဝင်ကို ဘဝဂုင်္ပစ္ဆေဒ-ဟု အမည်ပေးခဲ့ကြ၏ ။
ဒွါရနှင့် အာရုံ ထိတိုက်ပြီးနောက် ဘဝင်မလှုပ်မီ ဖြစ်ပြီး ချုပ်ပျောက်သွားသော ဘဝင်စိတ်ကို အတီတဘဝင် (လွန်လေပြီးသောဘဝင်) ဟု ခေါ်၏ ။
၁။ ဘဝင်္ဂစလန = လှုပ်ရှားသွားသော ဘဝင်။
၂။ ဘဝင်္ဂုပစ္ဆေဒ = ပြတ်စဲသော ဘဝင်။
၃။ အတီတဘဝင် = လွန်လေပြီးသော ဘဝင်။
စက္ခုဒွါရ ဝီထိ ၁၅-ပါး
စက္ခုဒွါရ၌ အာရုံထင်ပုံသည် အာရုံ၏ အား အကြီးအသေးကို လိုက်၍ အတိမဟန္တာရုံ, မဟန္တရုံ, ပရိတ္တာရုံ, အတိပရိတ္တရုံ-ဟူ၍ လေးမျိုးပြားကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်၏ ။
ဤတွင်...
(၁) အတိ မဟန္တာရုံ၌ တဒါရမ္မဏ ဝါရ - ၁ ဝီထိ
(၂) မဟန္တာရုံ၌ ဇဝန ဝါရ - ၂ ဝီထိ
(၃) ပရိတ္တာရုံ၌ ဝေါဋ္ဌဗ္ဗန ဝါရ - ၆ ဝီထိ
(၄) အတိပရိတ္တာရုံ၌ မောဃဝါရ - ၆ ဝီထိ
စုစုပေါင်းသော် စက္ခုဒွါရ ဝီထိ - ၁၅ ဝီထိ ရှိ၏ ။
ပဉ္စဒွါရ ဝီထိ ၇၅-ပါး
(၁) စက္ခုဒွါရ၌ ဖြစ်သော ဝီထိစိတ်အစဉ် ၁၅-ပါး ရှိသည့်အတိုင်း
(၂) သောတဒွါရ၌ ဖြစ်သော သောတဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
(၃) ဃာနဒွါရ၌ ဖြစ်သော ဃာနဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
(၄) ဇိဝှာဒွါရ၌ ဖြစ်သော ဇိဝှာဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
(၅) ကာယဒွါရ၌ ဖြစ်သော ကာယဒွါရဝီထိ ၁၅-ပါး ရှိ၏ ။
စုစုပေါင်းသော် ပဉ္စဒွါရဝီထိပေါင်း ၇၅-ပါးကို ရ၏ ။
(အတိမဟန္တာရုံ ဝီထိ .... စသည်တို့အား သင်္ဂြိုဟ်ကျမ်းများ၌ ဆက်လက် လေ့လာကြပါရန် တိုက်တွန်းပါ၏ ။ ပဋ္ဌာန်းလေ့လာရာ၌ မသိမဖြစ်သိရမည် ဖြစ်၍ ဝီထိအား အနည်းငယ် ပြန်လည် ရှင်းပြထားခြင်း ဖြစ်ပါသည်။ )
အပြည့်အစုံသို့...
ဝီထိ (၁)
ဝီထိ (၁)
သဟဇာတပစ္စည်း အကြောင်းမသွားခင် ဝီထိကို သင်္ဂြိုဟ်နည်းအားဖြင့် ပြန်လည်၍ နည်းနည်းတင်ပြချင်ပါတယ်။
'ဝီထိ' သဒ္ဒါသည် 'အစဉ်အတိုင်း' ကို ဟော၏ ။ လူတို့၏ သွားလာရာ ခရီးစဉ်သည် ရွာစဉ်ကို မကျော်ဘဲ တစ်ရွာပြီးတစ်ရွာ အစဉ်အတိုင်း ဖြစ်သန်းသွားသကဲ့သို့ ထို့အတူ စိတ္တနိယာမအရ စိတ်တို့၏ ဖြစ်စဉ်သည် ဖြစ်သင့်သော စိတ်အစဉ်တို့ကို မကျော်မူဘဲ စိတ်တစ်ခုပြီးတစ်ခု အစဉ်အတိုင်း ဖြစ်ပျက်ရ၏ ။
ဥပမာ - မျက်စိ အကြည်ဓာတ်၌ အဆင်းအာရုံ ထင်ပေါ်လာသောအခါ ပထမ ထိုအာရုံကို ဆင်ခြင်နှလုံးသွင်းသော ပဉ္စဒွါရာဝဇ္ဖန်းစိတ် ဖြစ်ရ၏ ။ ထို့နောက် ထင်လာသော ရူပါရုံကို မြင်သော စက္ခုဝိညာဏ်စိတ် ဖြစ်ရ၏ ။ မြင်ရုံသာ မြင်သေး၏ ။ မည်သည့်အဆင်းဟူ၍ မသိသေးချေ။ ထို့ကြောင့် စက္ခုဝိညာဏ် မြင်လိုက်သည့် ရူပါရုံကို လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် ဆက်လက်ဖြစ်ရ၏ ။ ထို့နောက် ထိုရူပါရုံကို စုံစမ်းသော သန္တီရဏစိတ် ဖြစ်၏ ။ ထို့နောက် 'ဤရူပါရုံသည် မည်သည့်အရာပဲ' ဟု အာရုံကို ဆုံးဖြတ်သော မနောဒွါရာဝဇ္ဇန်းစိတ် (ဝုဋ္ဌောစိတ်) ဖြစ်၏ ။ ထို့နောက် အာရုံကို ပိုင်းပိုင်းခြားခြား သိလျက် အာရုံ၏ အရသာကို ခံစားသော ဇောစိတ်တို့သည် အရှိန်အဟုန်နှင့် ဖြစ်၏ ။ ထို့နောက် ဇောစိတ်၏ အဟုန်ကြောင့် ဇောအစဉ်နောက်သို့ လိုက်သော တဒါရုံစိတ် ဖြစ်ပေါ်၏ ။ ထို့နောက် မြင်သိခြင်းကိစ္စ ပြီးဆုံးပြီဖြစ်၍ ဘဝင်စိတ်သည် ဖြစ်မြဲအတိုင်း ဆက်လက်ဖြစ်သွားရ၏ ။
ဤသို့ ဒွါရ ၆-ပါး၌ ထင်လာသော အာရုံတစ်ခုစီကို သိနိုင်ရန် ပဉ္စဒွါရဝဇ္ဇန်း စက္ခုဝိညာဏ်-စသည်ဖြင့် ဖြစ်ပေါ်ရသော စိတ်အစဉ်တစ်ခုစီကို 'ဝီထိ'-ဟု ခေါ်သည်။
ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်များ
တစ်ဘဝ၌ ပထမဆုံးဖြစ်သော စိတ်ကို ပဋိသန္ဓေစိတ်ဟု ခေါ်ပါတယ်။ ထိုပဋိသန္ဓေစိတ်သည် ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးမျိုးတွင် တစ်မျိုးမျိုးကို အာရုံပြု၏ ။ ပဋိသန္ဓေစိတ် ချုပ်ပျောက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘဝကို ဆက်ပေးသော ဘဝင်စိတ် တို့သည် ပဋိသန္ဓေစိတ် ယူသောအာရုံကိုပင် ဆက်ယူလျက် ဆက်ကာဆက်ကာ ဖြစ်ပျက်သွားကြ၏ ။ တစ်ဘဝ၏ နောက်ဆုံးစိတ်ဖြစ်သော ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်၏ ။ စုတိစိတ်သည်လည်း ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်-တို့ ယူသော အာရုံကိုပင် ဆက်ယူ၏ ။
ထိုပဋိသန္ဓေစိတ်, ဘဝင်စိတ်နှင့် စုတိစိတ်-တို့၏ အာရုံသည် အလွန်သိမ်မွေ့သဖြင့် ကျွန်ုပ်တို့ မသိရှိကြချေ။ ဤစိတ်တို့သည် စိတ်တစ်မျိုးတည်း ဖြစ်သောကြောင့်လည်းကောင်း၊ ဒွါရ ၆-ပါးတို့၌ မဖြစ်သောကြောင့်လည်းကောင်း ဤစိတ်တို့ကို ဝီထိမုတ္တ = ဝီထိမှ အလွတ်ဖြစ်သောစိတ်များဟု မှတ်ယူရ၏ ။
ဘဝင်စိတ်အစဉ် ဖြစ်ပေါ်နေစဉ် ဒွါရ ၆-ပါးအနက် တစ်ပါးပါး၌ အဆင်း၊ အသံ၊ အနံ့ - စသည့် ပြင်ပအာရုံတစ်မျိုးမျိုး ထိတိုက်လာသည့်အခါ ထိုအာရုံကို သိနိုင်ရန် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်- စသည်ဖြင့် စိတ်တစ်ခုပြီး တစ်ခု စီတန်းကာ ဖြစ်သောကြောင့်လည်းကောင်း၊ စက္ခုဒွါရ - စသည့် ခြောက်ဒွါရတို့၌ ထိုက်သည့်အားလျှော်စွာ ဖြစ်သောကြောင့်လည်းကောင်း၊ ဤစိတ်အစဉ်အတန်းကို 'ဝီထိ' ဟု ခေါ်ဆိုရ၏ ။
ဘဝင်စိတ်အစဉ်သည် တည်ငြိမ်နေသော ပင်လယ်ရေပြင်နှင့် တူ၏ ။ ဝီထိစိတ် အစဉ်တို့သည် လေမုန်တိုင်း၏ ပင့်ဆောင်မှုကြောင့် ကြွတက်မို့မောက်လာကြသည့် ပင်လယ်ဒီလှိုင်းများနှင့် တူကြ၏ ။
စိတ်၏ အသက်
စိတ်တစ်ခုစီ၏ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏ ဟူသော ခဏငယ် ၃-ချက်ကို စိတ္တက္ခဏတစ်ခု-ဟု ခေါ်၏ ။ ထိုစိတ္တက္ခဏတစ်ချက် (ဝါ) ခဏငယ် ၃-ချက်သည် စိတ်တစ်ခု၏ အသက်တည်း။
ဥပါဒ် = ဥပ္ပါဒ = ဖြစ်ပေါ်လာမှု၊
ဌီ = ဌီတိ = ဖြစ်ပေါ်ပြီးနောက် တည်နေမှု၊
ဘင် = ဘင်္ဂ = တည်နေပြီးနောက် ပျက်စီးချုပ်ကွယ်မှု၊
ဖြစ်ပေါ်ရန်အကြောင်း ပြည့်စုံညီညွတ်၍ ပရမတ္ထတရားတို့၏ ရှေးဦးဖြစ်ပေါ်လာသော ခဏအခါသည် ဥပါဒ်ခဏ မည်၏ ။
ဖြစ်ပေါ်ပြီးနောက် ပရမတ္ထတရားတို့၏ မချုပ်သေးမီ တည်နေသော အခိုက်အတန့်သည် ဌီခဏ မည်၏ ။
ဖြစ်ပေါ်တည်ပြီးနောက် ပရမတ္ထတရားတို့၏ ကွယ်ပျောက်ချုပ်ဆုံးသော ခဏအခါသည် ဘင်ခဏ မည်၏ ။
ထိုဥပါဒ်-ဌီ-ဘင် ခဏငယ် ၃-ချက်နှင့် ညီမျှသော စိတ္တက္ခဏတစ်ချက်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့်ကာလတွင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းကျော်ရှိသည်ဟု ကျမ်းဂန်၌ ဆိုထား၏ ။ ထို့ကြောင့် စိတ္တက္ခဏတစ်ခုသည် မျက်တောင်တစ်ခတ်မျှကာလ၏ ကုဋေတစ်သိန်းပုံ တစ်ပုံခန့်သာ ကြာရှည်၏ ။
ရုပ်၏ အသက်
စိတ္တက္ခဏပေါင်း ၁၇-ချက်သည် ရုပ်သက်တစ်ခုနှင့် ညီမျှ၏ ။ တစ်နည်းဆိုသော် ရုပ်၏ အသက်သည် စိတ်အသက်၏ ၁၇-ဆနှင့် ညီမျှ၏ ။ စိတ်တစ်ခု၏ အသက်သည် ခဏငယ် ၃-ခု ရှိသည့်အတွက် ရုပ်သက်တစ်ခုတွင် စိတ်ခဏငယ် ၁၇*၃ = ၅၁ ချက် ရှိ၏။
ထို ၅၁-ချက်တွင် အစဖြစ်သော ခဏငယ်တစ်ခုကား​ ရုပ်၏ ဥပါဒ်ခဏတည်း။ အဆုံးဖြစ်သော ခဏငယ်တစ်ခုကား ရုပ်၏ ဘင်ခဏတည်း။ အလယ်ဖြစ်သော ခဏငယ်ပေါင်း ၄၉-ခုကား ရုပ်၏ ဌီခဏတည်း ။
သို့အတွက် ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏတို့သည် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏတို့နှင့် အချိန်ကာလ အတူတူပင် ဖြစ်ကြ၏ ။ ရုပ်၏ ဌီခဏကမူ စိတ်၏ ဌီခဏထက် ၄၉-ဆ ကြာရှည်၏ ။ ဤအကြောင်းကြောင့် ရုပ်ကလာပ်များစွာ စုဝေးနိုင်ပြီး ထိုရုပ်အစုအဝေးကို ကျွန်ုပ်တို့ မြင်တွေ့နိုင်၏ ။ အလွန်လျင်မြန်စွာ တစ်ခုချင်းဖြစ်သောစိတ်ကိုမူ မည်သည့်အခါမျှ မမြင်တွေ့နိုင်ချေ။
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် အချိန်ကာလတွင် ရုပ်သက်ပေါင်း ကုဋေ ၅၈၀၀-ကျော် ရှိသည်ကို တွက်ချက်ကြည့်နိုင်ပါသည်။
မျက်စိတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် စက္ခုဒွါရ၌ ထင်လာသော ရူပါရုံ (အဆင်း)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို စက္ခုဒွါရဝီထိ-ဟု ခေါ်၏ ။
နားတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် သောတဒွါရ၌ ထင်လာသော သဒ္ဒရုံ (အသံ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို သောတဒွါရဝီထိ-ဟု ခေါ်၏ ။
နှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဃာနဒွါရ၌ ထင်လာသော ဂန္ဓာရုံ (အနံ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဃာနဝီထိ-ဟု ခေါ်၏ ။
လျှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဇိဝှာဒွါရ၌ ထင်လာသော ရသာရုံ (အရသာ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဇိဝှာဒွါရဝီထိ-ဟု ခေါ်၏ ။
ကိုယ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ကာယဒွါရ၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံ (အထိအတွေ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ကာယဒွါရဝီထိ-ဟု ခေါ်၏ ။
စိတ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် မနောဒွါရ၌ ထင်လာသော ဓမ္မာရုံ (အကြံအတွေး စသည်)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို မနောဒွါရဝီထိ-ဟု ခေါ်၏ ။
ဆောင်ပုဒ်။ ။ ခြောက်ဒွါရဝယ်၊ စိတ်အစဉ်ခြယ်၊ ခြောက်သွယ် ဝီထိထုတ်။ (ဒွါရ ခြောက်ပါးကို အကြောင်းပြု၍ စိတ်အစဉ် ခြောက်မျိုး (ဝါ) ဝီထိ ခြောက်မျိုး ဖြစ်ပေါ်သည်။)
ဆသက္က ခြောက်မျိုး ခြောက်လီ
* ဝီထိပိုင်း၌ ခြောက်ခု အပေါင်းအစု-ဟူသော ဆက္ကတို့သည် အဘယ်မျှ ရှိသနည်း။
ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က၊ ဝိညာဏဆက္က၊ ဝိသယပ္ပဝတ္ထိဆက္က၊ ဝီထိဆက္က-ဟူ၍ ခြောက်ပါး ရှိသည်။
ဝတ္ထုဆက္က ။ ။ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု-ဟူသော ဝတ္ထုခြောက်ခု အစုကို ဝတ္ထုဆက္က-ဟု ခေါ်၏ ။ ပထမဝတ္ထု ငါးခုသည် စက္ခုပသာဒ - စသည့် ပသာဒရုပ် ၅-ပါး ဖြစ်၏ ။ ဆဋ္ဌမမြောက် ဟဒယဝတ္ထုသည် နှလုံးအတွင်းရှိ သွေး၌ တည်သော ဝတ္ထု ဖြစ်၏ ။
ဒွါရဆက္က ။ ။ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှာဒွါရ၊ ကာယဒွါရ၊ မနောဒွါရ - ဟူသော ဒွါရ ခြောက်ခုအစုကို ဒွါရဆက္က-ဟု ခေါ်၏ ။ ပထမဒွါရ ငါးပါးသည် ပသာဒရုပ် ၅-ပါးပင် ဖြစ်၍၊ ရုပ်ဒွါရများ ဖြစ်ကြ၏ ။ မနောဒွါရမှာ ဘဝင်စိတ် ၁၉-ပါး ဖြစ်သဖြင့် နာမ်ဒွါရ ဖြစ်၏ ။
အာရမ္မဏဆက္က ။ ။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံ-တို့သည် အာရမ္မဏဆက္က ဖြစ်၏ ။
(ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က-တို့အား ပိုသဘောပေါက်ရန် ပကိဏ်းလည်း လေ့လာကြပါ။)
ဝိညာဏဆက္က ။ ။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာတဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်-ဟူသော ဝိညာဏ် ခြောက်ပါးကို ဝိညာဏဆက္က-ဟု ခေါ်ပါသည်။
ဝိညာဏ = ဝိညာဏ်-ဟူသည်မှာ သိခြင်း (စိတ်)ပင် ဖြစ်၏ ။
ဝီထိဆက္က ။ ။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှာဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ-ဟူ၍ ဝီထိခြောက်ပါးကို ဝီထိဆက္က-ဟု ခေါ်၏ ။
စက္ခုဒွါရဝီထိကို စက္ခုဝိညာဏဝီထိ-ဟုလည်း ခေါ်၏ ။ စက္ခုဒွါရ၌ ထင်လာသော အာရုံကို စက္ခုဝိညာဏ်စိတ်က မြင်သည်နှင့်စပ်၍ အဆက်ဆက်ဖြစ်လာသော စိတ်အစဉ်ကို စက္ခုဝိညာဏဝီထိ-ဟု ခေါ်ဆိုနိုင်၏ ။ ဒွါရ၏ အစွမ်းဖြင့် စက္ခုဒွါရဝီထိ-ဟု ခေါ်၍ ဝိညာဏ်၏ အစွမ်းဖြင့် စက္ခုဝိညာဏဝီထိ-ဟု ခေါ်ခြင်း ဖြစ်၏ ။
ထိုနည်းတူ ကျန်သည့်ဝီထိငါးပါးကို သောတဝိညာဏဝီထိ၊ ဃာတဝိညာဏဝီထိ၊ ဇိဝှာဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနောဝိညာဏဝီထိ-ဟုလည်း ခေါ်ဆိုအပ်၏ ။
ဝိသယပ္ပဝတ္တိဆက္က ။ ။ ဝိသယ = အာရုံ + ပဝတ္တိ = ဖြစ်ခြင်း, ထင်ခြင်း။ ဒွါရတို့၌ အာရုံ၏ ဖြစ်ခြင်းကို ဝိသယပ္ပဝတ္တိ-ဟု ခေါ်၏ ။ တစ်နည်း... အာရုံတို့၌ စိတ်ဖြစ်ခြင်းသည် ဝိသယပ္ပဝိတ္တိ - မည်၏ ။
ပဉ္စဒွါရ၌ ဖြစ်သော အာရုံ ၄-ပါး
၁။ အတိမဟန္တရုံ = ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၂။ မဟန္တရုံ = သင့်တင့် ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၃။ ပရိတ္တာရုံ = မထင်ရှား မသိသာသည့် အားနည်းသော အာရုံ ငါးပါး၊
၎။ အတိပရိတ္တာရုံ = အလွန်တရာ မသိသာ မထင်ရှား၍ အားနည်းလှသော အာရုံ ငါးပါး။
မနောဒွါရ၌ ဖြစ်သော အာရုံ ၂-ပါး
၁။ ဝိဘူတာရုံ = ထင်ထင်ရှားရှားဖြစ်သော အာရုံ၊
၂။ အဝိဘူတာရုံ = မထင်မရှားဖြစ်သော အာရုံ ။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ဒွါရတို့၏ အာရုံ ထင်ပုံ (၆)မျိုးကို ဝိသယပ္ပဝတ္တိဆက္က - ဟု ခေါ်၏ ။
ဝိသယပ္ပဝတ္တိ ၉-မျိုး ။ ။ အထက်ပါ အာရုံထင်ပုံ ခြောက်မျိုးတို့သည် ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ ခြောက်မျိုး ဖြစ်၏ ။ ဝီထိမုတ်-ခေါ်သော ပဋိသန္ဓေ, ဘဝင်, စုတိစိတ်-တို့၏ ဝိသယပ္ပဝတ္တိကား ကံ, ကမ္မနိမိတ်, ဂတိနိမိတ်-အားဖြင့် သုံးမျိုးရှိ၏ ။ သို့အတွက် စုစုပေါင်း ဝိသယပ္ပဝတ္တိ ၉-မျိုး ရှိ၏ ။
ဆက်ရန် .... ဝီထိ (၂) သို့
အပြည့်အစုံသို့...
၅။ သမနန္တရ ပစ္စည်း
ပစ္စည်း = အနန္တရပစ္စည်းနှင့် တူ၏ ။
ပစ္စယုပ္ပန် = အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်နှင့် တူ၏ ။
ပစ္စယသတ္တိ = ဧကရာဇ်မင်း၏ အရညဝါသီ တောထွက်၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ်စေတသိက်တို့အား ကောင်းစွာ အခြားမရှိစေဘဲ ဖြစ်ပေါ်ရန် ကျေးဇူးပြုကြကုန်၏ ။
ရှေးရှေးစိတ်စေတသိက်တို့က နောက်နောက် စိတ်စေတသိက်တို့အား အစဉ် အဆက်မပြတ် မျိုးအညှောက်ပေးကြရာ၌ စိတ်သည် ဖဿ, ဝေဒနာ-စသည်တို့အား မပေးဘဲ စိတ်အားသာလျှင် ပေး၏ ။ ဖဿသည် စိတ်ဝေဒနာ-စသည်တို့အား မပေးဘဲ ဖဿအားသာလျှင် ပေး၏ ။ ထို့အတူ ကြွင်းသော စေတသိက်တို့ကလည်း ဇာတ်မတူသူတို့အား မပေးဘဲ အသီးသီးဇာတ်တူသားအားသာလျှင် ပေးဆက်ကြ၏ ။ ဤသို့ ဇာတိ မရောမပြောင်းစေဘဲ မိမိတို့၏ ဇာတ်တူသားအားသာလျှင် ကောင်းစွာမျိုးအစဉ် ပေးကြသောကြောင့် အနန္တရပစ္စည်းကိုပင်လျှင် 'သံ=ကောင်းစွာ' ဟူသောပုဒ်ဖြင့် အထူးပြု၍ သမနန္တရပစ္စည်းဟု ဟောတော်မူ၏ ။
အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် တရားကိုယ်အားဖြင့် အတူတူပင် ဖြစ်ပါတယ်။ အတူတူဖြစ်ရက်သားနဲ့ မြတ်စွာဘုရား ဘာကြောင့် အနန္တရပစ္စည်းကို ဟောကြားပြီးတော့ သမနန္တရပစ္စည်းကို ထပ်ပြီး ဟောကြားရသလဲဆိုတော့ ပုဂ္ဂလဇ္ဈာသယ အားဖြင့် ထပ်ပြီး ဟောကြားတော်မူတာ ဖြစ်ပါတယ်။
အချို့အချို့သောပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောကြားလိုက်လို့ရှိရင် နားလည် သဘောပေါက်သွားတယ်။ နာမက္ခန္ဓာတရားတွေ အကြားမရှိ ကျေးဇူးပြုနေကြတယ်-ဆိုတာ သဘောပေါက်သွားတယ်။ အချို့အချို့သော ပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောလိုက်လို့ရှိရင် သဘောမပေါက်သေးပေဘူး။ သဘောမပေါက်သေးလို့ရှိရင် "သမနန္တရပစ္စယော"လို့ မြတ်စွာဘုရား ထပ်ပြီး ဟောကြားတော်မူလိုက်သောအခါကျမှ သဘောပေါက်သွားကြပေတယ်။
ရှေ့ရှေ့ နာမ်တရားတွေကနေပြီးတော့ နောက်နောက် နာမ်တရားတွေကို အခြားမရှိ၊ အကြားမရှိ ကျေးဇူးပြုတယ်ဆိုတာ ကောင်းစွာ အကြားမရှိ ကျေးဇူးပြုတာလို့ ဟောလိုက်တဲ့အခါကျတော့မှ အချို့အချို့သော ပုဂ္ဂိုလ်တွေက သဘောကျကြပေတယ်။ သဘောပေါက်ကြပေတယ်။
အနန္တရနှင့် သမနန္တရ နှစ်ပါးမှာ အနန္တရက စကြာဝတေးမင်းကြီး ကွယ်လွန်သွားတာ၊ နတ်ရွာစံသွားတာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကျေးဇူးပြုသကဲ့သို့ ရှေ့စိတ် ချုပ်ပျောက်သွားခြင်းသည် နောက်စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတယ်လို့ ဆိုလိုပေတယ်။
သမနန္တရကလည်း ဒီအတိုင်းပဲ၊ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာ၊ ရဟန်းပြုလိုက်တဲ့အခါမှာ သားကြီးရတနာဟာ အကြားမရှိ၊ အခြားသော မင်းတရားတွေ ဒီမှာ အုပ်စိုးလို့ မရအောင်၊ ချက်ချင်း အကြားမရှိ မင်းဖြစ်အောင် ကျေးဇူးပြုပါတယ်လို့ ဆိုလိုပေတယ်။ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာဟာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကောင်းစွာ ကျေးဇူးပြုသကဲ့သို့ သမနန္တရသတ္တိဖြင့် ကျေးဇူးပြုတာလည်း ဒီအတိုင်းပါပဲ။ ရှေ့ရှေ့စိတ်တွေ ချုပ်ပျောက်သွားတာ နောက်နောက်စိတ်တွေ ဖြစ်ပေါ်လာဖို့ရာ ကောင်းစွာ ကျေးဇူးပြုခဲ့ပါတယ်ဟု ဆိုလိုပါတယ်။ အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် ဤမျှလောက်ပင် ထူးခြားကြပေသည်။
အပြည့်အစုံသို့...
၎။ အနန္တရ ပစ္စည်း (င)
၎။ အနန္တရ ပစ္စည်း (င)
မြတ်စွာဘုရား တစ်ချိန်သောအခါမှာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတယ်။ အရှင်ပေါဋ္ဌိလဆိုတဲ့ မထေရ်ကြီးတစ်ပါး ရှိတယ်တဲ့။ ဂိုဏ်းကြီး (၁၈)ဂိုဏ်းကို အုပ်ချုပ်ပြီး သံဃာတော် (၅၀၀)ကို နေ့စဉ် စာပေကျမ်းဂန်တွေ ပို့ချပေးနေတယ်။ ပိဋကတ်သုံးပုံကို မွှေနောက်ပြီးတော့ တရားဓမ္မ အနှစ်သာရတွေ ဟောနေတဲ့ မထေရ်ကြီး ဖြစ်တယ်။
မြတ်စွာဘုရားကိုလည်း အလွန်ကြည်ညိုတဲ့အတွက်ကြောင့် မြတ်စွာဘုရားထံ မကြာခဏ သွားရောက် ရှိခိုးပူဇော်ကန်တော့ပါတယ်။ ကန်တော့တဲ့အခါ မြတ်စွာဘုရားက အရှင်ပေါဋ္ဌိလကို တွေ့တိုင်း တွေ့တိုင်း -
ဧဟိ တုစ္ဆပေါဋ္ဌိလ။ ဝန္ဒ တုစ္ဆပေါဋ္ဌိလ၊ နိသီဒ တုစ္ဆပေါဋ္ဌိလ။ ယာဟိ တုစ္ဆပေါဋ္ဌိလ - စသည်ဖြင့် "တုစ္ဆ တုစ္ဆ"လို့ မိန့်ကြားတော်မူတယ်။ "တုစ္ဆ ပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ဧဟိ = လာခဲ့လော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ဝန္ဒ = ရှိခိုးလော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ နိသီဒ = ထိုင်လော။ တုစ္ဆပေါဋ္ဌိလ = အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလ၊ ယာဟိ = သွားလော" ဟု မိန့်ကြားတော်မူပါတယ်။
"အချည်းနှီး အလကားဖြစ်သော ပေါဋ္ဌိလကြီး .. လာခဲ့၊ ရှိခိုး၊ ထိုင်၊ သွားတော့"။ မြတ်စွာဘုရားက ဒီလို မိန့်ကြားပါတယ်။ အဲဒီလို အချည်းနှီးပဲ၊ အချည်းနှီးပဲ-လို့ မိန့်ကြားတော့ အရှင်ပေါဋ္ဌိလက စဉ်းစားတယ်။ "ဘယ်နှယ့်လဲ သာသာနာအတွေက် ဂိုဏ်းကြီး(၁၈)ဂိုဏ်းကို အုပ်ချုပ်ပြီးတော့ နေ့စဉ် သံဃာ(၅၀၀)ကို စာပေကျမ်းဂန်တွေ အပင်ပန်းခံပြီးတော့ ပို့ချနေတဲ့ သာသနာပြုနေတဲ့ ပုဂ္ဂိုလ်ဖြစ်လျက်သားနဲ့ "တုစ္ဆ၊ တုစ္ဆ" အလကားပဲ၊ အချည်းနှီးပဲ-လို့ မိန့်ကြားတော်မူနေတယ်။ ဘယ်လိုကြောင့် မြတ်စွာဘုရား မိန့်ကြားတာပါလိမ့်" လို့ စဉ်းစားပါတယ်။ စဉ်းစားသင့်ပါတယ်။ စဉ်းစားလိုက်တော့ ပညာရှိပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ တရားထူး တရားမြတ်တွေ မရှိလို့ တစ်မဂ်တစ်ဖိုလ် မရလို့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတွေ မရရှိလို့သာလျှင် မြတ်စွာဘုရား ဒီလို မိန့်ကြားတာပဲလို့ အသိဉာဏ်ဝင်လာပြီးတော့ မနေတော့ဘူး။ တရားရအောင် ရှာတော့မယ်ဆိုပြီးတော့ တောထွက်ပါတယ်။
သံဃာ (၅၀၀)မသိအောင် သင်္ကန်း၊ သပိတ်၊ ပရိက္ခရာတွေ ပြင်ဆင်ပြီးတော့ တောထွက်သွားပါတယ်။ ယူဇနာ (၁၂၀)ဝေးကွာတဲ့ တောကျောင်းတစ်ကျောင်းသို့ ရောက်သွားပါတယ်။ အဲဒီတောကျောင်းမှာ သံဃာ(၃၀)ရှိတယ်။ အကုန်လုံး ရဟန္တာချည်းပါပဲ။ ကိုရင်လေးထိအောင် ရဟန္တာတွေ ဖြစ်ကြတယ်။
ရှေးဦးစွာ အကြီးဆုံး မထေရ်ကြီးထံသွားပြီးတော့ ချဉ်းကပ်ပြီး လျှော်ထားတယ်။ "ဆရာတော်ကြီးဘုရား ... တပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ကမ္မဋ္ဌာန်းတရားတွေ ပေးသနားတော်မူပါဘုရား" ဟုသွားလျှောက်ထားတော့ ဆရာတော်ကြီးက ပြန်ပြီးတော့ မိန့်ကြားတယ်။ "အရှင်ပါဋ္ဌိလ ... ဘယ်လိုလျှောက်ထားတာလဲ၊ အရှင်ပေါဋ္ဌိလဆိုတာ သာသနာတော်မှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပိဋကတ် (၃)ပုံတွေကို မွှေနှောက်ပြီးတော့ အနှစ်သာရတရားတွေ ဟောကြားနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
တပည့်တော်များကသာ အရှင်ပေါဋ္ဌိလထံမှာ နည်းခံဖို့ရှိပါတယ်။ ကမ္မဋ္ဌာန်းတရား မပေးနိုင်ပါဘူး။" ဟု မြွတ်ကြားလိုက်တော့ "ဆရာတော်ကြီးဘုရား .. တပည့်တော်ကို ယခုကဲ့သို့ မငဲ့မညှာ လျစ်လျူရှုပြီးတော့ မမိန့်ကြားပါနဲ့ဘုရား။ တပည့်တော်ရဲ့ အားကိုးအားထား ဖြစ်တော်မူပါဘုရား"ဟု ပြန်လျှောက်ထားသော်လည်း ဆရာတော်ကြီးက ကမ္မဋ္ဌာန်းတရား ပေးတော်မမူပါ။
အရှင်ပေါဋ္ဌိလမှာ စာပေကျမ်းဂန်တတ်တဲ့ မာန်တွေရှိနေတယ်။ မာန်ရှိနေလို့ တရားမရနိုင်တာကို မြင်တော့ ဆရာတော်ကြီးက ပယ်လိုက်တယ်။ "ဒုတိယမထေရ်ကြီးထံ သွားလျှောက်ပါ"ဟု မိန့်ကြားလိုက်တယ်။ ဒုတိယအကြီးဆုံးဖြစ်တဲ့ မထေရ်ထံ သွားလျှောက်ပြန်တော့လည်း ဒုတိယမထေရ်ကလည်း ဒီအတိုင်းပဲ ပယ်လိုက်ပြန်ပါတယ်။ "တတိယမထေရ်ကြီးထံ သွားလျှောက်ထားပါ"ဟု မိန့်ကြားလိုက်တယ်။ သွားလျှောက်ထားပြန်တော့လည်း တတိယမထေရ်ကြီးကလည်း ပယ်လိုက်ပြန်တယ်။
အဆင့်ဆင့်ပယ်လိုက်တာ ဘယ်ရောက်သွားလဲဆိုတော့ (၇)နှစ်သားအရွယ် အင်္ကန်းချုပ်နေတဲ့ ကိုရင်လေးထံ ရောက်သွားတယ်။ ရောက်သွားတော့ လက်အုပ်ချီပြီးတော့ "ကိုရင် .. တပည့်တော်ရဲ့ အားထားရာ ဖြစ်တော်မူပါဘုရား။ ကမ္မဋ္ဌာန်းတရား ပေးသနားတော်မူပါဘုရား"ဟု လျှောက်ထားတယ်။ "အရှင်ဘုရား .. ဘယ်လိုမိန့်ကြားနေတာလဲဘုရား။ အံ့သြစရာစကားတွေပါလား၊ အရှင်ဘုရားက သက်တော် ဝါတော်ကလည်း ကြီး၊ စာပေကျမ်းဂန်တွေကလည်း ပိဋကတ်(၃)ပုံ တတ်မြောက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အရှင်ဘုရားထံမှာသာ တပည့်တော်က နည်းခံဖို့ရှိပါတယ် ဘုရား။
တပည့်တော်က အသက်လည်း ငယ်ပါတယ်ဘုရား။ စာကလည်း မတတ်ပါဘူးဘုရား။ ဒါကြောင့် အရှင်ဘုရားထံမှာပဲ တပည့်တော်က နည်းခံဖို့ ရှိပါတယ်ဘုရား။ အရှင်ဘုရား ဘယ်လို မိန့်ကြားတာလဲဘုရား"ဟု ကိုရင်လေးကလည်း ပယ်လိုက်ပြန်ပါတယ်။ မာန်တွေကျသွားအောင် ပယ်ရတာဖြစ်တယ်။ အရှင်ပေါဋ္ဌိလက ပြန်လျှောက်ထားသည်မှာ - "ကိုရင်ဘုရား ... ကိုရင်မှတစ်ပါး တပည့်တော်မှာ ကိုးကွယ်ရာ မရှိတော့ပါဘူးဘုရား။ သံဃာ (၂၉)ပါး ကုန်ပါပြီဘုရား။ ကိုရင်တစ်ပါးပဲ ကျန်ပါတော့တယ်ဘုရား။" "ကိုရင်တစ်ပါးပဲ အားကိုးအားထားရာ ရှိပါတော့တယ်ဘုရား" လျှောက်ထားတော့ ကိုရင်လေးက နည်းနည်းသနားသွားပါတယ်။
အင်း - ဒီကိုယ်တော်ကြီးကတော့ တော်တော်မာန်တွေကျသွားပြီ။ "အရှင်ဘုရား.. တပည့်တော်ပြောတာ တစ်သွေမတိမ်း နားထောင်နိုင်ပါ့မလား" "နားထောင်နိုင်ပါတယ်၊ ကိုရင်က ခိုင်းမယ်ဆိုလို့ရှိရင် မီးပုံထဲ ခုန်ချရမယ်ဆိုရင် မီးပုံထဲ အခုခုန်ချလိုက်ပါမယ်" "မီးပုံတော့ မရှိဘူးဘုရား၊ ဟိုးရှေ့နားမှာ ရေအိုင်ကြီးတစ်အိုင် ရှိတယ်ဘုရား။ အဲဒီ ရေအိုင်ကြီးထဲကို အရှင်ဘုရား အခုဝတ်ထားတဲ့ သင်္ကန်းအသစ်တွေနဲ့ ဆင်းသွားရမယ်"ဟု ဆိုတဲ့အတိုင်း တစ်ခွန်းတည်းသောစကားဖြင့် ဆင်းသွားတယ် သင်္ကန်းတွေ ရေစို၊ သင်္ကန်းအနားတွေ ရေစိုတဲ့အခါ ပြန်ခေါ်လိုက်တယ်။ "အရှင်ဘုရား ကြွလာပါတော့"ဟု ဆိုတဲ့အတိုင်း တစ်ခွန်းတည်းသော စကားဖြင့်ပင် ပြန်တက်လာ၊ ကြွလာတယ်။
"အရှင်ဘုရားကို တပည့်တော် ကမ္မဋ္ဌာန်းတရားပေးတော့မယ်။ အရှင်ဘုရား သတိထားပြီးတော့ နားထောင်ပါ၊ နှလုံးသွင်းပါ"
"တောထဲမှာ တောင်ပို့ကြီးတစ်ခု ရှိတယ်ဘုရား။ အဲဒီတောင်ပို့ကြီးကလည်း အပေါက်(၆)ပေါက်ရှိတယ်ဘုရား၊ အဲဒီတောင်ပို့ကြီးထဲကို ဖွတ်တစ်ကောင်ကလည်း ဝင်နေတယ်ဘုရား၊ အဲဒီဖွတ်ကို အလိုရှိတဲ့ ယောက်ျား (၅)ပေါက်ကို ပိတ်ထားပြီးတော့ တစ်ပေါက်ကနေစောင့်ပြီးတော့ ဖမ်းယူရပါတယ်ဘုရား"ဟု မိန့်ကြားလိုက်တယ်။
"ဖွတ်ကို ဖမ်းယူရသကဲ့သို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တည်း-ဟူသော ခန္ဓာကိုယ်ထဲမှာ ဒွါရ(၆)ပါး၊ အပေါက်(၆)ပေါက်ရှိပေတယ်။ အဲဒီဒွါရ (၆)ပါးမှာ ကျရောက်လာတဲ့ အာရုံတွေကို (၅)ဒွါရကို ပိတ်ထားပြီးတော့ မနောဒွါရတစ်ပေါက်ကနေ စောင့်ပြီးတော့ ရှုရပါ့မယ်ဘုရား"-ဟု ကမ္မဋ္ဌာန်းတရား မိန့်ကြားလိုက်တယ်။ မိန့်ကြားလိုက်တော့ အရှင်ပေါဋ္ဌိလ သဘောကျသွားပြီး "ကိုရင်၊ တပည့်တော်အတွက် ကမ္မဋ္ဌာန်းတရားပေးတာ ဤမျှနဲ့ပဲ ပြည့်စုံပါပြီ"ဟု လျှောက်ထားတယ်။
ပိဋကတ်(၃)ပုံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ပြည့်စုံသွားပါပြီ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်-တည်းဟူသော ဒွါရ(၆)ပါးကို မြန်မာလို တံခါး(၆)ပေါက်လို့ ခေါ်ရပါတယ်။
မျက်စိတည်းဟူသော တံခါးပေါက်၊
နားတည်းဟူသော တံခါးပေါက်၊
နှာခေါင်းတည်းဟူသော တံခါးပေါက်၊
လျှာတည်းဟူသော တံခါးပေါက်၊
ကိုယ်တည်းဟူသော တံခါးပေါက်၊
စိတ်တည်းဟူသော တံခါးပေါက်။
(၆)ပေါက် ရှိပါတယ်။ တောင်ပို့ကြီးနဲ့ တူပါတယ်။ တူနေတယ်။ အဲဒီတောင်ပို့ကြီးထဲမှာ ဝင်နေတဲ့ဖွတ်ကို ဘယ်နှစ်ပေါက်ကို ပိတ်ပြီးတော့ ဖမ်းရပါ့မလဲ ... (၅)ပေါက်ကို ပိတ်ပြီး ဖမ်းရပါမယ်။ (၁)ပေါက်ကနေ စောင့်ပြီးတော့ ဖမ်းရသကဲ့သို့ အခုလည်း မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်-တည်းဟူသော (၅)ဒွါရ၊ (၅)ပေါက်ကို ပိတ်ထားဘိသကဲ့သို့ ပိတ်ထားပြီးတော့ မနောဒွါရကနေ စောင့်ပြီးတော့ ရှုမှတ်ရမယ်ဆိုတော့ သဘောကျသွားပါတယ်။ အခုယောဂီများ ရှုတာနဲ့ တူပါပေတယ်။ (၅)ဒွါရကို ပိတ်ထားသကဲ့သို့ -လို့ဆိုရာ၌ - အရာဝတ္ထုတွေနဲ့တော့ ပိတ်ထားလို့ မရပါဘူး။ ဒီပိတ်ထားခြင်းမျိုး မဟုတ်ပါဘူး။ ရှုမှတ်သောအားဖြင့် ပိတ်ထားခြင်း ဖြစ်တယ်။
မျက်စိမှာ အဆင်းရူပါရုံ လာတိုက်တဲ့အခါ လောဘလည်း မဖြစ်သွားရအောင်၊ ဒေါသလည်း မဖြစ်သွားရအောင် ရှုထားတာကိုပဲ ပိတ်ထားတယ်လို့ ဆိုရပါတယ်။ နားမှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ကောင်းတဲ့ အာရုံကြောင့်လည်း လောဘမဖြစ်ရအောင်၊ ဆိုးတဲ့အာရုံကြောင့်လည်း ဒေါသမဖြစ်ရအောင် ရှုမှတ်နိုင်တာကို ပိတ်ထားတာလို့ ဆိုရပါတယ်။
မျက်စိအကြည်မှာ အဆင်းရူပါရုံ လာတိုက်တဲ့အခါ၊ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ၊ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံလာတိုက်တဲ့အခါ၊ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါ၊ ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါ-တို့၌ လောဘ ဒေါသတွေ မဖြစ်သွားရအောင် မနောဒွါရကနေ၍ စောင့်ပြီး ရှုမှတ်နေရပါတယ်။ ဤကဲ့သို့ ရှုမှတ်နေခြင်းဖြင့် (၅)ဒွါရကို ပိတ်ထားသကဲ့သို့ ဖြစ်နေပေတယ်။ ဖွတ်ဖမ်းတဲ့ ယောက်ျားတစ်ပေါက်က စောင့်ဖမ်းနေတာနဲ့ တူပါတယ်။ ကိုရင်လေးပေးတဲ့ ကမ္မဋ္ဌာန်း၊ ယောဂီများ ရှုမှတ်နေတဲ့ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းနည်းနဲ့ တူပါပေတယ်။ နေရာကျလိုက်တာ၊ ဒီအတိုင်းပင် ရှုမှတ်ကြရပေတယ်။ ကိုရင်လေးပေးတဲ့ နည်းအတိုင်း ရှုလိုက်တာ အရှင်ပေါဋ္ဌိလ မကြာမီအချိန်အတွင်း လေးမဂ် လေးဖိုလ် အဆင့်ဆင့်တက်ပြီးတော့ ရဟန္တာ ဖြစ်သွားတယ်။
ပိဋကတ်(၃)ပုံ တတ်မြောက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ သဘောကျသွားတာနဲ့ ရှုမှတ်လိုက်တာ သမာဓိဉာဏ်တွေကလည်း အသင့်အတင့် အခြေခံရှိတဲ့ ပုဂ္ဂိုလ်၊ ပါရမီအခြေခံလည်း ရင့်ကျက်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ရဟန္တာ ဖြစ်သွားတယ်။ ရဟန္တာ ဖြစ်တဲ့နည်းကိုပဲ အခု ယောဂီများ ရှုမှတ်နေရတာဖြစ်တယ်။ ဒွါရ(၆)ပါး၊ အာရုံ(၆)ပါးတို့တွင် (၅)ဒွါရမှာ အာရုံ(၅)ပါး လာတိုက်တဲ့အခါ မနောဒွါရကနေပြီးတော့ တစ်ပေါက်ကနေ စောင့်ဖမ်းပြီးတော့ ရှုမှတ်နေရတယ်။ အမြဲတမ်း မပြတ်မလပ် ရှုမှတ်နေရတာကတော့ ကိုယ်ကာယကပဲ အဓိကထားပြီးတော့ ရှုမှတ်နေရတယ်။
မျက်စိအကြည်နဲ့ အဆင်း ရူပါရုံ လာတိုက်တဲ့ဟာလည်း အလွန်ပဲ သိမ်မွေ့ပါတယ်။ အဆင်း ရူပါရုံကလည်း ဝါဂွမ်းလေးနဲ့ တူပါတယ်။ မျက်စိအကြည်ကလည်း ဝါဂွမ်းလေးနဲ့ပဲ တူတယ်တဲ့။ ဝါဂွမ်း(၂)ခု တိုက်လိုက်တာ အလွန်သိမ်မွေ့တယ်။ အသံမမြည်ပါဘူး။ အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် သမာဓိဉာဏ်တွေ တော်တော်အားကောင်းမှ ရှုနိုင်ပေတယ်။ သမာဓိဉာဏ်တွေ အားနည်းနေတဲ့ အခိုက်အတန့်မှာ မရှုနိုင်သေးပေဘူး။
နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါ ဒီအတိုင်းပါပဲ။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါလည်း အသံ သဒ္ဒါရုံကလည်း ဝါဂွမ်းလေးနဲ့ပဲ တူတယ်။ နားအကြည်ကလည်း ဝါဂွမ်းလေးနဲ့ တူတယ်။ ဥပါဒါရုပ်တွေဆိုတော့ မဟာဘုတ်ကို မှီပြီးမှ ဖြစ်လို့ရတယ်။ သူတို့ချည်းသက်သက် ဖြစ်လို့မရဘူး။ အလွန်သိမ်မွေ့ပေတယ်။ သိမ်မွေ့တဲ့ရုပ်နှင့် သိမ်မွေ့တဲ့ရုပ် တိုက်တာဖြစ်တယ်။ သိမ်မွေ့တဲ့ရုပ် အချင်းချင်း တိုက်လိုက်တာ မထင်ရှားပေဘူး။ အလွန်သမာဓိ အားကောင်းတဲ့အခါကျမှ 'ကြားတယ်၊ ကြားတယ်'လို့ ရှုမှတ်လို့ရတယ်။
နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါ ဒီအတိုင်းပဲ။ အနံ့ကလေးကလည်း ဝါဂွမ်းလေးလောက်ပဲ သိမ်မွေ့တယ်၊ နှာခေါင်းအကြည်ကလည်း ဝါဂွမ်းလေးလိုပဲ သိမ်မွေ့တယ်။ ဝါဂွမ်း ဝါဂွမ်းချင်း တိုက်လိုက်သကဲ့သို့ အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် တော်တော်နဲ့ ရှုမှတ်လို့ မရပေဘူး။ လျှာအကြည်မှာလည်း ထိုနည်းလည်းကောင်းပဲ။
ကိုယ်အကြည်မှာတော့ လာတိုက်တဲ့ ဖောဋ္ဌဗ္ဗာရုံက ဘာနဲ့တူလဲဆိုရင် ဖောဋ္ဌဗ္ဗရုံ-ဆိုတာ ပထဝီ၊ တေဇော၊ ဝါယော၊ မဟာဘုတ်ကြီး (၃)ပါးကို ဖောဋ္ဌဗ္ဗာရုံ-လို့ ခေါ်တယ်။ အဲဒီ ဖောဋ္ဌဗ္ဗာရုံက ဘာနဲ့တူသလဲဆိုတော့ သံတူကြီးနဲ့ တူတယ်။ ကိုယ်အကြည်လေးက ဝါဂွမ်းနဲ့ပဲ တူတယ်။ အဲဒီ ကိုယ်အကြည်ဝါဂွမ်းလေးကို ပေတုံးကြီးပေါ်မှာ တင်ထားတာနဲ့ တူတယ်။
ကိုယ်အကြည်လေး တည်နေတာက ပေတုံးကြီးနဲ့တူတဲ့ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ-လို့ဆိုတဲ့ ဓာတ်ကြီး(၄)ပါးပေါ်မှာ တည်ရပါတယ်။ ကိုယ်အကြည်ဟာ ဥပါဒါရုပ်ပဲ၊ ဥပါဒါရုပ်ကလေးတွေက မဟာဘုတ်ကို မှီပြီးတော့ တည်နေရတယ်။ ဖောဋ္ဌဗ္ဗာရုပ်က ဘာနဲ့တူသလဲ ... (၁)ပိဿာလောက်လေးတဲ့ သံတူကြီးနဲ့ တူတယ်။ ကာယအကြည်လေးက ပေတုံးကြီးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးနဲ့တူတယ်။ သံတူကြီးနဲ့ ပေတုံးကြီးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးကို ထုချလိုက်တဲ့အခါ ဝါဂွမ်းတွင် မနားပေဘူး။ ပေတုံးကြီးကို တစ်ခါတည်း သွားပြီးတော့ ထိသွားပါတယ်။ ထိသွားတော့ အသံတွေတောင် မြည်သွားနိုင်တယ်။
အဲဒီလိုပါပဲ ဖောဋ္ဌဗ္ဗရုပ်က ကာယအကြည်ကို လာတိုက်တဲ့အခါ သိပ်ထင်ရှားပါတယ်။ ထုချလိုက်တဲ့ တူကြီးဟာ ဝါဂွမ်းတင် မနားပဲနဲ့ ပေတုံးမှာ သွားသွားထိဘိသကဲ့သို့ ဖောဋ္ဌဗ္ဗရုပ်က တိုက်ချလိုက်တဲ့အခါ ကာယအကြည်မှာပဲ မနားပဲနဲ့ မဟာဘုတ်တွေမှာပါ သွားပြီးတော့ တိုက်တော့ ထင်ရှားပါတယ်။ ပေတုံးကြီးနဲ့တူတဲ့ မပာာဘုတ်တွေမှာ သွားတိုက်တော့ ထင်ရှားတယ်။ ထင်ရှားတဲ့အခါ ရှုမှတ်ရတာ လွယ်ပါတယ်။
အပြင်က လာတိုက်တဲ့ ဖောဋ္ဌဗ္ဗာရုပ်က (၁)ပိဿလောက် လေးတဲ့ သံတူကြီးနဲ့ တူတယ်။ အတွင်းက ကာယအကြည်လေးက ပေတုံးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးနဲ့ တူတယ်။ ပေတုံးပေါ်မှာ တင်ထားတဲ့ ဝါဂွမ်းလေးကို (၁)ပိဿာလောက် လေးတဲ့ သံတူကြီးနဲ့ ထုချလိုက်တဲ့အခါ ဝါဂွမ်းလေးမှာ မနားပဲနဲ့ ပေတုံးမှာ သွားသွားပြီးတော့ ထိတော့ အသံတွေ မြည်ထွက်လာသလို ဖောဋ္ဌဗ္ဗာရုပ်က နေပြီးတော့ ကာယအကြည်လေးကို တိုက်လိုက်တဲ့အခါ ကာယအကြည်မှာပဲ မနားပဲနဲ့ အတွင်းက မပာာဘုတ်ကြီး (၄)ပါးမှာ သွားသွားပြီးတော့ ထိတဲ့အတွက်ကြောင့် အလွန်ထင်ရှားပါတယ်။ (အဋ္ဌသာလိနီ - ၃၀၄)
ထင်ရှားတဲ့ အတွက်ကြောင့် ယောဂီများ ရှုမှတ်လို့ ရပါတယ်။ ဘယ်နေရာကပဲထိထိ 'ထိတယ်၊ ထိတယ်'လို့ မှတ်ရပါတယ်။ ကိုယ်ကာယနဲ့ အပြင်ပ ဝတ္ထုတွေ၊ အခင်းတွေ၊ ကြမ်းတွေနဲ့ ထိတဲ့အခါလည် 'ထိတယ်၊ ထိတယ်'လို့ မှတ်လို့ ရပါတယ်။
ကိုယ်ကာယအချင်းအချင်း၊ လက်အချင်းချင်းထိတာ၊ ခြေထောက်ချင်း ခြေထောက်ချင်းထိတာ၊ ကိုယ်ကာယ အချင်းအချင်းထိတာကိုလည်း 'ထိတယ်၊ ထိတယ်' လို့ ရှုမှတ်လို့ ရပါတယ်။ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်-ဆိုတာလည်း အထိတွေပဲ။ ဖောင်းတယ်-ဆိုတာလည်း လေ အဆင့်ဆင့် ဝမ်းဗိုက်ကို တိုးထိပြီး ဖောင်းတက်လာတာ၊ အထိကိုပဲ မှတ်ရတာပဲ ဖြစ်တယ်။
အင်္ဂ မင်္ဂါ နုသရေ ဝါယော - ဆိုတဲ့ အင်္ဂါကြီးငယ်တွေကို တွန်းကန်ပြီးနေတဲ့ ဝါယောက အင်္ဂါအစိတ်အပိုင်းလေးတွေ ထိတာကို (အတွင်းကနေဓာတ်သဘောတွေ ထိတာကို) 'ထိတယ်၊ ထိတယ်'လို့ မှတ်လို့ ရပါတယ်။ နှုတ်ခမ်းဖျား၊ နားရွက်ဖျား၊ ခြေဖျား လက်ဖျားတွေမှာလည်း တိုးနေတဲ့၊ ထိနေတဲ့ သဘောလေးတွေကိုလည်း 'ထိတယ်၊ ထိတယ်' 'တိုးတယ်၊တိုးတယ်'လို့ မှတ်လို့ ရပါတယ်။ အလွန်ထင်ရှားပါတယ်။ ဝါဂွမ်းလေးကို သံတူကြီးနဲ့ ထုချလိုက်တော့ ပေတုံးမှာ သွားသွားတိုက်သလို ကိုယ်ကာယမှာ အထိတွေဟာ အလွန်ထင်ရှားပါတယ်တဲ့။
အထိကို (၃)မျိုး ရှုမှတ်၍ ရပုံ
အထိကို (၃)မျိုး ရှုမှတ်လို့ ရပါတယ်။
- ကိုယ်ကာယနဲ့ အပြင်က ဝတ္ထုဒြပ်တွေနဲ့ ထိတဲ့အခါလည်း 'ထိတယ်၊ ထိတယ်။
- ကိုယ်ကာယအချင်းချင်း ထိတာကိုလည်း 'ထိတယ်၊ ထိတယ်'။
- အတွင်းက ဓာတ်သဘောတွေ တွန်းသွားတဲ့၊ အတွင်းက တိုးနေတဲ့ ထိတဲ့ သဘောတွေကိုလည်း 'ထိတယ်၊ ထိတယ်၊ တိုးတယ်၊ တိုးတယ်'။
သမာဓိဉာဏ် အသင့်အတင့် ရင့်ကျက်လာတဲ့အခါကျတော့ ခန္ဓာကိုယ် အနှံ့အပြားမှာ မှတ်လို့ ရပါတယ်။ ခေါင်းမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ မျက်နှာမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ နှုတ်ခမ်းဖျား၊ နားရွက်ဖျားတွေမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ၊ ခြေဖျား လက်ဖျားတွေမှာလည်း တစ်လှုပ်လှုပ် တစ်ရွရွ တိုးနေတာတွေ မှတ်လို့ ရပါတယ်။ သိမ်မွေ့တဲ့ရုပ်ကလေးတွေ မှတ်လို့ရသွားပြီ။ ရပြီးတဲ့ နောက်ပိုင်းမှာ သိမ်မွေ့တဲ့ ရုပ်ထက် သိမ်မွေ့တဲ့ နာမ်တရားတွေကိုလည်း ရှုမှတ်လို့ ရသွားကြပေတယ်။
ဤကဲ့သို့ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဠိတော်လာ အနန္တရ ပစ္စည်းတရားတော်ကို နာကြားရသဖြင့် နာကြားရတဲ့အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်နိုင်ကြပြီးလျှင် မိမိတို့ အလိုရှိအပ် တောင့်တအပ်တဲ့ တရားထူး တရားမြတ်တို့ကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအကျင့် လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း..။
ဆရာတော်ဘုရား ပေးသနားတော်မူတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။
သာဓု ... သာဓု ... သာဓု ။
အပြည့်အစုံသို့...
၎။ အနန္တရ ပစ္စည်း (ဃ)
၎။ အနန္တရ ပစ္စည်း (ဃ)
ဝိပါက်ကတော့ အမှန်အတိုင်းပဲ။ မကောင်းတဲ့ အကုသိုလ်အကျိုးပေးတွေနဲ့၊ မကောင်းတာတွေနဲ့ လာတွေ့နေရပါသော်လည်း မိမိတို့က နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ကုသိုလ်တွေပဲ ဖြစ်သွားတယ်။ ကုသိုလ်ဇောတွေပဲ စောသွားပါတယ်။ "ဝိပါက်အမှန်၊ ဇောအပြန်'လို့ ရှေးဆရာတော်ကြီးများ ဆောင်ပုဒ်စီထားတာ နေရာကျပါတယ်။ ဝိပါက်က အမှန်အတိုင်းပဲ။ မကောင်းတဲ့ ဆိုးကျိုးတွေ လာတွေ့နေရတယ်။ မိမိက နှလုံးသွင်းတတ်တဲ့အတွက်ကြောင့် ဇောကျတော့ ကုသိုလ်ဇောတွေ ပြန်ပြီးတော့ ပြောင်းပြန်ပြန်စောသွားပါတယ်။ ဒီတော့ နှလုံးသွင်းတတ်ဖို့ အရေးကြီးပါပေတယ်။
နှလုံးသွင်းတာကတော့ တစ်ခါတစ်လေလည်း ရတယ်၊ တစ်ခါတစ်လေကျတော့ အာရုံတွေက သိပ်ပြင်းထန်တဲ့အခါကျတော့ နှလုံးမသွင်းနိုင်တော့ပေဘူး။ သာယာဖွယ်အာရုံ၊ အလွန်ပဲ သာယာဖွယ်ကောင်းတဲ့ အာရုံတွေနဲ့ တွေ့ရတဲ့အခါ တစ်ခါတစ်ခါ နှလုံးသွင်းလို့ မရတတ်ပေဘူး။ အနိဋ္ဌာရုံ = အင်မတန်ဆန့်ကျင်ဖက်ဖြစ်တဲ့ အာရုံတွေ၊ အလွန်ကြမ်းတမ်းတဲ့ အာရုံတွေနဲ့ တွေ့တဲ့အခါလည်း နှလုံးသွင်းလို့မရပဲ ဖြစ်သွားတတ်တယ်။ ဣဋ္ဌာရုံကတော့ တော်ပါသေးရဲ့၊ နှလုံးသွင်းလို့ ရတန်သလောက် ရကြပါတယ်။ ရသလောက် ရကြပါတယ်။ အနိဋ္ဌာရုံကျတော့ တစ်ချို့ပုဂ္ဂိုလ်တွေ မရနိုင်တော့ပေဘူး။ အာရုံက အလွန်ကြမ်းတမ်း၊ အလွန်ဆန့်ကျင်ဖက်ဖြစ်တော့ စိတ်ကို မထိန်းထားနိုင်တော့ပေဘူး။ "ယောနိသော မနသိကာရ"နဲ့ မနိုင်တော့ပေဘူး။ မနိုင်တော့ ဘာနဲ့နိုင်အောင် ကုရမလဲ။ ရှုမှတ်မှုနဲ့ ကုရတယ်။ ရှုမှတ်မှုကတော့ အနိုင်ဆုံးပါပဲ။
ရှုမှတ်မှုက အနိုင်ဆုံးဖြစ်ပေတယ်။ ဘယ်ကပဲရှုရှု၊ ရှုမှတ်နိုင်ရင် ဒေါသ ဒေါမနဿတွေ မဖြစ်နိုင်တော့ပေဘူး။ မြင်စရာအာရုံက အနိဋ္ဌာရုံနဲ့တွေ့ရလို့ ဒေါသ ဒေါမနဿတွေ ဖြစ်တော့မယ်ဆိုလို့ရှိရင် 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်ရတယ်။ မြင်ကာမျှမတ္တမှာ တည်သွားလို့ ရှိရင်လည်း ဒီဒေါမနဿက မဖြစ်နိုင်တော့ဘူး။ မြင်ရတဲ့ အဆင်း​ ရူပါရုံတွေ တစ်ရိပ်ရိပ် ပြောင်းလဲနေတာတွေကို တွေ့ရလို့ရှိရင်လည်း ဒီဒေါသမနဿ မဖြစ်ရတော့ဘူး။ မြင်သိစိတ်က တစ်ခုပြီးတစ်ခု ပျောက်ပျောက်သွားတာ မြင်လို့ရှိရင်လည်း ဒီဒေါမနဿ မဖြစ်တော့ပေဘူး။
မျက်စိက မရှုနိုင်ဘူးဆိုလို့ရှိရင်လည်း ဘယ်မှာရှုရမလဲ။ ကာယမှာ ရှုရမယ်။ ဒီအာရုံတွေကို မကြည့်တော့ပဲနဲ့ ရပ်နေတယ်ဆိုလို့ရှိရင် 'ရပ်တယ်၊ ရပ်တယ်'လို့ ရှုမှတ်လိုက်ရင် ပြတ်သွားပါပေတယ်။ ရှုမှတ်မှုဖြစ်တာနဲ့ ဟိုမှာ ဒေါသ ဒေါမနဿက ဖြစ်လို့ မရတော့ပေဘူး။
ထိုင်ရက်နဲ့ဆိုလို့ရှိရင် 'ထိုင်တယ်၊ ထိတယ်၊ ဖောင်းတယ်၊ ပိန်တယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒေါမနဿ ဒေါသမရှိတော့ဘူး၊ ပြတ်သွားပေတယ်။
သွားရင်းနဲ့ဆိုရင်လည်း 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ ကြွတယ်၊ ချတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်'လို့ မှတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း အမှတ်ဖြစ်သွားတာနဲ့ ဒီဒေါမနဿ ဒေါသတွေဟာ ဖြစ်ခွင့်မရတော့ဘူး။ ဝိပဿနာက အနိုင်ဆုံးဖြစ်ပေတယ်။ မှတ်လိုက်တာနဲ့ ကုသိုလ်ဇောတွေ ဖြစ်သွားတယ်။ ဒေါသဇောတွေ ဒေါမနဿဇောတွေ မဖြစ်နိုင်တော့ပေဘူး။ ဖြစ်ခွင့်မရတော့ပေဘူး။ ဝိပဿနာကတော့ အနိုင်ဆုံးပဲ။ ဒါကြောင့် ဝိပဿနာရှုကြရပါတယ်။ ဝိပဿနာ အောင်မြင်သွားရင်တော့ မိမိတို့ အလိုရှိအပ် တောင့်တအပ်သည့် ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားကြမှာ ဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာကုသိုလ်က အကောင်းမြတ်ဆုံး ကုသိုလ်ဖြစ်တယ်။
ဝိပဿနာရှုတော့မယ်ဆိုတော့ ဒီဝီထိအစဉ်ထဲမှာ ဘယ်နေရာကရှုရမလဲ .. လိုအပ်ပေတယ်။ နှလုံးသွင်းတာက ဇောမှာ နှလုံးသွင်းရတယ်။ ဇောရောက်လာတော့ အာရုံကို သိလာတော့ နှလုံးသွင်းရပါတယ်။
မြင်ကာမျှမတ္တမှာ တည်အောင်ရှုမှတ်ပုံ
ဝိပဿနာရှုတော့ ဘယ်နေရာကနေ ရှုရပါသလဲဆိုတော့ စက္ခုဝိညာဏ်ကရှုရမယ်။ 'အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်-မြင်သိစိတ်' အဲဒီမြင်သိစိတ်ဖြစ်တဲ့အခိုက်အတန့်လေးမှာ - ရူပါရုံအဆင်းက မျက်စိအကြည်ကို လာတိုက်ခိုက်မှ ရှုရပါတယ်။ ရှေ့က 'အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း' တိုင်အောင် လွန်သွားပြီးတဲ့အခါ စက္ခုဝိညာဏ် - မြင်သိစိတ်ကလေး ဖြစ်ခိုက်မှာ 'မြင်တယ်၊မြင်တယ်'လို့ ရှုမှတ်ရပေတယ်။ 'မြင်တယ်၊ မြင်တယ်'လို့ ရှုမှတ်နိုင်တဲ့အင်အား အသင့်အတင့် ရှိလာတဲ့အခါ မြင်ကာမျှမတ္တမှာပဲ တည်သွားတယ်။ ယောဂီများလောက် ဝိပဿနာအခြေခံရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ရှေးဦးစွာ မြင်ကာမျှမတ္တမှာ တည်အောင်ပဲ ရှုကြရပါတယ်။
အစပိုင်းမှာ မြင်ကာမျှမတ္တကို မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။
ဒိဋ္ဌေ = မြင်အပ်သော အဆင်းရူပါရုံ၌၊ ဒိဋ္ဌမတ္တံ = မြင်ကာမျှဖြစ်သော စိတ်သည်၊ ဘဝိဿတိ = ဖြစ်လတ္တံ့ (ဝါ) ဖြစ်အောင် ရှုရမယ်။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။
သာဓု ... သာဓု ... သာဓု။
မြင်လျှင် မြင်ကာမျှမတ္တမှာတည်အောင် ရှုမှတ်လိုက်တော့ ဣဋ္ဌာရုံ ဖြစ်လို့ရှိရင် လောဘလည်း မဖြစ်တော့ပေဘူး။ ရူပါရုံကို သာယာတပ်မက်တဲ့ လောဘလည်း မဖြစ်တော့ပေဘူး။ အနိဋ္ဌာရုံ ဖြစ်လို့ရှိရင် ဒေါမနဿ ဒေါသလည်း မဖြင့်တော့ပေဘူး။ မြင်လျှင် မြင်ကာမျှမတ္တဆိုတာ အခုယောဂီများအနေနဲ့၊ မခက်လှပါဘူး။ သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့တော့ အလွန်ခက်တယ်။ "မြင်တယ်ဆိုလျှင် အားလုံးမြင်ပြီးသွားတာပဲ။ ဘယ်လို မြင်ကာမျှမတ္တမှာ တည်အောင်လုပ်ရမှာလဲ" ဒီလိုတောင် ပြန်မေးကြတယ်။
ယောဂီများအနေနဲ့ ဒီလောက်မခက်လှပါဘူး။ စင်္ကြံလျှောက်သွားတဲ့အခါ ပေါ့ပေါ့ပြီးတော့ တက်သွားတာ၊ လှမ်းလိုက်တဲ့အခါ ပေါ့ပေါ့ပြီးတော့ ရွေ့သွားတာ၊ ချလိုက်တဲ့အခါလည်း လေးလေးပြီးတော့ ကျသွားတာကို မြင်နေရလို့ ယောဂီက အမှတ်ကောင်းနေတဲ့ အခိုက်အတန့်မှာ ယောဂီနားက လူတစ်ယောက်က ဖြစ်သွားလိုက်တယ်။
"ယောဂီနားက ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ အမျိုးသားလား ... အမျိုးသမီးလား ... " လို့ သွားမေးလို့ရှိရင် ယောဂီက "မသိပါဘူး၊ လူတစ်ယောက်တော့ ဖြတ်သွားတာပဲ၊ ဘယ်သူလဲတော့ မသိပါဘူး" လို့ ပြောတတ်ပါပေတယ်။ မြင်လျှင် မြင်ကာမျှမတ္တမှာ တည်သွားတာ ဖြစ်တယ်။ အမှတ်ကိုပဲ အလေးအနက် နှလုံးသွင်းထားတော့ ဟိုမှာ မြင်ရတာ မြင်ကာမျှမတ္တမှာ ဖြစ်သွားပါတယ်။ ကြားလျှင် ကြားကာမျှမတ္တ၊ နံလျှင် နံကာမျှမတ္တ၊ စားလျှင် စားကာမျှမတ္တတို့မှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။
ပဉ္စဒွါရမှာကျလာတဲ့ အာရုံတွေကို မနောဒွါရကနေ၍ ရှုမှတ်ရပုံ
ပဉ္စဒွါရ (၅)ဒွါရမှာ ကျလာတဲ့ အာရုံတွေကို ဘယ်ကနေ ရှုနေရလဲဆိုတော့ မနောဒွါရကနေ ရှုနေရတယ်။ ကျရာအာရုံက ပဉ္စဒွါရ၊ ရှုတာက မနောဒွါရ ဖြစ်တယ်။ မနောဒွါရက ရှုရပေတယ်။
သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ အို- ကျရာကတစ်ခြား၊ ရှုရာကတစ်ခြား၊ ဖြစ်မှ ဖြစ်နိုင်ပါ့မလားလို့ ဒီလိုလည်း စဉ်းစားသွားတတ်ပါတယ်။ ဒီလိုလည်း ဆင်ခြင်တွေ ပေးလာတတ်ပါတယ်။ ဖြစ်ကို ဖြစ်နိုင်တယ်။ ဖြစ်နိုင်တာလေးကို ပဉ္စဒွါရမှာ အာရုံ(၅)ပါး လာတိုက်တဲ့အခါမှာ မနောဒွါရမှာထင်တဲ့ အကြောင်းကို အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။
သစ်ပင်ဖျားမှာ ငှက်လာနားတဲ့ ဥပမာနဲ့ ဖွင့်ပြထားပါတယ်။ သစ်ပင်ဖျားမှာ မွန်းတည့်တဲ့အချိန်မှာ ငှက်လာပြီး နားတဲ့အခါ မြေကြီးမှာလည်း အရိပ်သွားထင်ပါတယ်။ သစ်ပင်ဖျားမှာ ငှက်နားတာနဲ့ မြေကြီးမှာ အရိပ်သွားတင်တာနဲ့ဟာ မရှေးမနှောင်းပဲ တစ်ပြိုင်နက်လို ဖြစ်ပါတယ်။ အဲဒီလိုပါပဲတဲ့။ ပဉ္စဒွါရ - (၅)ဒွါရမှာ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးတွေ လာတိုက်တဲ့အခါ မနောဒွါရမှာ ငှက်ရိပ်ပမာ သွားသွားပြီးတော့ ထင်တာပါပဲ၊ တစ်ပြိုင်နက်လိုပဲထင်တော့ မှတ်လို့ ရပါတယ်။ (အဋ္ဌသာလိနီ - ၁၁၄)
ဆောင်ပုဒ်။ ။ သစ်ပင်ဖျား၌၊ ငှက်နားပမာ၊ အာရုံငါးပါး၊ ထိငြားထင်လာ၊
မြေ၌ငှက်ရိပ်၊ ခပ်နှိပ်ပမာ၊ မနောပေါက်၊ ဆိုက်ရောက်လေသည်သာ။
သစ်ပင်ဖျားနဲ့တူတဲ့ (၅)ဒွါရမှာ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးလာပြီးတော့ ထိလိုက်တယ်။ ထိလိုက်တဲ့အခါမှာ ငှက်အရိပ်ဟာ မြေမှာ ထင်လာသလို မနောပေါက်မှာ အာရုံတွေ ဆိုက်ရောက် ထင်လာတယ်-ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။ ထင်လာပါပေတယ်။ ထင်လို့သာလျှင် 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' လို့ ရှုမှတ်လို့ ရနေတာပါပဲ။ မထင်ရင်တော့ ရှုမှတ်လို့ မရပါဘူး။
ဆောင်ပုဒ်။ ။ ငှက်အများနှင့်၊ အာရုံငါးတူသည်၊ သစ်ပင်ဖျားနှင့်၊ ဒွါရငါးတူသည်၊
မြေနှင့်တစ်ဝ၊ ဘဝင်္ဂတူညီ၊ လူနှင့်ကား၊ ဇောများတူပေသည်။
ဥပမာ - မြေပေါ်မှာပေါက်နေတဲ့ သစ်ပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီ သစ်ပင်ကြီးအောက်မှာ လူလည်းရှိတယ်။ သစ်ပင်အောင်မှာ၊ မြေကြီးပေါ်မှာ လူကထိုင်နေတယ်။ လှဲနေတယ်။ မွန်းတည့်အချိန်အခါမှာ သစ်ပင်ဖျားမှာ ငှက်တွေက လာနားတယ်။ လာနားတော့ အရိပ်က မြေကြီးမှာ ထင်လာတော့ လူက သိပါတယ်။ အင်း .. ငှက်တွေ လာနားပြီလို့ သိရပါပေတယ်။
အဲဒီလိုပါပဲ။ ငှက်အများနဲ့ အာရုံ (၅)ပါးနဲ့ တူတယ်။ အာရုံ (၅)ပါးတွေဆိုတာ ငှက်တွေ ပျံလာသကဲ့သို့ ရောက်လာကြတာပါပဲ။ ငှက်တွေနဲ့ တူပါပေတယ်။
သစ်ပင်ဖျားနဲ့ ဒွါရ (၅)ပါးနဲ့ တူတယ်။ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်-ဆိုတဲ့ ဒွါရ(၅)ပါးနဲ့ သစ်ပင်ဖျားနဲ့ တူတယ်တဲ့။ သစ်ပင်ဖျားနဲ့ ဒွါရ(၅)ပါးနဲ့တူတယ်။
အဲဒီဒွါရ (၅)ပါးမှာ အာရုံ(၅)ပါးလားပြီးတော့ တိုက်ပါတယ်။ ငှက်နဲ့တူတဲ့ အာရုံ(၅)ပါးလာတိုက်တော့ မြေကြီးမှာ အရိပ်ထင်သလို ဘဝင်မှာ သွားသွားပြီးတော့ ထင်တယ်။ မြေကြီးနှင့် ဘဝင်နဲ့ တူတယ်တဲ့။ ဘဝင်ဆိုတာ တစ်ဘဝလုံးမှာ တည်ရှိနေရတာ ဖြစ်တယ်။ မြေကြီးလိုပါပဲ။
ဘဝဿ အင်္ဂံ ဘဝင်္ဂံ။ ဘဝဿ = ဘဝ၏ ၊ အင်္ဂံ = အကြောင်းတည်း။ ဘဝင်္ဂံ = ဘဝ၏ အကြောင်း၊ ဘဝတည်ရှိဖို့ရာ အကြောင်းဆိုတော့ သစ်ပင်၏ တည်ရာ မြေကြီးနှင့် တူတယ်။
တစ်ဘဝလုံးမှာ ဘဝင်ကတော့ ရှိနေတယ်။ တစ်ခြား တစ်ခြားစိတ်တွေကသာ ပြောင်းလဲ ပြောင်းလဲပြီးတော့ ဖြစ်သွားကြတယ်။ ဘဝင်စိတ်ကတော့ မပြောင်းလဲဘူး။ အမြဲတမ်း ဘဝအခြေခံအနေဖြင့် တစ်ဘဝမှာ ဖြစ်နေပေတယ်။ အခြား စိတ်တို့၏ မှီရာတည်ရာ ဖြစ်တယ်။ ပဋိသန္ဓေက စပြီးတော့ ပဋိသန္ဓေ အခိုက်အတန့်မှာ ပဋိသန္ဓေစိတ်၊ ပဝတ္တိ ရောက်လာတော့ ဘဝင်စိတ်၊ ကွယ်လွန်စုတိတဲ့အခါကျတော့ စုတိစိတ် ဖြစ်တယ်။ ဒီဘဝင်စိတ်ကပဲ ပြောင်းလဲပြီး ဖြစ်ဖြစ်သွားတာပါပဲ။ ကိစ္စတွေကသာ ပြောင်းသွားတာ ဖြစ်တယ်။
တစ်ဘဝလုံးမှာ တည်ရှိတဲ့စိတ်က ဘဝင်စိတ်၊ မြေကြီးနဲ့ တူပါပေတယ်။ အဲဒီဘဝင်ကို မှီပြီးတော့ ဖြစ်တဲ့ ဇောစိတ်တွေကတော့ လူနဲ့တူတယ်တဲ့။ မြေကြီးပေါ်မှာရှိတဲ့ လူက ငှက်တွေ လာနားတော့ သိပါပေတယ်။ အရိပ်ထင်တာတော့ သိတယ်။ ဇောစိတ်ကလည်း အဲဒီ လူလိုပါပဲ။ အာရုံတွေကို သိပါတယ်။ ဒွါရ (၅)ပါးမှာ အာရုံ (၅)ပါးလာတိုက်တော့ ဘဝင်မှာ လာပြီးထင်တဲ့အခါ ဇောစိတ်က သိသွားပါတယ်။ သိတဲ့အတွက်ကြောင့် 'မြင်တယ်၊ မြင်တယ်' 'ကြားတယ်၊ ကြားတယ်' 'နံတယ်၊ နံတယ်' 'စားတယ်၊ စားတယ်' 'ထိတယ်၊ ထိတယ်' လို့ ရှုလို့ရတယ်။ အဲဒီလို ရှုမှတ်လို့ ရလို့သာ မနောဒွါရ တစ်ဒွါရကနေပြီးတော့ ရှုမှတ်နေရတာ ဖြစ်တယ်။ (၅)ဒွါရမှာ ကျလာကျလာတဲ့ အာရုံတွေကို မနောဒွါရ တစ်ဒွါရက စောင့်ပြီး ရှုနေရတာ ဖြစ်တယ်။
အဲဒီလို ရှုမှတ်ရလို့ တရားထူး တရားမြတ် ရသွားတဲ့ သာဓကတွေ မြတ်စွာဘုရား လက်ထက်တော်အခါက ရှိခဲ့ဘူးပါတယ်။ (၅)ဒွါရမှာ ကျလာတဲ့ အာရုံတွေကို မနောဒွါရ တစ်ဒွါရကပဲ စောင့်ပြီးတော့ ရှုမှတ်နေရပေတယ်။ အထင်ရှားဆုံးကတော့ အရှင်ပေါဋ္ဌိလ ဖြစ်ပေတယ်။
ဆက်ရန်.... အနန္တရ (င)သို့
အပြည့်အစုံသို့...
၎။ အနန္တရ ပစ္စည်း (ဂ)
၎။ အနန္တရ ပစ္စည်း (ဂ)
အဗျာကတက အကုသိုလ်ကို ကျေးဇူးပြုပုံ
အဗျာကတကနေ အကုသိုလ်ကို ကျေးဇူးပြုတာကို ပြောပြပါတော့မယ်။ ဇော(၇)ကြိမ်က နှလုံးလည်း မသွင်း၊ မှတ်လည်း မမှတ်တဲ့အတွက်ကြောင့် (၇)ကြိမ်လုံး အကုသိုလ်ဇောတွေ စောသွားတယ်။ အဲဒီအခါကျတော့ ဝုဋ္ဌောက ပထမဇောကို ကျေးဇူးပြုတဲ့အခါ အဗျာကတက အကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ ဝုဋ္ဌောက အဗျာကတက အကုသိုလ် ပထမဇောကို ကျေးဇူးပြုတာပဲ ဖြစ်တယ်။ အဗျာကတအတွက် (၃)ချက် ရသွားပေပြီ။
'အဗျာကတော အဗျာကတဿ'။ အဗျာကတ-ကနေပြီးတော့ အဗျာကတကို ကျေးဇူးပြုတာကတော့ တစ်ဝီထိလုံးပဲ၊ (၁၇)ချက်လုံးပဲဖြစ်တယ်။
'အဗျာကတော ကုသလဿ'။ အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုတာကတော့ ဝုဋ္ဌောက ကုသိုလ်ပထမဇောကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။
'အဗျာကတော အကုသလဿ'။ အဗျာကတကနေပြီးတော့ အကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဝုဋ္ဌောကနေပြီးတော့ အကုသိုလ် ပထမဇောကို ကျေးဇူးပြုတာ ဖြစ်တယ်။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသနာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော - ဟု စပြီး ဟောပါတယ်။
ပုရိမာ ပုရိမာ - ဆိုတာ ရှေ့ရေ့ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ။ ပစ္ဆိမာ = ဆိုတာ နောက်ပါ။ ပုရိမာ ပုရိမာ - ဆိုတာ ရှေ့ရှေ့က ပစ္စည်းတရား၊ အကြောင်းတရားကို ပြောတာဖြစ်တယ်။ ပစ္ဆိမာနံ ပစ္ဆိမာနံ = ဆိုတာ နောက်နောက်က ပစ္စယုပ္ပန်တရား၊ အကျိုးတရားကို ပြောတာဖြစ်တယ်။
ပုရိမာ-ဆိုရင် ပစ္စည်းလား၊ ပစ္စယုပ္ပန်လား ... ပစ္စည်းပါ။ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုရင် ပစ္စည်းလား၊ ပစ္စယုပ္ပန်လား ... ပစ္စယုပန်ပါ။ ပုရိမာ ပုရိမာ-ဆိုရင် အကြောင်းလား၊ အကျိုးလား ... အကြောင်းပါ။ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုရင် အကြောင်းလား၊ အကျိုးလား ... အကျိုးပါ။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ကျေးဇူးပြုတာလဲ ... ဇော ဇောချင်း ကျေးဇူးပြုတာ ဖြစ်တယ်။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ဘယ်လို ကျေးဇူးပြုတာလဲ ... အဆုံးဇောကနေ ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်တယ်။ ကုသိုလ်အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုတာဖြစ်တယ်။ တဒါရုံက နှစ်ခုရှိပါတယ်။ ပထမ တဒါရုံကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဇောတွေက (၇)ဇောတောင်ဆိုတော့ ဘယ်ဇောလဲ ... အဆုံးဇောပါ။ အဆုံးဇော= သတ္တမဇောက ပထမတဒါရုံကို ကျေးဇူးပြုတာကို ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော - ဟု ဘုရားဟောထားတာ ဖြစ်ပေတယ်။ ယောဂီမျာ ကိုယ်တိုင်သိရပေတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာကြီးပဲ ဖြစ်တယ်။ မြတ်စွာဘုရား ဟောတာကို သဘောကျနေတယ်။ ဤကဲ့သို့ မရှင်းပြရင် အနန္တရပစ္စည်း တော်တော်နဲ့ သဘောမကျပေဘူး။ ပုရိမာ ပုရိမာ-ဆိုတာ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုတာ ဘယ်လိုလဲလို့ စိတ်ထဲမှာ ရွတ်သာရွတ်ဆိုနေရတယ်။ သဘောက မပေါက်တော့ ရွတ်ဆိုနေရတာပဲ ရှိတာပေါ့
'ကုသလပဒ' အတွက်၊ ကုသိုလ်အတွက် ပြီးသွားပြီ။ 'အကုသလပဒ' အတွက်၊ အကုသိုလ်အတွက် ဟောပါတော့မယ်။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်မှာပါလဲ ... ဇော ဇောချင်းမှာ ဖြစ်ပေတယ်။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေ ဘယ်လိုကျေးဇူးပြုတာပါလဲ ... အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ အဆုံးဇောက အကုသိုလ်ဇော၊ တဒါရုံက အဗျာကတ ဖြစ်တယ်။ အဆုံးအကုသိုလ်ဇောက ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ အကုသလပဒအတွက် (၂)ချက်လည်း ပြီးသွားပါပြီ။ ဘယ်နှစ်ချက်ရသွားပါလဲ .. (၄)ချက်ပါ။ နောက် (၃)ချက်က အဗျာကတဖြစ်တယ်။
အဗျာကတ (၃)ချက် ဟောပါတော့မယ်။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်မှာပါလဲ ... (၁၇)ချက်လုံး ဖြစ်ပေတယ်။
တစ်ဝီထိလုံး အဗျာကတပဲ-ဆိုတော့ တဒါရုံ (၂)ကြိမ်ကလည်း ကုသိုလ်လား ... အကုသိုလ်လား .. အဗျာကတလား ... အဗျာကတပါ။ တစ်ဝီထိလုံး အဗျာကတ ရသွားပေတယ်။ 'အဗျာကတော အဗျာကတဿ' ဖြစ်တယ်။ အဗျာကတကနေ အဗျာကတကို ကျေးဇူးပြုတာကတော့ တစ်ဝီထိလုံးပဲ၊ (၁၇)ချက်လုံးပဲ ဖြစ်တယ်။ နောက်တစ်ခါ ဒုတိယအချက်ကို ဟောပါတော့မယ်။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ဘယ်သူ့ကို ကျေးဇူးပြုတာလဲ ... ဝုဋ္ဌောကနေပြီးတော့ ပထမ ကုသိုလ်ဇောကို ကျေးဇူးပြုတာဖြစ်ပေတယ်။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေ ဘယ်ကို ကျေးဇူးပြုတာပါလဲ ... ဝုဋ္ဌောကနေပြီးတော့ ပထမ အကုသိုလ်ဇောကို ကျေးဇူးပြုတာဖြစ်ပေတယ်။ (၇)ချက် ပြည့်သွားပြီ။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ... ဟူ၍ (၇)ချက် ဖြစ်ပေတယ်။
ဒီစက္ခုဝိညာဏဝီထိထဲမှာပဲ (၇)ချက် ရသွားပါတယ်။ သောတဝိညာဏဝီထိမှာလည်း ဒီ(၇)ချက်ပဲ။ ဃာနဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပဲ။ ဇိဝှါဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပဲ။ ကာယဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပါပဲ။ တစ်ဝီထိဆိုလို့ရရင် အားလုံး သဘောကျပါပေတယ်။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော - ဆိုတာကတော့ အားလုံးတစ်ပေါင်းတည်း ရှေ့ရှေ့သော ပစ္စည်းတရားတွေက နောက်နောက်သော ပစ္စယုပ္ပန်တရားတွေကို ကျေးဇူးပြုနေပုံကို နိဂုံးချုပ်အနေနဲ့ မြတ်စွာဘုရား ဟောကြားတော်မူတာ ဖြစ်တယ်။ လိုရင်းအကျဆုံးကတော့ အခု(၇)ချက်ဟာ လိုရင်းပါပဲ။
ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို၊ အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို၊ အဗျာကတက အဗျာကတကို၊ အဗျာကတက ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို - ဆိုတဲ့ (၇)ချက်ကတော့ အဓိကပါပဲ။
ပစ္စယနိဒ္ဒေသပါဠိတော်က သဘောပေါက်သွားလို့ရှိရင် နောက်နောက်ဝါဒတွေ၊ ပဋ္ဌာန်းပါဋ္ဌိတော် အကျယ်တဝင့်တွေကို လိုက်ပြီးတော့ ဖတ်ကြည့်မယ်ဆိုလို့ရှိရင်၊ လေ့လာမယ်ဆိုလို့ရှိရင် ယောဂီများ သဘောပေါက်ပါလိမ့်မယ်။ နေရာကျပါတယ်။ ဒီဝီထိအစဉ်ကလေး ရထားဖို့ အရေးကြီးတယ်။ ဝီထိအစဉ်ကလေးကိုတော့ စက္ခုဒွါရဝီထိအတွက်ဆိုလျှင် ကောင်းကောင်းရသွားပြီ။ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ-တွေကိုလည်း တစ်ခေါက်စီလောက် ဆိုသွားရအောင်။
စက္ခုဝိညာဏဝီထိ - အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။
သောတဝိညာဏဝီထိကျတော့ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ်လို့ ထည့်ရမယ်။ ဃာနဝိညာဏဝီထိကျတော့ ဃာနဝိညာဏ်လို့ ထည့်ရမယ်။ ဇိဝှါဝိညာဏဝီထိကျတော့ ဇိဝှါဝိညာဏ်လို့ ထည့်ရမယ်။ ကာယဝိညာဏဝီထိကျတော့ ကာယဝိညာဏ်လို့ ထည့်ရမယ်။ 'စ'လေးနေရာမှာ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယတွေ လဲပြီးထည့်ရမယ်။
အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။
အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။
အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။
အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်ကလေး (၅)ခေါက် ဆိုလိုက်ကြအုံးစို့။ စက္ခုဝိညာဏ်အတွက် 'မြင်ပြီးလျှင်' နေရာမှာ သောတဝိညာဏ်အတွက် 'ကြားပြီလျှင်'၊ ဃာနဝိညာဏ်နေရာမှတော့ 'နံပြီးလျှင်'၊ ဇိဝှါဝိညာဏ်နေရာကျတော့ 'စားပြီးလျှင်'၊ ကာယဝိညာဏ်ကျတော့ 'ထိပြီးလျှင်' - လို့ ထည့်ဆိုကြရမယ်။
ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ နံပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ စားပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ ထိပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ပါဋ္ဌိတော်လည်း သဘောကျသွားပြီ။ ဝီထိအစဉ်တွေလည်း နာမည်တွေ သိသွားပြီ။ ဘဝင်-ဆိုတာ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေ။ ဒီ(၃)ခုလုံးကို ဘဝင်-လို့ ဆိုလိုက်တာဖြစ်တယ်။ ဆင်ခြင်-ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းကို ဆိုတာဖြစ်တယ်။ မြင်ပြီးလျှင်-ဆိုတာ စက္ခုဝိညာဏ်ကို ဆိုတာဖြစ်တယ်။ ထို့ပြင်လက်ခံတုံ-ဆိုတာ သမ္ပဋိ စ္ဆိုင်းကို ဆိုတာဖြစ်တယ်။ စုံစမ်း-ဆိုတာ သန္တီရဏကို ဆိုတာဖြစ်တယ်။ ဆုံးဖြတ်-ဆိုတာ ဝုဋ္ဌောကို ဆိုတာဖြစ်တယ်။ ဇောစိတ်သတ်-ဆိုတာ ဇော(၇)ကြိမ်ကို ဆိုတာဖြစ်တယ်။ နှစ်ရပ်တစ်ဒါရုံ-ဆိုသည်မှာ တဒါရုံ(၂)ကြိမ်ကို ဆိုတာ ဖြစ်တယ်။
မြန်မာလို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး စီထားတာ သဘောကျသွားပါပြီ။ 'ဇော' ဆိုတာကတော့ ဇဝန = လျင်မြန်စွာ ဖြစ်တာကို ခေါ်တယ်။ (၁)ကြိမ်တည်း ဖြစ်လို့မရပေဘူး။ (၇)ကြိမ်၊ (၇)ကြိမ် ဖြစ်သွားတယ်။ လျင်မြန်တာကို 'ဇော' ခေါ်တယ်။ ဘယ်လောက် လျက်မြန်လဲဆိုရင် တစ်ခါဖြစ်ရင် (၇)ကြိမ်၊ (၇)ကြိမ် ဖြစ်တယ်။
-----
သင်္ဂြိုလ်ဆိုင်ရာ မှတ်သားဖွယ်
ဇောစိတ်တပ်သော စိတ် ၅၅-ပါး ရှိပါတယ်။
အကုသိုလ်စိတ် ၁၂-ပါး၊ ကုသိုလ်စိတ် ၂၁-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ အာဝဇ္ဇန်းဒွေကြဉ်သော ကြိယာစိတ် ၁၈-ပါး - ဟူ၍ ၅၅-ပါး ဖြစ်ပါတယ်။
ဇောစိတ် ၅၅-ပါးကို အကျဉ်းမှတ်သားနိုင်သောနည်းမှာ 'ကုကုကြိဖိုလ်'ကို မှတ်သားရန် ဖြစ်ပါတယ်။ အကုသိုလ်စိတ်, ကုသိုလ်စိတ်, ဖိုလ်စိတ်နှင့် အာဝဇ္ဇန်းဒွေကြဉ်သည့် ကြိယာစိတ်များကို အကုန်ယူရန် ဖြစ်၏ ။
အကုသိုလ်စိတ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ ဟသိတုပ္ပါဒ် ၁၊ ပေါင်း ၂၉-ပါး သည် ကာမစိတ်များ ဖြစ်ကြသဖြင့် ကာမဇော-ဟု အမည်တွင်ပါတယ်။
မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ ၉၊ မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ ပေါင်း ၂၆-ပါးတို့သည် အပ္ပနာစိတ်များ ဖြစ်ကြသဖြင့် အပ္ပနာဇော-ဟု အမည်တွင်ပါတယ်။
-------
အနန္တရပစ္စည်းရဲ့ သဘောတရားလေးလည်း တော်တော်လေး သဘောကျသွားပါပြီ။ ပါဋ္ဌိတော်ကိုလည်း သဘောကျသွားပါပြီ။ ဝိပဿနာရှုဖို့၊ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဖို့ပဲ လိုပါတော့တယ်။ ဒီလို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်မှာ အာရုံ(၆)ပါးက လာတိုက်တဲ့အခါ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်တွေ ဖြစ်တဲ့အခါမှာ ကုသိုလ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘာဖြစ်ပါသလဲ ... အကုသိုလ်ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်အောင် ဘယ်လိုနှလုံးသွင်းရမလဲ ...လိုအပ်ပေတယ်။
ကုသိုလ်ဖြစ်အောင်တော့ နှလုံးသွင်းတတ်လို့ရှိရင်လည်း ကုသိုလ်လည်း ဖြစ်နိုင်တယ်။ ဝိပဿနာရှုနိုင်လို့ရှိရင်လည်း ကုသိုလ်လည်း ဖြစ်နိုင်တယ်။ နှလုံးလည်း မသွင်းတတ်ဘူး၊ ဝိပဿနာလည်း မရှုတတ်ဘူး ဆိုရင်တော့ ဘာဖြစ်ပါ့မလဲ .. အကုသိုလ်ဖြစ်လိမ့်မယ်တဲ့။
ဆောင်ပုဒ်။ ။ နှလုံးမသွင်း၊ ရှုမှတ်ကင်း၊ ဖြစ်ခြင်းအကုသာ။
နှလုံးလည်း မသွင်းတတ်ဘူး၊ ရှုလည်း မရှုတတ်ဘူး၊ ရှုမှတ်တတ်သော်လည်း ရှုမှတ်မှုက ကင်းနေတယ်ဆိုရင်တော့ ဘာဖြစ်ပါ့မလဲ .. အကုသိုလ်ဖြစ်ပါမယ်။ ယောဂီများအတွက် ဒီအာရုံတွေနဲ့ ကင်းပြီးတော့ နေလို့ကို မရပေဘူး။ အိပ်တဲ့အခိုက်အတန့်လေးပဲ ကင်းတယ်။ ကျန်တဲ့အချိန်မှာ ကင်းလို့မရပေဘူး။
မျက်စိက မြင်လိုက်၊ နားက ကြားလိုက်၊ နှာခေါင်းက နံလိုက်၊ လျှာက စားလိုက်၊ ကိုယ်က ထိလိုက်၊ စိတ်က ကြံစည်မှုတွေဖြစ်လိုက်၊ အဲဒါတွေကို နှလုံးမသွင်းတတ်ဘူး၊ ဝိပဿနာလည်း မရှုတတ်ဘူးဆိုရင် အကုသိုလ်တွေပဲ ဖြစ်တာ များနေတော့ လူဖြစ်ရတာ မကောင်းတော့ပေဘူး။ အပါယ်လေးရွာသို့ ပြန်သွားဖို့ပဲ ရှိပါတော့တယ်။ အရင်းရှုံးသွားတော့မှာပါပဲ။ ဒါကြောင့် နှလုံးသွင်းတတ်ဖို့၊ ရှုလည်း ရှုမှတ်တတ်ဖို့ အရေးကြီးပါတယ်။
ဆောင်ပုဒ်။ ။ နှလုံးသွင်းမှု၊ ရှုမှတ်မှု၊ ပြုက ကုသလာ။
နှလုံးသွင်းမယ်ဆိုရင်တော့ အာရုံတွေ လာတိုက်တဲ့အခါ ဇောသို့ ရောက်လာလျှင် နှလုံးသွင်းရပါတယ်။ နှလုံးမသွင်းတတ်လို့ရှိရင်တော့ အကုသိုလ်ဇောတွေ စောသွားတယ်။
ကောင်းတဲ့ဣဋ္ဌာရုံဖြစ်တဲ့ အာရုံတွေ၊ အလွန်သာယာဖွယ်ဖြစ်တဲ့ အာရုံတွေ လာတိုက်တော့ နှလုံးမသွင်းတတ်ဘူးဆိုရင် လောဘဖြစ်တယ်။ သာယာတယ်၊ နှစ်သက်တယ်၊ ခင်မင်တယ်၊ တွယ်တာတယ်၊ လောဘဖြစ်သွားတယ်။ လောဘနဲ့စပ်တဲ့ အကုသိုလ်တွေ ဖြစ်သွားပေတယ်။
မကောင်းတဲ့ အနိဋ္ဌာရုံတွေ လာတိုက်ကြတော့ နှလုံးမသွင်းတတ်လို့ရှိရင် ဒေါသ ဒေါမနဿတွေ ဖြစ်သွားကြတယ်။
နှလုံးမသွင်းတတ်တော့ ကောင်းတာတိုက်လည်း အကုသိုလ်၊ မကောင်းတာတိုက်လည်း အကုသိုလ် ဖြစ်တယ်။ အကုသိုလ်ကိုတော့ ယောဂီများ အလွန်ကြောက်ပါတယ်။ နှလုံးသွင်းတတ်ဖို့လည်း အရေးကြီးပါပေတယ်။
ကောင်းတဲ့ဣဋ္ဌာရုံတွေ လာတိုက်တဲ့အခါကျတော့ ဘယ်လို နှလုံးသွင်းရမလဲ။ ဒီလိုကောင်းတဲ့ဣဋ္ဌာရုံတွေ၊ ကောင်းတဲ့ အာရုံအမျိုးမျိုးတွေနဲ့၊ ကောင်းကျိုး အမျိုးမျိုးတွေနဲ့ မိမိတွေ့ရတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား၊ မကောင်းခဲ့လို့လား ... ကောင်းခဲ့လို့၊ ကောင်းတဲ့ ကုသိုလ်ကံတွေ ပြုခဲ့လို့ ကောင်းကျိုးတွေနဲ့ တွေ့နေရတာ ဖြစ်တယ်။
နောက်လာလတ္တံ့ အနာဂတ်အချိန်အခါတွေမှာ၊ အနာဂတ်ဘဝတွေမှာ ကောင်းတာတွေနဲ့ တွေ့ဖို့ရာ လိုအပ်ပါပေတယ်။ အကောင်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားဖို့ရာ လိုအပ်တယ်။ လိုအပ်တဲ့အတွက်ကြောင့် ကောင်းမှုကုသိုလ်တွေကို ပြုမှတော်မယ်လို့ နှလုံးသွင်းရပါတယ်။
အတိတ်ကကောင်းခဲ့လို့ အခုကောင်းတာတွေနဲ့ တွေ့နေရတာ၊ နောင်အနာဂတ်ဘဝတွေမှာ ကောင်းဖို့ရာ၊ နိဗ္ဗာန်ချမ်းသာကို ရောက်သွားဖို့ရာ ကောင်းတဲ့ကုသိုလ်တွေပြုမှ တော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ကုသိုလ်ဖြစ်သွားပါပေတယ်။ နှလုံးသွင်းကောင်းရင် ကုသိုလ်ဖြစ်တယ်။
မကောင်းတဲ့ အနိဋ္ဌာရုံတွေနဲ့ တွေ့ရ ကြုံရတဲ့အခါ၊ မကောင်းတာတွေနဲ့ပဲ တွေ့ရတဲ့အခါ၊ မကောင်းတာတွေပဲ ကြားနေရတဲ့အခါ၊ မကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲ အတူတကွ နေရတဲ့အခါ နှလုံးဘယ်လိုသွင်းရပါ့မလဲ ... ဒီလိုမကောင်းတာတွေနဲ့ မိမိလာတွေ့နေရတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား ... မကောင်းခဲ့လို့လား .. မကောင်းခဲ့လို့ပါ။ မိမိမကောင်းခဲ့လို့၊ မိမိမကောင်းတဲ့ အကုသိုလ်ကံတွေပြုခဲ့လို့ ဒီလို မကောင်းတာတွေနဲ့ လာတွေ့နေရတာပဲလို့ ဆင်ခြင်လိုက်တာနဲ့ သက်သာသွားပါပေတယ်။ ဒီလို မကောင်းတဲ့ အနိဋ္ဌာရုံ အကျိုးပေးတွေကို ဘာနဲ့များ ကျော်လွန်နိုင်ပါ့မလဲ ... ကုသိုလ်တရားတွေနဲ့မှ ကျော်လွန်နိုင်ပေမယ်။ ကုသိုလ်တရားတွေကို ရှေးကထက် ဆထက်ထမ်းပိုးတိုးပြီးတော့ ပြုလုပ်မှတော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်တွေ ဖြစ်သွားပါပေတယ်။
ဆက်ရန် .... အနန္တရ (ဃ)သို့ ..
အပြည့်အစုံသို့...
၎။ အနန္တရပစ္စည်း (ခ)
၎။ အနန္တရပစ္စည်း (ခ)
ပဉ္စဒွါရမှာ စိတ်အစဉ်တွေ ဖြစ်ပြီးတော့ ရှေ့စိတ်ကနေပြီး နောက်စိတ်တွေကို အကြားမရှိ အနန္တရသတ္တိနဲ့ ကျေးဇူးပြုနေပုံကို ခေါင်းစဉ်ပမဏာအနေနဲ့ ယောဂီများ သဘောကျ နားလည်အောင် ရှေးဦးစွာ မြတ်စွာဘုရား ဟောပြထားတာပါပဲ။
နောက်တော့ (၇)ချက်ဟောပါတယ်။ (၇)ချက်ကတော့ ကုသိုလ်က ၂-ချက်၊ အကုသိုလ်က ၂-ချက်၊ အဗျာကတက ၃-ချက်၊ ပေါင်း ၇-ချက် ဖြစ်ပါတယ်။ အဲဒီ (၇)ချက်ဖြင့် ကျေးဇူးပြုပုံကို ဝီထိအစဉ် (၁၇)ချက်ဖြင့် ပိုင်းခြားပြမှာသာ ပို၍ မှတ်ရလွယ်ကူပါတယ်။
ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
အပေါ်က (၁၇)ချက်ကို ပြောတာပဲ ဖြစ်တယ်။ 'ဘဝင်ဆင်ခြင်' ၌ ဘဝင်ဆိုတာ အတီတဘဝင်= လွန်သွားတဲ့ဘဝင် ဖြစ်တယ်။ မျက်စိအကြည်မှာ ရူပါရုံ အဆင်း လာတိုက်တဲ့အခါမှာ ဘဝင်တစ်ချက် လွန်သွားတယ်။ နောက်ပြီးတော့ ဘဝင်တွေ လှုပ်လာတယ်။ အဲဒါကို ပါဠိလို ဘဝင်္ဂစလန-လို့ ခေါ်တယ်။ ဘဝင်္ဂ-ဆိုတာ ဘဝင်၊ စလန-ဆိုတာ လှုပ်တာ ဖြစ်တယ်။ ထို့နောက် ဘဝင်တွေ ပြတ်သွားတယ်။ ပြတ်သွားတာကိုတော့ ဘဝင်္ဂုပစ္ဆေဒ-လို့ ခေါ်တယ်။
'ဆင်ခြင်'-ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းကို ပြောတာ ဖြစ်တယ်။ ပဉ္စဒွါရာဝဇ္ဇန်း-ဆိုတာ ဒီအာရုံလေးက ဘာအာရုံပါလဲလို့ ဆင်ခြင်လိုက်တာကို ပဉ္စဒွါရာဝဇ္ဇန်း-လို့ ခေါ်တယ်။ ဥပါဒ်+ဋ္ဌီ+ဘင် ဆိုတဲ့ စိတ္တက္ခဏ၊ တစ်ခဏလေးမှာပဲ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ဆင်ခြင်ရုံပဲ ဆင်ခြင်နိုင်တယ်။ စက္ခုဝိညာဏ်က မြင်သိစိတ်ကလေး ဖြစ်လာတာကို ဆိုတာဖြစ်တယ်။ မြင်သိစိတ်ကလေးကလည်း သိကာမျှမတ္တပဲ ဖြစ်တယ်။ သိကာမျှမတ္တမှာ ဖြစ်ပြီးတာနဲ့ ချုပ်ပျောက်သွားတာပဲ ဖြစ်တယ်။ ဥပါဒ်+ဋ္ဌီ+ဘင် ဆိုတာနဲ့ တစ်ခါတည်း ပျက်သွားတာပဲ ဖြစ်တယ်။
'မြင်ပြီးလျှင်' ဆိုတာ စက္ခုဝိညာဏ်ကို ပြောတာဖြစ်တယ်။ 'ထို့ပြင် လက်ခံတုံ' ဆိုတာ သမ္ပဋိ စ္ဆိုင်းကို ပြောတာ ဖြစ်တယ်။ သမ္ပဋိစ္ဆိုင်းက စက္ခုဝိညာဏ် မြင်သိပြီးတဲ့ အာရုံလေးကို လက်ခံယူထားလိုက်တယ်။ မပျောက်ပျက်သွားရအောင် လက်ခံထားလိုက်တယ်။ 'ထို့ပြင်လက်ခံတုံ' ရဲ့ အဓိပ္ပါယ် ဖြစ်တယ်။
'စုံစမ်းဆုံးဖြတ်' ၌ စုံစမ်းဆိုတာ သန္တီရဏကို ပြောတာဖြစ်တယ်။ သန္တီရဏ-ဆိုတာ ဒီအာရုံလေးဟာ ဘာအာရုံလေးလဲ၊ ကောင်းတဲ့ အာရုံလား၊ မကောင်းတဲ့ အာရုံလားလို့ စုံစမ်းရုံပဲ စုံစမ်းတာ ဖြစ်တယ်။ စုံစမ်းပြီးတာနဲ့ ချုပ်ပျက်သွားပေတယ်။ 'ဆုံးဖြတ်တယ်' ဆိုတာ ဝုဋ္ဌောက ဆုံးဖြတ်တယ်။ ဒီအာရုံက ကောင်းတယ်။ ဒီအာရုံကတော့ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။
'ဇောစိတ်သတ်' ဆိုတာ ဝုဋ္ဌောနောက်မှာ ဇောစိတ် (၇)ကြိမ် ဖြစ်သွားတယ်လို့ ဆိုရပါတယ်။ ကောင်းတဲ့ အာရုံဖြစ်လျှင် ကောင်းတဲ့အတိုင်း ခံစားလိုက်တယ်။ မကောင်းတဲ့ အာရုံဖြစ်လျှင် မကောင်းတဲ့အတိုင်း ခံစားလိုက်တယ်။ ခံစားလိုက်တော့ ကောင်းတဲ့အာရုံကို ကောင်းတဲ့အတိုင်း ခံစားလိုက်လို့ရှိရင် လောဘ အကုသိုလ်စိတ်တွေ ဖြစ်သွားတယ်။ မကောင်းတဲ့အာရုံကို မကောင်းတဲ့အတိုင်း ခံစားလိုက်ရင်တော့ ဒေါသ ဒေါမနဿ အကုသိုလ်စိတ်တွေ ဖြစ်သွားတယ်။
ကုသိုလ်-ဆိုရင်တော့ ကုသိုလ်ဇောတွေ စောသွားတယ်။ ဘုရားအာရုံ၊ တရားအာရုံ၊ သံဃာအာရုံ၊ ဒါန သီလ သမထ ဝိပဿနာပွားများဖို့ရာ အာရုံတွေဆိုရင်တော့ ကုသိုလ်ဇော စောသွားပါတယ်။ အဲဒီမှာတော့ နှလုံးသွင်းတတ်လို့ရှိရင် ကုသိုလ်ဇော ဖြစ်တယ်။ နှလုံးမသွင်းတတ်ရင် အကုသိုလ်ဇောတွေ ဖြစ်တယ်။ ကောင်းတဲ့အာရုံ လာတိုက်လို့ရှိရင် နှလုံးမသွင်းတတ်ရင် လေဘဇော ဖြစ်တယ်။ မကောင်းတဲ့အာရုံ လာတိုက်လို့ရှိရင် နှလုံးမသွင်းတတ်ရင် ဒေါသဇော ဖြစ်တယ်။ နှလုံးမသွင်းတတ်ရင်တော့ အကုသိုလ်တွေပဲ ဖြစ်ဖြစ်သွားတယ်။ နှလုံးသွင်းတတ်ရင်တော့ ကုသိုလ်ဇောတွေပဲ စောတယ်။ အဲဒီ ကုသိုလ်ဇောတွေ စောပုံ၊ နှလုံးသွင်းတတ်ပုံကိုတော့ နောက်မှပဲ ရှင်းပြပါမယ်။
ဇောတွေကျတော့ ကုသိုလ်လည်း ဖြစ်တယ်။ အကုသိုလ်လည်း ဖြစ်တယ်။ အဗျာကတတည်း ဖြစ်တယ်။ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တိုင်အောင် ကုသိုလ်ဇော၊ အကုသိုလ်ဇောတွေ ဖြစ်နိုင်တယ်။ ရဟန္တာပုဂ္ဂိုလ် ဖြစ်သွားပြီးတဲ့အခါကျတော့ အဗျာကတဇောပဲ ဖြစ်တော့တယ်။ ကြိယာဇောပဲ ဖြစ်တော့တယ်။ ဇောမှာတော့ ကုသိုလ် အကုသိုလ် အဗျာကတ (၃)ခုလုံးပဲ ရှိပေတယ်။
'ဇောစိတ်သတ်' ၌ ဇော- ဆိုတာ ဇောကိုပဲ ပြောတာ ဖြစ်တယ်။ ဇောစိတ်ကို ပြောတာ ဖြစ်တယ်။ သတ်-ဆိုတာက (၇)ခုတဲ့။ (၇)ကြိမ် စောရမယ်။
'နှစ်ရပ်တဒါရုံ'-၌ ရုံ၊ ရုံလို့ (၂)ခု ပါပါတယ်။ ပထမတဒါရုံ၊ ဒုတိယတဒါရုံ-လို့ ဆိုရပေတယ်။ သူတို့ကတော့ အဗျာကတတွေပဲ။ တဒါရုံ (၂)ခုက အဗျာကတပဲ။ အဲဒီဝီထိအစဉ် (၁၇)ချက်ထဲမှာ ကုသိုလ် အကုသိုလ် အဗျာကတ ခွဲပုံလေး ဆောင်ပုဒ်လေး ဆိုကြမယ်။
ဆောင်ပုဒ်။ ။ ရှေ့ရှစ် နောက်နှစ်၊ အဗျာကတဖြစ်။
လယ်ခုနှစ်မှာ၊ ကု အ ဗျာ၊ မှန်စွာ ဖြစ်ပေသည်။
ရှေ့က (၈)ခုကလည်း အဗျာကတ၊ နောက်က (၂)ခုကလည်း အဗျာကတ၊ ရှေ့(၈)ခုကို ရေတွက်ကြည့်လိုက်တော့ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတိုင်အောင် (၈)ခုပါ။ အဲဒီ (၈)ခုက အဗျာကတ ဖြစ်ပေတယ်။ ရှေ့ (၈)ခုက အဗျာကတ၊ 'နောက်(၂)' နောက်ဆုံး(၂)ခုက ပထမတဒါရုံ၊ ဒုတိယတဒါရုံ၊ ဒီ(၂)ခုကလည်း အဗျာကတ ဖြစ်ပေတယ်။
'လယ်ခုနှစ်မှာ၊ ကု အ ဗျာ၊ မှန်စွာဖြစ်ပေသည်'-ဟု ဆိုရာ၌ အလယ်က ဇော(၇)ကြိမ်က ကုသိုလ် အကုသိုလ် အဗျာကတ ၃-မျိုးပါ။ ကုသိုလ်လည်း ဖြစ်နိုင်တယ်။ အကုသိုလ်လည်း ဖြစ်နိုင်တယ်။ အဗျာကတလည်း ဖြစ်နိုင်ပေတယ်။ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တိုင်အောင် ကုသိုလ်၊ အကုသိုလ် နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ နှလုံးသွင်းတတ်လို့ရှိရင် ကုသိုလ်၊ နှလုံးမသွင်းတတ်လို့ရှိရင် အကုသိုလ်ဖြစ်တယ်။ ဝိပဿနာရှုနေလို့ရှိရင် ကုသိုလ်ဖြစ်တယ်။
ရဟန္တာပုဂ္ဂိုလ်အတွက်တော့ ကြိယာဇောတွေ စောလို့ အဗျာကတ ဖြစ်တယ်။ ဇောမှာတော့ ကုသိုလ် အကုသိုလ် အဗျာကတ (၃)မျိုးလုံး ဖြစ်နိုင်ပေတယ်။
ကုသိုလ်၏ သဘောနှင့် အကုသိုလ်၏ သဘော
ဆောင်ပုဒ်။ ။ ကုသိုလ်ဆိုတာ၊ ပြုဆဲမှာ။ မှန်စွာပြစ်ကင်းသည်။
ကုသလာ အနဝဇ္ဇ သုခဝိပါကလက္ခဏာ။
ကုသလာ - ကုသိုလ်တရားတို့သည်၊ အနဝဇ္ဇ သုခဝိပါကလက္ခဏာ - အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ ရှိကုန်၏ ။
ကုသိုလ်ဆိုတာ ပြုတုန်းမှာလည်း အပြစ်မရှိပါဘူး၊ ပြုပြီးနောက်လည်း 'သုခဝိပါကလက္ခဏာ' ကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိတယ်။
ဆောင်ပုဒ်။ ။ ပြုပြီးနောက်ခါ၊ ကောင်းကျိုးသာ၊ မှန်စွာဖြစ်စေသည်။
ပြုပြီးသည့်နောက်မှာလည်း ကောင်းကျိုးတွေပဲ လိုက်ပေးတာပါပဲတဲ့။ နိဗ္ဗာန်ရောက်သည့် ဘဝတိုင်အောင် ကောင်းကျိုးတွေ လိုက်ပေးတာ ကုသိုလ်ဖြစ်တယ်။
ဆောင်ပုဒ်။ ။ အကုသိုလ်ဟာ၊ ပြုဆဲမှာ၊ မှန်စွာပြစ်ရှိသည်။
အကုသလာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ။
အကုသလာ - အကုသိုလ်တရားတို့သည်၊ သာဝဇ္ဇ ဒုက္ခဝိပါက လက္ခဏာ - အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိကုန်၏ ။
အကုသိုလ်တရားတွေဆိုတာ ပြုဆဲခဏမှာလည်း အပြစ်တွေ ရှိတယ်။ ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် သူတစ်ပါးပစ္စည်းတွေ သွားခိုးယူတယ် ဆိုလို့ရှိရင် ခိုးယူဆဲခဏမှာ အပြစ်ရှိနေပါတယ်။ ချက်ချင်း အရေးယူလို့ရတယ်။ အပြစ်ရှိနေပြီဖြစ်တယ်။ ပြုပြီးတဲ့ နောက်ကာလမှာလည်း မကောင်းကျိုးတွေပဲ လိုက်ပေးတော့တာပဲ ဖြစ်တယ်။
ဆောင်ပုဒ်။ ။ ပြုပြီးနောက်ခါ၊ ဆိုးကျိုးသာ၊ မှန်စွာဖြစ်စေသည်။
ပြုပြီးတဲ့နောက်အခါမှာလည်း ဆိုးကျိုးတွေကိုပဲ ဖြစ်စေတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဆိုတဲ့ အပါယ်လေးပါးဘုံကို ကျရောက်စေတယ်။ ဒုက္ခမျိုးစုံ ရောက်စေတယ်။ ဒီလို အပါယ်ဘုံဘဝက လွတ်လာပြီးတဲ့အခါမှာ ဒုက္ခအမျိုးမျိုးတွေလည်း တွေ့ရသေးတာပါပဲ။ အဲဒါ အကုသိုလ်ရဲ့ သဘောတွေ ဖြစ်ပါတယ်။
အဗျာကတ ဖြစ်ပုံ အဓိပ္ပါယ်
ဆောင်ပုဒ်။ ။ ကောင်းကျိုး ဆိုးကျိုး၊ နှစ်မျိုးမပါ၊ ဗျာကတာ၊ မှန်စွာဖြစ်ပေသည်။
ရဟန္တာသန္တာန်မှာ ဖြစ်တဲ့ ကြိယာဗျာကတ-ဆိုတာ နောက်နောင်ဘဝတွေအတွက် ကောင်းကျိုးလည်း မပေးတော့ပါဘူး။ ဆိုးကျိုးလည်း မပေးတော့ပါဘူး။ ရဟန္တာတွေသန္တာန်မှာ ဖြစ်တဲ့ ကြိယာစိတ်-ဆိုလို့ရှိရင် ပြုကာမျှမတ္တပဲ ဖြစ်ပါတယ်။
ယောဂီများ သန္တာန်မှာ ဖြစ်တဲ့ ဝိပါက်စိတ်တွေဆိုရင်လည်း နောက်ဘဝတွေအတွက် အကျိုးမပေးတော့ပေဘူး။ ဒီဘဝမှာ ကျေးဇူးပြုတာတောင်မှ သူနဲ့ သဘောတူတဲ့ ဝိပါက်စိတ်တွေကိုပဲ ကျေးဇူးပြုနိုင်တယ်။ သူနဲ့အတူတွဲပြီးဖြစ်တဲ့ စိတ္တဇရုပ်လောက်ပဲ ကျေးဇူးပြုနိုင်တယ်။ အခြားကောင်းကျိုး ဆိုးကျိုးတွေ မဖြစ်စေနိုင်တော့ပေဘူး။ အဲဒါကို ဝိပါက်အဗျာကတ-လို့ ခေါ်ရတယ်။
နောက် (၇)ချက်က ဒီ(၃)မျိုးဖြင့် ဟောမှာဖြစ်တယ်။ ကုသိုလ်က ၂-ချက်၊ အကုသိုလ်က ၂-ချက်၊ အဗျာကတက ၃-ချက်ဆိုတော့ (၇)ချက် ဟောပါမယ်။ ကုသိုလ်ကို မူတည်ပြီး ၂-ချက်၊ အကုသိုလ်ကို မူတည်ပြီး ၂-ချက်၊ အဗျာကတကို မူတည်ပြီး ၃-ချက်၊ (၇)ချက်ရှိသွားပါပြီ။
ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို ၂-ချက်ပါ။
အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို ၂-ချက်ပါ။
အဗျာကတက အဗျာကတကို၊ အဗျာကတက ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို ၃-ချက်ပါ။
ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ
ကုသိုလ်က ကုသိုလ်ကိုဆိုတော့ ဝီထိအစဉ်ကို ပြန်ကြည့်လိုက်တဲ့အခါ ဇော(၇)ကြိမ်ကို ပြန်ကြည့်လိုက်ရင် တွေ့ရမည် ဖြစ်တယ်။ ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတဲ့အခါ -
ပထမကုသိုလ်ဇောက ဒုတိယကုသိုလ်ဇောကို၊
ဒုတိယကုသိုလ်ဇောက တတိယကုသိုလ်ဇောကို၊
တတိယကုသိုလ်ဇောက စတုတ္ထကုသိုလ်ဇောကို၊
စတုတ္ထကုသိုလ်ဇောက ပဉ္စမကုသိုလ်ဇောကို၊
ပဉ္စမကုသိုလ်ဇောက ဆဋ္ဌမကုသိုလ်ဇောကို၊
ဆဋ္ဌမကုသိုလ်ဇောက သတ္တမကုသိုလ်ဇောကို အကြားမရှိပဲ ကျေးဇူးပြုပေတယ်။ ရှေ့ရှေ့ကုသိုလ်ဇောတွေက နောက်နောက်ကုသိုလ်ဇောတွေကို ကျေးဇူးပြုပါတယ်။ ကုသိုလ်က ကုသိုလ်ဆိုရင် ဇောမှာပဲ ရှိပေတယ်။
ကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံ
နောက်တစ်ခါ ကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံမှာ ကုသိုလ်အဆုံးဇောကို သတ္တမဇော-လို့ ခေါ်တယ်။ အဲဒီအဆုံးဇော ကုသိုလ်က တဒါရုံကို ကျေးဇူးပြုတော့ တဒါရုံက အဗျာကတပါ။ 'နောက်နှစ်ခုမှာ၊ အဗျာကတာ' ဆိုတဲ့အတိုင်း တဒါရုံဟာ အဗျာတကပဲ ဖြစ်ပေတယ်။ ကုသိုလ်အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုလိုက်တော့ ကုသိုလ်ကနေပြီး အဗျာကတကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ ကုသိုလ်(၂)ချက် သဘောကျသွားပါပြီ။ ပါဋ္ဌိတော်မှာ ဒီအတိုင်းပဲ ဟောမှာပါပဲ။
အကုသိုလ်(၂)ချက်ကို ပြောပြပါတော့မယ်။ ဇော(၇)ကြိမ်မှာ အကုသိုလ်ဇောဆိုရင် ပထမဇော၊ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌမဇော၊ သတ္တမဇော-တိုင်အောင် အကုသိုလ်တွေချည်းပဲ အစဉ်အတိုင်း ဖြစ်သွားရတယ်။ အကုသိုလ်ဇောတစ်ခု နှစ်ခု၏ ကြားထဲမှာ ကုသိုလ်ဇော ကြားဝင်ဖြစ်လို့ မရပေဘူး။ (၇)ကြိမ်လုံးပင် အကုသိုလ်ဇောတွေ ဖြစ်သွားတယ်။
အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုပုံ
အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတဲ့အခါ -
ပထမဇောက ဒုတိယဇောကို၊
ဒုတိယဇောက တတိယဇောကို၊
တတိယဇောက စတုတ္ထဇောကို၊
စတုတ္ထဇောက ပဉ္စမဇောကို၊
ပဉ္စမဇောက ဆဋ္ဌမဇောကို၊
ဆဋ္ဌမဇောက သတ္တမဇောကို အစဉ်အတိုင်း အကုသိုလ်၊ အကုသိုလ် အချင်းချင်း ကျေးဇူးပြုပေတယ်။ အကုသိုလ်ကနေ အကုသိုလ်ကို ကျေးဇူးပြုတာ ရပါတယ်။
အကုသိုလ်က အဗျာကတကို ကျေးဇူးပြုပုံ
အကုသိုလ်က အဗျာကတကို ကျေးဇူးပြုတဲ့အခါ အကုသိုလ်အဆုံးဇောက ပထမ တဒါရုံကို ကျေးဇူးပြုလိုက်တော့ "အကုသလော အဗျာကတဿ" ဖြစ်တယ်။ တဒါရုံက ..အဗျာကတပါ။ အဆုံးဇောက ..အကုသိုလ်ပါ။ အကုသိုလ်က အဗျာကတကို ကျေးဇူးပြုလိုက်တာ ထင်ရှားပါတယ်။ အဆုံးဇော သတ္တမဇောက ပထမ တဒါရုံကို ကျေးဇူးပြုသည်မှာ အကုသိုလ်က အဗျာကတကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။
ပါဋ္ဌိတော်မှာ အဲဒီအတိုင်းပဲ ဟောပါတော့မယ်။ ၄-ချက်ရသွားပါပြီ။ ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို၊ အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို။ ၄-ချက် ရှင်းလို့ ပြီးသွားပါပြီ။
အဗျာကတက အဗျာကတကို ကျေးဇူးပြုပုံ
နောက်တစ်ခါ အဗျာကတက အဗျာကတကို ဆိုတော့ ရှေ့(၈)ခုကလည်း အဗျာကတ ဖြစ်တယ်။ နောက်(၂)ခုကလည်း အဗျာကတ ဖြစ်တယ်။ ရဟန္တာပုဂ္ဂိုလ်သန္တာန်မှာ ဆိုလို့ရှိရင် အလယ်က ကြိယာဇောကလည်း အဗျာကတတွေချည်းပဲ ဖြစ်ကုန်တယ်။ ဇော(၇)ကြိမ်မှာ အဗျာကတလည်း ပါပါတယ်။ 'လယ်ခုနှစ်မှာ၊ ကု အ ဗျာ'-ဆိုတော့ အဗျာကတလည်း ပါပါတယ်။ ရဟန္တာပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဆိုလို့ရှိရင် ကြိယာဇောတွေဆိုတော့ အဗျာကတချည်းပဲ။
အဗျာကတက အဗျာကတကို ဆိုတော့ တစ်ဝီထိလုံးပဲ ဖြစ်တယ်။
အတီတဘဝင်က ဘဝင်္ဂစလနကို ကျေးဇူးပြုတယ်။
ဘဝင်္ဂစလနက ဘဝင်္ဂုပစ္ဆေဒကို ကျေးဇူးပြုတယ်။
ဘဝင်္ဂုပစ္ဆေဒက ပဉ္စဒွါရဝဇ္ဇန်းကို ကျေးဇူးပြုတယ်။
ပဉ္စဒွါရဝဇ္ဇန်းက စက္ခုဝိညာဏ်ကို ကျေးဇူးပြုတယ်။
စက္ခုဝိညာဏ်က သမ္ပဋိ စ္ဆိုင်းကို ကျေးဇူးပြုတယ်။
သမ္ပဋိ စ္ဆိုင်းက သန္တီရဏကို ကျေးဇူးပြုတယ်။
သန္တီရဏက ဝုဋ္ဌောကို ကျေးဇူးပြုတယ်။
ဝုဋ္ဌောက ပထမဇောကို ကျေးဇူးပြုတယ်။
ဝုဋ္ဌောကလည်း အဗျာကတ၊ ပထမဇောကလည်း ကြိယာဇောဆိုတော့ အဗျာကတပဲ။ ဇော(၇)ကြိမ် အဆင့်အဆင့် ကျေးဇူးပြုတယ်။ အဆုံးဇော= သတ္တမဇောက ပထမတဒါရုံကို ကျေးဇူးပြုတဲ့အခါလည်း သတ္တမဇောကလည်း အဗျာကတပဲ ဖြစ်တယ်။ ပထမတဒါရုံကလည်း အဗျာကတပဲ ဖြစ်တယ်။ ပထမတဒါရုံက ဒုတိယတဒါရုံကို ကျေးဇူးပြုတဲ့အခါမှာလည်း ပထမတဒါရုံကလည်း အဗျာကတ၊ ဒုတိယတဒါရုံကလည်း အဗျာကတပဲ ဖြစ်တယ်။ ထို့ကြောင့် 'အဗျာကတော အဗျာကတဿ'-ကတော့ တစ်ဝီထိလုံးပဲ ဖြစ်ပါတယ်။
အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုပုံ
အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုပုံကို ဟောပါမယ်။ ဝုဋ္ဌောဆိုတာ ကုသိုလ်လား ... အကုသိုလ်လား ... အဗျာကတလား ... အဗျာကတ ဖြစ်ပေတယ်။ ဝုဋ္ဌော ဖြစ်ပြီးတော့ ကုသိုလ်ဇောတွေ စောလိုက်တဲ့အခါ ဇော(၇)ကြိမ်လုံး ကုသိုလ်တွေ ဖြစ်တယ်။ ပထမဇောက ကုသိုလ်ဖြစ်တယ်။ ဝုဋ္ဌောကနေ ပထမဇောကို ကျေးဇူးပြုလိုက်တော့ အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဝုဋ္ဌောက အဗျာကတ၊ ပထမဇောက ကုသိုလ်-ဆိုတော့ အဗျာကတကနေ ကုသိုလ်ကို ကျေးဇူးပြုတာ ထင်ရှားသွားပါပြီ။
ဆက်ရန် ..... အနန္တရ (ဂ) သို့..
အပြည့်အစုံသို့...
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)
ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။
တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)
Followers
ကျွန်တော့် အကြောင်း
ဆက်သွယ်ချင်ရင်